"အယူအဆနဲ့ ခံယူချက်ကတော့ မပြင်နိုင်ကြသေးဘူး"

သတင်းစာဆရာ ရဲနိုင်မိုး (ဓာတ်ပုံ - Yangon Journalism School)
သတင်းစာဆရာ ရဲနိုင်မိုး (ဓာတ်ပုံ - Yangon Journalism School)

ရန်ကုန် - တပ်မတော် အပါအဝင် အစိုးရဌာနဆိုင်ရာအရာရှိကြီးများက သတင်းမီဒီယာအပေါ် အမြင်ပြောင်းလဲနိုင်ခြင်းမရှိသေးကြောင်း ထင်ရှားသည့် သတင်းစာဆရာတစ်ဦးဖြစ်သည့် ရဲနိုင်မိုးက ဝေဖန်လိုက်သည်။ 7DAY သတင်းစာတွင် "စစ်တက္ကသိုလ်ဆင်းညီနောင်များအား လက်ရှိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သူရဦးရွှေမန်းတိုက်တွန်း" ခေါင်းစဉ်ဖြင့် ရေးသားခဲ့သော သတင်းကြောင့် တပ်မတော်က 7DAY ကို အမှုဖွင့်သည်အထိ တုန့်ပြန်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ထိုသို့ ဝေဖန်လိုက်ခြင်း ဖြစ်သည်။

Yangon Journalism School အမည်ရှိ စာနယ်ဇင်းသင်တန်းကျောင်း တည်ထောင်သူ သတင်းစာဆရာ ရဲနိုင်မိုးသည် 7DAY သတင်းစာ၏ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်သည်။ အင်္ဂါနေ့က Myanmar Now သတင်းထောက် ထက်ခေါင်လင်းနှင့် တွေ့ဆုံစဉ် သတင်းစာဆရာ ရဲနိုင်မိုးက 7DAY သတင်းစာ အမှုဖွင့်ခံရခြင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ အခန်းကဏ္ဍ၊ သတင်းသမား၏ ရပ်တည်ချက် တို့အကြောင်း ပြောပြထားသည်။

မေး - တပ်မတော်က 7DAY သတင်းစာ အယ်ဒီတာချုပ်၊ သတင်းထောက်တို့ကို အမှုဖွင့်တာနဲ့ ပတ်သက်ပြီး ဘယ်လိုယူဆပါသလဲ။

ဖြေ - တပ်မတော်က 7DAY ကို တရားစွဲတဲ့ကိစ္စဟာ တကယ်တော့ 7DAY တစ်ခုထဲကို တရားစွဲတဲ့ အနက်အဓိပ္ပာယ်မဟုတ်ဘဲနဲ့ ဒီလိုပြောင်းလဲနေတဲ့အချိန်မှာတောင်မှ တပ်ကိုမထိနဲ့၊ မတို့နဲ့ဆိုတဲ့ အရင်အစိုးရအဆက်ဆက်က အယူအဆကိုပဲ ကိုင်တွယ်ထားနေတာကို ပြတယ်လို့ပဲ မြင်တယ်။ ဒီအပြောင်းအလဲမှာ တပ်ဟာ သူ့ရဲ့အခွင့်အရေးတွေနဲ့ သူ့ရဲ့ ရှိထားပြီးသား နေရာကို အဆုံးရှုံးခံမှာမဟုတ်ဘူး ဆိုတဲ့ အဓိပ္ပာယ်ကိုပြတာလို့ မြင်တယ်။

မေး - ဒီဖြစ်ရပ်မှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကတဆင့် ညှိနှိုင်းရမယ့်အစား တိုက်ရိုက် အမှုဖွင့်လိုက်တာ တွေ့ရတယ်။

ဖြေ - ကောင်စီကို ဖွဲ့စည်းထားတာ၊ သတင်းမီဒီယာဥပဒေတွေကို ပြဋ္ဌာန်းထားတာကို တပ်ဘက်က မူအားဖြင့် လက်ခံတယ်ဆိုတာကို ဟန်ပြလုပ်နေတဲ့သဘောဖြစ်နေတယ်။ ဥပမာ ကာကွယ်ရေးဦးစီးချုပ်က ကောင်စီကို ခေါ်တွေ့တာမျိုးပေါ့။ ဒါပေမဲ့ မကျေနပ်လို့ အရေးယူဆောင်ရွက်မယ်ဆိုတာကျတော့ ကောင်စီကို အသိ မပေးဘူး၊ မီဒီယာဥပဒေမှာ အကြံဉာဏ်ပေးထားတဲ့ အဆင့်တွေကိုလည်း မလိုက်နာဘဲနဲ့ ချက်ချင်း တရားစွဲဆိုတဲ့ကိစ္စ ဖြစ်တဲ့အတွက် ဦးသိန်းစိန်အစိုးရ လက်ထက်က ပြုပြင်ပြောင်းလဲမှုတချို့ကိုရော NLD ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲမှုကိုရော မူအားဖြင့်သာ လက်ခံရာပြပြီးတော့ အတွင်းသဘောမှာ လက်ခံဘူးဆိုတဲ့ ပုံစံမျိုး တွေ့ရတယ်။ မီဒီယာဥပဒေကိုလည်း ကျင့်သုံးဖို့ သူတို့ပျက်ကွက်တယ်။

မေး - စာနယ်ဇင်းကောင်စီ လို့ လူသိများတဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့ရော ဘယ်လို လုပ်သင့်တယ်လို့ ထင်လဲ။

ဖြေ - သတင်းမီဒီယာတွေက မှန်မှန်ကန်ကန် ရပ်တည်မယ်ဆိုရင်၊ သတင်းမီဒီယာတွေ အမြဲတမ်း မှန်တယ်လို့ပြောတာ မဟုတ်ဘူး၊ သတင်းမီဒီယာတွေက လွတ်လွတ်လပ်လပ် အမှီအခိုကင်းပြီးတော့ လုပ်နိုင်ခဲ့မယ်ဆိုရင်၊ စာနယ်ဇင်းကောင်စီအနေနဲ့ တကယ်ဖြစ်တဲ့ ပြဿနာတွေအပေါ်မှာ သက်ဆိုင်ရာ တပ်မတော်ဖြစ်ဖြစ်၊ ဝန်ကြီးဌာန ဖြစ်ဖြစ် သူတို့ကို အသိအမှတ်မပြုဘဲနဲ့ တရားစွဲဆိုမှုတွေ ရှိသည့်တိုင် လျင်လျင်မြန်မြန်၊ ထက်ထက်မြက်မြက်နဲ့ ဝန်ဆောင်မှု ပေးမယ် ဆိုရင် တဖြည်းဖြည်းနဲ့တော့ သတင်းမီဒီယာတွေက ယုံကြည်လာမှာပဲလို့ ထင်တယ်။

မေး - သတင်းလောကမှာ ကောင်စီကို အလေးမထားကြတာမျိုး ဖြစ်လာနိုင်သလား။

ဖြေ - တကယ်လို့ သတင်းမီဒီယာအသိုင်းအဝိုင်းက ကောင်စီအပေါ်မှာ ယုံကြည်မှု၊ အားကိုးမှုသာ မရှိဘူးဆိုရင်တော့ ဒီ ကောင်စီဟာ ရှိသည့်တိုင် မရှိသလိုဖြစ်နေမှာပဲ။ စက္ကူပေါ်မှာ ရေးထားတဲ့ ကျားလိုပဲ ဖြစ်နေမယ်။ ဥပဒေမှာကိုက သူတို့ရဲ့ လုပ်ပိုင်ခွင့်နဲ့ အခန်းကဏ္ဍကို ပေးထား၊ ပြဋ္ဌာန်းထားတယ်။ ဒါကိုမှ အစိုးရတို့၊ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတို့က သူတို့ကို အလေးမထားဘူးဆိုရင် ကောင်စီအနေနဲ့ တစ်ခုတည်းသောနည်းလမ်းက သတင်းမီဒီယာတွေနဲ့ လက်တွဲပြီးတော့ မှန်ကန်တဲ့ဘက်က ရပ်တည်ဖို့ပဲ သူတို့ကိုယ်တိုင် တိုက်ပွဲဝင်ရမယ်။ ဒါမှ သူတို့အခန်းကဏ္ဍကို ကာကွယ်နိုင်မယ်၊ တည်ဆောက်နိုင်မယ်။

မေး - မီဒီယာသမားတွေကို တရားစွဲတဲ့ဖြစ်စဉ်တိုင်းလိုလိုက ရာဇဝတ်နဲ့ဆိုင်တဲ့ ဥပဒေတွေနဲ့ပဲ တရားစွဲနေကြတယ်။ မီဒီယာဥပဒေနဲ့ တရားစွဲတာကို မတွေ့ရသေးဘူး။

ဖြေ - မီဒီယာဥပဒေက အသက်ဝင်နေပေမယ့် ကျင့်သုံးတာ မရှိသေးဘူး။ ဒါဆိုရင် ဒီဥပဒေရှိနေတာ အလကားပဲလေ။ ဥပဒေထဲမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက သတင်းမီဒီယာကို စကားပြောဖို့၊ သတင်းအချက်အလက်တွေကို ဘယ်လိုပေးပါတို့က ပြဋ္ဌာန်းပြီးသား။ ဒါကို မကျင့်သုံးရင်တော့ ဒီဥပဒေတွေ၊ လုပ်သင့်တဲ့ကိစ္စက လက်ရှိ တက်လာတဲ့ အစိုးရအဖွဲ့အနေနဲ့ တပ်မတော်ကို ထိန်းချုပ်မှု၊ ဖိအားပေးမှု မလုပ်နိုင်ရင်တောင်မှ အခြားဝန်ကြီးဌာနတွေက သတင်းမီဒီယာက အချက်အလက်တောင်းရင် မပေးတာ၊ ဖုန်းမကိုင်တာ၊ စာမပြန်တာတွေ အများကြီးကို ဖိအားပေးသင့်တယ်။ လွှတ်တော်ကလည်း သူတို့ အတည်ပြုထားတဲ့ ဥပဒေနဲ့ ပတ်သက်ရင် ဖိအားပေးဖို့ လိုမယ်ထင်တယ်။ သတင်းမီဒီယာတွေကလည်း အရင်လို သတင်းရင်းမြစ်တွေကို ဖုန်းဆက်သွယ်ရုံထက်မကပဲ မီဒီယာဥပဒေနဲ့ နည်းဥပဒေက ညွှန်ကြားထားတဲ့အတိုင်း စာတင်၊ အကြိမ်ကြိမ်တောင်းခံ၊ မရဘူးဆိုရင် သတင်းထဲမှာ ပြည်သူသိအောင် ဖော်ပြပေးရင်းနဲ့ ဖိအားပေးရမယ်။ ကျွန်တော်တို့ မီဒီယာသမားတွေကိုယ်တိုင်က မီဒီယာဥပဒေရဲ့ အကျိုးကို ခံစားချင်တယ်ဆိုရင် အဲ့ဒီမှာ ဖော်ပြထားတဲ့အတိုင်း ဆောင်ရွက်ဖို့တော့ လိုမယ်။ ဒီလိုလုပ်လို့မှ မရဘူးဆိုရင် ဥပဒေကို မလိုက်နာတာဘဲဆိုပြီး စာနယ်ဇင်းကောင်စီကိုလည်း တစ်ခုခုတော့ ပြောသင့်တယ်။ နောက်ပြီး ပြန်ကြားရေးဝန်ကြီးဖြစ်တဲ့ ဦးဖေမြင့်ကနေတဆင့်လည်း ပြောသင့်တယ်။ ဒီလိုဖိအားပေးလို့ လိုချင်တာတွေ ရချင်မှရမယ်၊ ဒါပေမဲ့ ဖိအားကတော့ ပေးရမှာပဲ။

မေး - တပ်မတော်ဆိုတာလည်း အစိုးရအဖွဲ့ထဲမှာပါတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ မီဒီယာနဲ့ ဆက်ဆံရေးမှာ ဘယ်လိုကိုင်တွယ်သင့်တယ်လို့ ယူဆလဲ။

ဖြေ - ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် တခြားဝန်ကြီးဌာနအားလုံးရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို မီဒီယာဆက်ဆံရေးသင်တန်းပေးတာမျိုး ရှိတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကနေ တာဝန်အရ ကိုယ်စားလှယ် တစ်ဦး၊ နှစ်ဦး လာတက်တယ်။ ဒါပေမဲ့ သူ့ရဲ့သတင်းထုတ်ပြန်တဲ့ပုံစံ၊ မီဒီယာနဲ့ဆက်ဆံတဲ့ပုံစံသည် အရပ်သားအစိုးရအဖွဲ့က ဖြစ်စေချင်တဲ့ပုံစံကို မသွားဘူး။ ဘာကိုပြလဲဆိုတော့ လူ့အဖွဲ့အစည်းထဲမှာ တပ်မတော်ဟာ နိုင်ငံထဲမှာကို သူက သီးခြားနိုင်ငံတစ်နိုင်ငံဖြစ်နေတယ်။ ပြီးတော့ အစိုးရအဖွဲ့ထဲမှာပဲ သူက သီးခြားအစိုးရအဖွဲ့တစ်ခုဖြစ်နေတာကို မြင်နေရတယ်။

မေး - ဒါဆို အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးကဏ္ဍအားလျော့သွားနိုင်သလား။

ဖြေ - တပ်နဲ့ပတ်သက်တဲ့ အကြောင်းအရာ၊ ကိစ္စတွေမှာတော့ လက်ရှိအစိုးရမှာ ကြီးမားတဲ့စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရင်ဆိုင်ရမှာပဲ။ အစိုးရသစ်တက်လာပြီး လပိုင်းတွေကိုပြန်ကြည့်ရင် တပ်မတော်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ပါးပါးနပ်နပ် ရှောင်တိမ်းဆက်ဆံနေတယ်ဆိုတာကို သွားတွေ့ရတယ်။ ရှေ့မှာ ရင်ဆိုင်လာရနိုင်တဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်မျိုး တွေ၊ အခု 7DAY မှာဖြစ်တဲ့ ကိစ္စရပ်ကိုကြည့်မယ်ဆိုရင်လည်း (အင်တာနက်) လူမှုကွန်ရက်တွေမှာရော၊ အပြင်မှာရော ပြောကြတာက အရပ်သားအစိုးရအဖွဲ့က ဘာလုပ်ပေးမလဲပေါ့။ အခု စေ့စပ်ပြေငြိမ်းသွားတယ်၊ စာနယ်ဇင်းကောင်စီက အထိုင်အလျောက် ဝင်ပါခဲ့လို့ ပြီးသွားတယ်ဆိုပေမယ့် တကယ်တမ်းသာ မပြီးဘဲ ဆက်သွားမယ်ဆိုရင် အရပ်သား အစိုးရအဖွဲ့က ဘာလုပ်နိုင်မလဲ၊ တရားစီရင်ရေးဘက်က ဘာလုပ်နိုင်မလဲဆိုတာ တော်တော် သံသယဖြစ်စရာရှိတယ်။

မေး - တပ်မတော်လို အင်မတန် အားကောင်းတဲ့ အဖွဲ့အစည်းက ဖိအားပေးတာဟာ တက်ကြွနေတဲ့ လူငယ်သတင်းထောက်တွေ လုပ်ကိုင်ချင်တဲ့စိတ်ကို ရိုက်ချိုးသလိုရော မဖြစ်သွားဘူးလား။

ဖြေ - ဒီလိုတရားစွဲဆိုတာက တပ်မတော်အရာရှိကြီးတွေအနေနဲ့ သတင်းမီဒီယာဆိုတာကို ပြဿနာရှာသူတွေအဖြစ် မပြောင်းလဲနိုင်တဲ့ သူတို့ရဲ့အမြင်ကိုထင်ဟပ်ပြတာပဲ။ ဒါဟာ အယူအဆပြဿနာပဲ။ လွန်ခဲ့တဲ့ ၁ဝ နှစ်ဝန်းကျင်ကလည်း ကင်မရာကောက်ကိုင်တာနဲ့ လုံခြုံရေးတွေက ကောက်ဖမ်းဖို့ အဆင်သင့်ဖြစ်နေတယ်။ အဲ့ဒီပုံစံဟာ အသွင်သဏ္ဌာန်တော့ ပြောင်းလာပေမယ့် အတွင်းက အယူအဆနဲ့ ခံယူချက်ကတော့ မပြင်နိုင်ကြသေးဘူး။ ဒီခံယူချက်တွေ ဆက်ရှိနေဦးမယ်ဆိုရင်တော့ သတင်းမီဒီယာနဲ့ တိုးတိုက်နေဦးမှာပဲ။ တကယ်တော့ သတင်းမီဒီယာက သတင်းကို ဖော်ပြတယ်ဆိုတာ အဲ့ဒီပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းကိုပဲဖြစ်ဖြစ် တိုက်ခိုက်ဖို့ရည်ရွယ်ချက် မဟုတ်ဘူး။ ပြည်သူလူထုက သိပိုင်ခွင့်ရှိတဲ့အတွက် လူထုကို အသိပေးတာ။ အစိုးရအဖွဲ့အစည်း၊ တပ်မတော်တို့နဲ့ ပြည်သူကြားက ရှိရမယ့် ဆက်သွယ်ရေးကို သတင်းမီဒီယာက ဝန်ဆောင်မှုပေးတာ။

မေး - ဝန်ကြီးဌာနတွေရဲ့ ပြန်ကြားရေးလုပ်ငန်းတွေ တိုးတက်ဖြစ်ထွန်းမှု ဘယ်လောက် ရှိသလဲ။

ဖြေ - ဦးသိန်းစိန်အစိုးရလက်ထက်ရော အခုအစိုးရလက်ထက်မှာပါ ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူတွေကို သတင်းမီဒီယာနဲ့ ဆက်ဆံရေး သင်တန်းကို ကျွန်တော် လုပ်ခဲ့ဖူးပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက လုပ်ခဲ့တဲ့ သင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေဟာ မအောင်မြင်ဘူးလို့ မှတ်ချက်ချချင်တယ်။ ဘာ့ကြောင့်လဲဆိုရင် သတင်းမီဒီယာပေါ်မှာမြင်တဲ့ အယူအဆကို မပြောင်းလဲနိုင်ကြလို့ပဲ။ တကယ်တော့ သတင်းစာဆရာတစ်ယောက်အနေနဲ့ ကျွန်တော် အဲ့ဒီအလုပ်တွေကို မလုပ်ချင်ဘူး။ သူတို့တွေ သတင်းမီဒီယာကို အင်တာဗျူးတွေ၊ အချက်အလက်တွေ ပေးမှ ဒီအကျိုးကျေးဇူးကို ပြည်သူက ခံစားရမှာ။ ဒါ့ကြောင့် ဒီအရွေ့ကို ဝိုင်းတွန်းတဲ့နေရာမှာ ကျွန်တော်ပါခဲ့တာ။ ဒါပေမဲ့ မအောင်မြင်သေးဘူး။ အစိုးရပြန်ကြားရေးဌာနမှာ ပါခဲ့တာကလည်း အစိုးရပိုင်သတင်းဌာနတွေကို ပုဂ္ဂလိကပေးပြီး လွတ်လွတ်လပ်လပ် လုပ်လာမယ်လို့ ကျွန်တော်မျှော်လင့်ပြီး ပါခဲ့တာ။ အဲဒါတွေ အခုထိ မလုပ်သေးတော့ ကျွန်တော် နောက်ပြန်ဆုတ်လိုက်တယ်။ အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာနတွေရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို သင်တန်းတွေ ပေးခဲ့တာကလည်း အခုချိန်ထိတော့ အကျိုးသက်ရောက်မှု မမြင်သေးဘူး။ ဒီကိစ္စတွေက နည်းစနစ်ကိစ္စတွေထက် အယူအဆနဲ့ အမြင်ကို ပြောင်းလဲနိုင်ဖို့လိုတယ်။

မေး - ဒီမိုကရေစီဖော်ဆောင်တဲ့ကာလမှာ အစိုးရနှစ်ဆက်ဖြစ်လာပြီ။ မီဒီယာ ဘယ်လောက် ဖွံ့ဖြိုးတိုးတက်လာပြီလဲ။

ဖြေ - ဒုတိယအစိုးရလက်ထက်ရောက်လာတယ်ဆိုပေမယ့် နှစ်အနေနဲ့ပြန်ကြည့်ရင် သိပ်မများသေးဘူး။ ၂ဝ၁၂ ခုနှစ် နှစ်လယ်လောက်ကမှ စတာလေ။ ပုဂ္ဂလိက သတင်းစာတွေဆိုလည်း အခုမှ ၅ နှစ်လောက်ပဲ ရှိသေးတယ်။ အင်မတန်နည်းပါးတဲ့လစာနဲ့ အခွင့်အရေးအပေါ်မှာ သတင်းထောက် လူငယ်တွေကလည်း အင်မတန်အန္တရာယ်ကြီး၊ တာဝန်ကြီးတဲ့ အလုပ်တွေကို လုပ်နေကြတာ။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကျွမ်းကျင်မှုတွေ အထိုက်အလျောက် ရှိလာတဲ့တိုင်အောင် အချိန်မရွေး (7DAY သတင်းစာကို အမှုဖွင့်ရာမှာ သုံးတဲ့) ပုဒ်မ ၁၃၁ လို အင်မတန် ခြောက်ခြားစရာကောင်းတဲ့ ပုဒ်မကြီးတွေနဲ့ ကြောက်ရွံ့မှုတွေကလည်း ပျံ့နှံ့နေနိုင်တယ်။ ဒီအချက်တွေ ရှိနေဦးမယ်ဆိုရင် ရှေ့မှာ နောက်တဆင့်သွားနေတဲ့ လူ့အဖွဲ့အစည်းအတွက် သတင်းစုံစမ်းထောက်လှမ်းမှုတွေမှာ အဟန့်အတား ဖြစ်နေဦးမှာပဲ။ ကျွမ်းကျင်မှုတွေ ဒီထက် ပိုကောင်းလာဖို့လိုတယ်၊ သတင်းအတတ်ပညာနဲ့ ပတ်သက်တဲ့ ကျောင်းတွေ၊ သင်တန်းတွေ ဒီထက် ပိုလိုအပ်တယ်၊ နိုင်ငံတကာထွက်သင်တဲ့ အခွင့်အရေးတွေလည်း လိုအပ်ပါတယ်။

မေး - သတင်းမီဒီယာတွေနဲ့ ဆက်ဆံတဲ့ အစိုးရအရာရှိတွေက ဘာတွေ စိုးရိမ်နေတယ်လို့ မြင်သလဲ။

ဖြေ - (မီဒီယာသမားတွေလက်ထဲ) သူတို့ပေးလိုက်တဲ့ သတင်းအချက်အလက်တွေကြောင့် အထက်က ကျေနပ်ပါ့မလား၊ အရေးယူမလားဆိုတဲ့ အကြောက်တရားက တော်တော် သက်ရောက်မှုရှိတယ်။ ပြောရေးဆိုခွင့်ရှိသူတွေဟာ ကျွန်တော်နဲ့ စကားပြောဖြစ်တဲ့အခါတိုင်းမှာ ဒီအရေးကို တော်တော်ညည်းညူကြပါတယ်။ ကျွန်တော်တို့ သတင်းမီဒီယာတွေဘက်က တချို့သောသူတွေရဲ့ ကျင့်ဝတ်ဖောက်ဖျက်မှုတွေကလည်း သူတို့က သတင်းမီဒီယာတွေအပေါ် စိမ်းကားချင်အောင် တွန်းပို့ရာရောက်ပါတယ်။ သတင်းမီဒီယာသမားတွေကလည်း တကယ့်ကို ကျွမ်းကျင်တဲ့သူအဖြစ် လုပ်ကိုင်ဖို့တော့ လိုပါတယ်။ ဒါကို သတင်းဌာနတစ်ခုချင်းစီက ထိန်းသိမ်းသင့်တာပေါ့။ သတင်းသမားတွေကို အကြံပေးချင်တာကတော့ ကျွမ်းကျင်တဲ့သူအဖြစ် လုပ်ဖို့ပါပဲ။ ဒီလိုဖြစ်ဖို့ကလည်း သတင်းစာပညာရဲ့ အခြေခံတွေကို လိုက်နာတာပါပဲ၊ သိပ်ထူးခြားဆန်းကျယ်တဲ့ကိစ္စမဟုတ်ပါဘူး။ သတင်းတွေကို ဟန်ချက်ညီအောင်လုပ်ဖို့ လိုမယ်၊ မျှတဖို့ လိုမယ်၊ တိကျမှန်ကန်ဖို့ လိုမယ်၊ လူတစ်ဦးချင်းစီရဲ့ သူတို့အပေါ် စွတ်စွဲမှု၊ အပြင်တင်မှု အပေါ်မှာ ပြန်လည်ဖြေရှင်းခွင့်ကိုလည်း လေးစားဖို့ လိုပါတယ်။ ။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading