အနည်းဆုံး ဒေသခံ ၆၀၀၀ နီးပါးသည် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ၎င်းတို့အား အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ပေးနေရကြောင်း၊ ဒုက္ခသည် အရေအတွက် တိုးလာနေဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ထုတ်ပြန်ထားသည်။
ရန်ကုန် - တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့အကြား ရခိုင်မြောက်ပိုင်းတွင် အရှိန်မြင့်လာနေသည့် တိုက်ပွဲများကြောင့် မြောက်ဦးမြို့နယ် တစ်ခုတည်းတွင် စစ်ဘေးရှောင် ၃၀၀၀ ခန့်အထိ ရှိလာပြီဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများကဆိုသည်။
မြောက်ဦးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင်လှစ်ထားသည့် စစ်ဘေးရှောင်စခန်း ၆ ခုတွင် လူဦးရေ ၁၂၀၀ ကျော်ခန့်ရောက်ရှိနေပြီး ယနေ့အထိ ထပ်မံရောက်ရှိလာသူများလည်း ရှိနေသည်ဟု စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးကော်မတီ မှ အဖွဲ့ဝင် ကိုထွန်းနေဝင်းက ပြောသည်။
စစ်ဘေးရှောင်များသည် မြောက်ဦးမြို့နှင့် လေးမြို့ချောင်းဒေသကြားရှိ စင်းဘောကိုင်းရွာစစ်ရှောင်စခန်းများ သို့လည်း ထွက်ပြေးခဲ့ကြပြီး ယင်းစခန်းတွင်လည်း စစ်ရှောင် ၁၂၀၀ ကျော်ရောက်ရှိနေကြောင်း ဒေသခံများကဆိုသည်။
မြောက်ဦးမြို့နယ်အတွင်းရှိ တိမ်ညို၊ အောက်သကန်၊ စေတီတောင်ကျေးရွာများမှ ဒေသခံများသည် ဖေဖေါ်ဝါရီ ၁၉ ရက်က ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။
တိုက်ပွဲအရှိန် ဆက်လက်မြင့်တက်ခဲ့သည့် မတ်လ ၄ ရက်နေ့ တွင် ခမောင်းဆိပ်၊ ဂုဏ်ကျွန်း၊ ဗြုတ်ချောင်း နှင့် လေညှင်းတောင် စသည့် ကျေးရွာများ အပါအဝင် မြောက်ဦးမြို့နယ် မြောက်ဘက် လေးမြို့မြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာ ၁၀ ရွာမှ ရွာသားများ ထွက်ပြေးခဲ့ရကြောင်း ဒေသခံများကပြောသည်။
၎င်းတို့သည် မြောက်ဦးမြို့ပေါ်နှင့် အနီးအနားကျေးရွာများသို့ တိမ်းရှောင်နေခြင်းဖြစ်ပြီး စောင်၊ အဝတ်အထည်များနှင့် အစားအသောက်များ အရေးပေါ် လိုအပ်နေသည်ဟု စစ်ဘေးရှောင် တစ်ဦးဖြစ်သူ ဦးအေးမောင် ကပြောသည်။
“ ဗြန်းစားကြီးဆိုတော့ဗျာ ပါတဲ့ပစ္စည်းလည်းပါတယ်၊ မပါတာလည်းမပါဘူးပေါ့။ ခြုံစောင်တွေနဲ့ အစားအသောက်တွေကတော့ အများကြီးလိုနေတယ် ” ဟု မြောက်ဦးမြို့နယ် ရွှေတောင်ဘုန်းတော်ကြီးကျောင်း တွင်ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်း၏ တာဝန်ခံလည်းဖြစ်သူ ဦးအေးမောင်က ပြောသည်။
၂၀၁၈ ခုနှစ်မှ ယနေ့အထိ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့အကြား ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ယနေ့အချိန်အထိ ပြင်းထန်သည့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
မတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ မြောက်ဦးမြို့နယ် လေးမြို့မြစ်ကမ်းအနီးရှိ ဘုရားကြီးရွာနှင့် ကျောက်ပေါက်ရွာများတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း AA က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ရခိုင်စစ်ရှောင်များအတွက် ရပ်ဝေးရောက်ရခိုင်တိုင်းရင်းသားများလှူဒါန်းထားသည့်ရန်ပုံငွေများထဲမှ တချို့ကို အသုံးပြုပြီး စင်းဘောကိုင်းရွာစစ်ရှောင်စခန်းသို့ ဆန်အိတ်များနှင့် မိုးရေကာဖျင်များ သွားရောက်ကူညီခဲ့သော်လည်း မျက်မြင်တွေ့ရှိချက်အရ အကူအညီများလိုအပ်နေဆဲဖြစ်သည်ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်က ပြောသည်။
မြောက်ဦးမြို့ပေါ်ရှိစစ်ရှောင်စခန်းများသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်နှင့် အခြားအကူအညီတချို့ကို သွားရောက်ကူညီခဲ့သော်လည်း စင်းဘောကိုင်းရွာသို့ အစိုးရအကူအညီမျာမရောက်ရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ အကူအညီတွေထပ်ပေးဖို့လိုအပ်နေတုန်းပဲ။ သက်ဆိုင်ရာ ဌာဆိုင်ရာတွေကလည်း အကူအညီတွေအမြန်ဆုံးပေးသင့်တယ် ” ဟု ၎င်းကဆိုသည်။
အနည်းဆုံး ဒေသခံ ၆၀၀၀ နီးပါးသည် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ၎င်းတို့အား အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ပေးနေရကြောင်း၊ ဒုက္ခသည် အရေအတွက် တိုးလာနေဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ဖေဖော်ဝါရီ ၇ တွင်ထုတ်ပြန်ခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











