ရန်ကုန် - နိုဝင်ဘာ ၂ ရက်နေ့က ရှမ်းပြည်နယ်အတွင်း တပ်မတော်နှင့် တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ထိုနေ့တွင် သတင်းထုတ်ပြန်သည်။
ကျောက်မဲမြို့နယ်၊ လွယ်ခမ်းကျေးရွာရှိ TNLA နေရာယူထားသည့် အထက်တောင်ကုန်းကို တပ်မတော်က တိုက်ခိုက်ခဲ့ကြောင်း၊ TNLA ကလည်း မိုးမိတ်မြို့နယ်၊ ခွန်ခါကျေးရွာရှိ တပ်မတော်၏ အခြေစိုက်တပ်စခန်းကို သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိခိုက်ကျဆုံးမှုအခြေအနေကို ဖော်ပြထားခြင်း မရှိပေ။

နိုဝင်ဘာ ၁ ရက်နေ့ထုတ် မြဝတီသတင်းစာတွင်လည်း TNLA နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဖော်ပြထားသည့် သတင်းတစ်ပုဒ် တွေ့ရသည်။ အောက်တိုဘာ ၂၉၊ ၃ဝ နေ့များက နမ့်ဆန်မြို့နယ်အတွင်း ကုန်းသာ၊ အူးမန်း၊ ပန်အလောက်ကျေးရွာများအနီး ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်သည်တချို့သေဆုံး၊ ဒဏ်ရာရခဲ့သည်ဟု တပ်မတော်၏ မြဝတီသတင်းစာတွင် ဖော်ပြထားသည်။
အောက်တိုဘာ ၁၄ မှ ၁၇ ရက်အတွင်း ကျောက်မဲရှိ ပါလိုင်၊ ညောင်မောင်း စသည့် ကျေးရွာများအနီး တိုက်ပွဲ အဆက်မပြတ် ဖြစ်ပွားပြီးနောက် တပ်မတော်က ရွာအတွင်း လူနေအိမ်များကို လိုက်လံစစ်ဆေးခဲ့ကြောင်း ပါလိုင်ရွာမှ အသက် ၃ဝ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။


“တပ်မတော်စစ်ကြောင်းက ရွာထဲဝင်တာတွေ ရှိတယ်။ ဘာမှတော့ မလုပ်ပါဘူး။ TNLA နဲ့ ပက်သက်တာတွေကို မသင်္ကာတဲ့ အိမ်တွေကို စစ်တယ်။ စစ်ပစ္စည်းတချို့တွေ့တော့ အိမ်ရှင်တွေကို ခေါ်ပြီး မေးမြန်းတာတွေ ရှိတယ်။ ဒါပေမယ့် ဘာမှမလုပ်ပါဘူး။ အကောင်းအတိုင်း ပြန်လွှတ်ပေးပါတယ်” ဟု ၎င်းက ပြောသည်။
ပါလိုင်ရွာမှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးကလည်း တိုက်ပွဲလမ်းကြောင်းပေါ် ကျရောက်နေသော ထိုဒေသတွင် နေထိုင်သူများသည် မည်သည့် လက်နက်ကိုင်အဖွဲ့ကိုမဆို ကြောက်လန့်နေကြရသည်ဟု ပြောသည်။


“TNLA လည်း ဖြစ်နိုင်ရင် ရွာထဲမှာ အမြဲမနေစေချင်ဘူး။ တိုက်ပွဲဖြစ်လိုက်ရင် အစိုးရစစ်ကြောင်းက မသင်္ကာတဲ့ ပုံစံမျိုးနဲ့ လာစစ်တော့ ကျွန်မတို့မှာ အမြဲ ထိတ်လန့်နေကြရတယ်။
တကယ်တမ်းကျတော့ ကျွန်မတို့ပြည်သူတွေက ဘယ်နက်ကိုင်လာလာ လက်ခံရမှာပဲလေ။ ဘယ်လက်နက်ကိုင်မဆို ကြောက်နေရတယ်” ဟု ၎င်းက ရှင်းပြသည်။
နိုဝင်ဘာလ ၄ရက်နေ့က ဒေသခံတို့ကို ထပ်မံ ဆက်သွယ် မေးမြန်းကြည့်ရာ နှစ်ဘက်တပ်များ ထိုရွာများအနီးမှ ပြန်လည် ထွက်ခွာသွားပြီဟု ဆိုကြသည်။
----------------------------------
(မိုင်းအိုက်ယွန်းသည် လားရှိုးအခြေစိုက် မားနဂါး သတင်းဂျာနယ်၏ သတင်းထောက်တစ်ဦးဖြစ်သည်။ ရန်ကုန်မြို့ Myanmar Now ရုံးတွင် အလုပ်သင် သတင်းထောက်အဖြစ် ခေတ္တ လုပ်ကိုင်လျက်ရှိသည်)
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











