ရန်ကုန်၏ အများပြည်သူသုံး ဘတ်စ်ကားလမ်းကြောင်း အပြောင်းအလဲ ပြုလုပ်သည့် ကာလတွင် လူသုံးများသည့် မြို့ပတ်ရထားလမ်းကြောင်းတွင်လည်း လှုပ်ရှားမှုတစ်ခု ရှိနေသည်။
မြန်မာ့မီးရထားလုပ်ငန်းက ၇ ရက် ကြာမည့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း၊ ရထားအန္တရာယ်ကင်းရှင်းရေး အသိပညာပေးရေး အစီအစဉ်ကို ဇန်နဝါရီလ ၂၃ရက်နေ့တွင် အစပြုလိုက်ရာ ပြည်သူ့ကိုယ်စားလှယ်များက ကြိုဆိုလိုက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးရန်အောင်က ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးသည် အများပြည်သူ ပို့ဆောင်ဆက်သွယ်ရေး အဆင့်မြှင့်မှု၏ ဒုတိယခြေလှမ်းဟု ယူဆကြောင်း ပြောသည်။
မြို့ပတ်ရထားလမ်းကြောင်း အဆင့်မြှင့်တင်ရေး လှုပ်ရှားမှု ပထမနေ့တွင် မြို့ပတ်ရထား လိုက်ပါစီးနင်းကာ ခရီးသည်များ၏ အခက်အခဲကို မေးမြန်းခဲ့သည်ဟု ဦးရန်အောင်က ပြောသည်။


“ရထားစီးတဲ့ ခရီးသည်ပိုများလာတဲ့ အခါမှာ ခရီးသွားတွေ အဆင်ပြေအောင်လို့ အစိုးရကို တိုက်တွန်းရမှာပေါ့။ ရထားဘူတာဝန်းကျင်မှာ စီးချင်စရာ ကောင်းအောင်လို့ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ရှိအောင်လို့ လုပ်ပေးတာမျိုးပေါ့၊ ကားတွေ ဘူတာရုံမှာ ရပ်ခဲ့ပြီး ရထားစီးပြီး အလုပ်သွားနိုင်အောင် ကားရပ်နားစခန်းတွေ လုပ်ပေးတာမျိုးပေါ့။ ခုကတော့ စပြီး ခြေလှမ်းနေပြီပေါ့” ဟု သူက ပြောသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အချက်ပြစနစ်တပ်ဆင်ခြင်း၊ ရထားတွဲအသစ်များ ဝယ်ယူခြင်းတို့အတွက် ဂျပန်ချေးငွေဖြင့် လုပ်ဆောင်လျက်ရှိပြီး မကြာမီအချိန်အတွင်း မြို့ပတ်ရထားလမ်းစနစ် ကောင်းမွန်လာမည်ဟု ယူဆရကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။


“အရင်တုန်းက ကီလို၂၀ နဲ့ သွားတယ်။ နောက်မှာ ကီလို ၆၀ နဲ့ သွားနိုင်ဖို့ ပြင်ဆင်နေတာလည်း တွေ့ရပါတယ်။ ရထားတွဲအသစ်တွေ ဝယ်ယူဖို့ ရထားစြင်္ကလမ်းတွေ မြှင့်တင်ဖို့ ကိစ္စရပ်တွေကို လုပ်ဆောင်နေတာလည်း တွေ့ရပါတယ်” ဟု သူက ပြောသည်။
သို့သော်လည်း မြန်မာ့မီးရထား ဝန်ထမ်းများတွင် ခေတ်စနစ်နှင့်အညီ ပြောင်းလဲလိုသူများရှိနေသကဲ့သို့ ယခင်စနစ်ဟောင်းအတိုင်း ကျင့်သုံးနေ သူများလည်း ရှိနေသဖြင့် ဆုပေး၊ ဒဏ်ပေးစနစ်ကို ကျင့်သုံးသွားရန် လိုအပ်သည်ဟု သူက ဆိုသည်။
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း၊ ရထားအန္တရာယ်ကင်းရှင်းရေး အသိပညာပေးရေး အစီအစဉ်ကို ဂျပန်မှ အကူအညီပေးရေးအဖွဲ့ဖြစ်သည့် JICA (Japan International Cooperation Agency) နှင့်အတူ ဆောင်ရွက်ခြင်း ဖြစ်သည်။
JICA နှင့် ပူးပေါင်း လုပ်ဆောင်နေသည့် REM-UAE Laboratory and Consultant Company Limited ၏ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည့် ဦးဝင်းနိုင်ထွန်းက ပညာပေး အစီအစဉ်တွင် ပိုစတာများ ချိတ်ဆွဲခြင်း၊ ရထားဘေးအန္တရာယ် ကင်းရှင်းရေး အသိပညာပေး စာစောင်များ ဖြန့်ဝေခြင်း၊ ရထားစီး ခရီးသည်များကို လူတွေ့မေးမြန်းခြင်းများ ပါဝင်မည်ဖြစ်သည်ဟု Myanmar Now ကို ပြောသည်။
လှုပ်ရှားမှ ရရှိလာသည့် အချက်အလက်များကို JICA နှင့် မြန်မာ့ မီးရထားနဲ့ ပူးပေါင်းပြီး ထုတ်ပြန်သွားမည်ဟု သူက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘတ်စ်ကားလမ်းကြောင်းများ အကြီးအကျယ် ပြောင်းလဲလိုက်သည့်အတွက် လမ်းကြောင်း အချက်အလက် မသိခြင်း၊ အကုန်အကျများခြင်း၊ အချိန်ကုန်ခြင်းတို့နှင့် ရင်ဆိုင်ခဲ့ရသည့် ခရီးသည် အများအပြားသည် မြို့ပတ်ရထားကို ပိုမို အသုံးပြုလာကြသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။













