သတင်း

လွှတ်တော်နာယက ဖြုတ်ချရန် ပြည်ခိုင်ဖြိုးထံမှ အသံထွက်လာ

၎င်းတို့ တင်သွင်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးခွင့်မရပါက လွှတ်တော်တွင် တာဝန်အရှိဆုံး ပုဂ္ဂိုလ်များအား ဖြုတ်ချရန် တောင်းဆိုသည့် အဆင့်အထိ လုပ်ကောင်း လုပ်နိုင်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) က သတိပေးလိုက်သည်။

ယင်းလှုပ်ရှားမှု အမှန်တကယ် ပေါ်ပေါက်လာပါက လွှတ်တော် သက်တမ်း နှစ်ခုအတွင်း ပထမဆုံးအကြိမ် လွှတ်တော်ထိပ်ပိုင်း အဆင့် ပုဂ္ဂိုလ်များအား ဖြုတ်ချရန် တောင်းဆိုသည် လှုပ်ရှားမှု ဖြစ်လာမည်ဖြစ်သည်။

ပြည်ခိုင်ဖြိုးသည် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို သမ္မတကတိုက်ရိုက်ခန့်အပ်သည့် စနစ်အစား သက်ဆိုင်ရာ လွှတ်တော်က ရွေးကောက်တင်မြှောက်ရန်အတွက် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ကိုပြင်ဆင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

အခြေခံဥပဒေ ပုဒ်မ ၂၆၁ ပုဒ်မခွဲ ခ၊ ဂ၊ နှင့် တို့ကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီ၏ ကျောင်းကုန်း မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းပြင်ဆင်ရန်အဆိုပြုချက်ကို တပ်မတော်သားအမတ်များနှင့် ရခိုင်အမျိုးသားပါတီအမတ်များကလည်း သဘောတူကြောင်း လက်မှတ်ရေးထိုး ထားကြသည်။

ပြည်ခိုင်ဖြိုး ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ၎င်းတို့ပါတီသည် ဖွဲ့စည်းပုံအခြေခံအရ ပေးထားသည့် အခွင့်အရေးအရ ဥပဒေမူကြမ်း တင်သွင်းခြင်းဖြစ်ပြီး လွှတ်တော်တွင်းဆွေးနွေးခွင့်ရလိမ့်မည်ဟု မျှော်လင့်ကြောင်းပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၅ တွင် ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်ဟု သတ်မှတ်ထားသည်။

၎င်းတို့ တင်သွင်းသည့် ဥပဒေမူကြမ်းအတွက် ပြည်ထောင်စုလွှတ်တော်က ယင်းအခွင့်အရေး ပေး၊မပေးကို စောင့်ကြည့်နေပြီး ဆွေးနွေးခွင့်မရပါက လွှတ်တော်တွင် တာဝန်အရှိဆုံး ပုဂ္ဂိုလ်များအား တာဝန်မှရုပ်သိမ်းရန် ကြိုးစားအားထုတ်မှု လုပ်ကောင်းလုပ်နိုင်သည်ဟု ပြည်ခိုင်ဖြိုး ပြောခွင့်ရ ဦးသိန်းထွန်းဦး ကပြောသည်။

“May be ( လုပ်ကောင်းလုပ်မယ်) ဘဲ ကျွန်တော်တို့ပြောတာ။ Must(သေချာပေါက်လုပ်မယ်လို့ပြောတာမဟုတ်ဘူးဟု ၎င်းက Myanmar Now ကို ပြောသည်။

ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၁ ကိုအသုံးပြုပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများကို တာဝန်မှပြန်လည်ရုပ်သိမ်းနိုင်ကြောင်း၊ ယင်းနည်းလမ်းကိုလည်း ထည့်သွင်းစဉ်းစားနေကြောင်း ဦးသိန်းထွန်းဦးက ပြောသည်။

အဆိုပါ ဥပဒေကို သုံးမည်ဆိုပါက အမတ် လေးပုံ တစ်ပုံ၏ ထောက်ခံချက် လိုအပ်မည်ဖြစ်သည်။စိတ်တူသဘောတူ ကိုယ်စားလှယ်တွေကို စုပြီး ဆောင်ရွက်လို့ရအောင် လုပ်မယ်ဟု ဦးသိန်းထွန်းဦး ကပြောသည်။

လွှတ်တော်မှာတာဝန်အရှိဆုံးပုဂ္ဂိုလ်ကဘယ်သူလဲ

ပြည်ထောင်စုလွှတ်တော်တွင် အလှည့်ကျ နာယကမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဖြစ်သည်။

အသက် ၆၉ နှစ်အရွယ် ဥပဒေချုပ်ရုံး၊ ဥပဒေညွှန်ကြားရေးမှူးဟောင်း ဦးတီခွန်မြတ်သည် တပ်မတော်အစိုးရလက်ထက် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲချိန်တွင် တာဝန်ယူခဲ့သူများထဲမှ တစ်ဦးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ မဖြစ်ခင် အသင်းဘဝကတည်းက ကာလရှည်လက်တွဲခဲ့သူဖြစ်သည်။

သူသည် ၂၀၀၇ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မရှင် နှင့် ၂၀၀၈ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

၁၉၈၈ တပ်မတော် အာဏာသိမ်းချိန်တွင် ဦးတီခွန်မြတ်သည် ကွတ်ခိုင်မြို့နယ် မဝတ အတွင်းရေးမှူးဖြစ်လာခဲ့ပြီး၊ ၁၉၉၀ မှ ၂၀၁၀ အထိ နှစ် ၂၀ ကြာ ကွတ်ခိုင်ပြည်သူ့စစ်(ဌာနေ) တိုက်ခိုက်ရေးရဲတပ်ဖွဲ့ခေါင်းဆောင် အဖြစ်တပ်မတော်အစိုးရက ခန့်အပ်ခဲ့သည်။

၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးကို ကိုယ်စားပြု ဝင်ပြိုင်ရင်း ကွတ်ခိုင်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် အမတ်ဖြစ်လာခဲ့သော်လည်း ၂၀၁၇ တွင် ပြည်ခိုင်ဖြိုးနှင့် လမ်းခွဲခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူ့လွှတ်တော်တွင်း ဆွေးနွေးမှုများ ပြုလုပ်စဉ် တပ်နှင့် ပြည်ခိုင်ဖြိုး အမတ်များက မတ်တတ်ရပ်ကန့်ကွက်ခဲ့သည့် အချိန်များတွင် ဦးတီခွန်မြတ်နှင့် ၎င်းတို့အကြား ထိပ်တိုက်တွေ့ဆုံမှုများ မကြာခဏဖြစ်ခဲ့ကြသည်။

သဘောထားကွဲလွဲကြသည့် ၂၆၁

ပြည်ခိုင်ဖြိုးက ပြင်ရန် တင်ပြထားသည့် ဥပဒေမူကြမ်းကို အဖွဲ့ဝင် ၃၀ ပါ လေ့လာစိစစ်ရေးကော်မတီက နေပြည်တော်တွင် မတ်လအစောပိုင်းက ဆွေးနွေးခဲ့ကြပြီး ကော်မတီဝင်များအခြင်းခြင်း သဘောထား ကွဲလွဲခဲ့ကြသည်။

ပြည်ခိုင်ဖြိုး၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့နှင့် ရခိုင်အမျိုးသားပါတီတို့က ယင်းပုဒ်မ ပြင်ဆင်ရေးကို သီးခြား ဆွေးနွေးလိုကြသော်လည်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် အခြားတိုင်းရင်းသား ပါတီများက ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ တင်သွင်းမည့် အစီရင်ခံစာတွင်လည်း ယင်းပုဒ်မ ပါဝင်မည် ဖြစ်သောကြောင့် တစ်ပေါင်းတည်း ဆွေးနွေးရန် ဆန္ဒရှိခဲ့ကြသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဆိုသည်မှာ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် ပြန်လည်သုံးသပ်ပြီး ဥပဒေမူကြမ်းတစ်ခု ရေးဆွဲတင်သွင်းရန် ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီလ အတွင်းဖွဲ့စည်းထားသည့် ကော်မတီဖြစ်သည်။ ၄၅ ဦးပါ ယင်းကော်မတီစတင်ဖွဲ့စည်းချိန်တွင် တပ်နှင့် ပြည်ခိုင်ဖြိုး အမတ်များက ကန့်ကွက်ခဲ့သေးသည်။

ကော်မတီအတွင်း သဘောထား ကွဲလွဲမှုများကို လွှတ်တော်တွင် လာမည့် ရက်ပိုင်းအတွင်း ဆွေးနွေးဖွယ်ရှိသည်။

သို့သော် ယင်းဆွေးနွေးမှုသည် ပြည်ခိုင်ဖြိုးတင်သွင်းသည့် ဥပဒေမူကြမ်းကို ဆွေးနွေးခြင်းလား၊ ဥပဒေမူကြမ်းကို လေ့လာသုံးသပ်ထားသည့် အစီရင်ခံစာကို ဆွေးနွေးခြင်းလား ဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရှိရသေးပါ။

ပြည်ထောင်စု လွှတ်တော်၏ သတင်းထုတ်ပြန်ချက်တွင်တော့ အစီရင်ခံစာကို ဆွေးနွေးမည့် လွှတ်တော်အမတ်များ၏ အမည်စာရင်းကိုတောင်းခံထားသည်။

ပုဒ်မ ၂၆၁ ဆိုတာဘာလဲ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ အရ နိုင်ငံတော်သမ္မတသည် ဒေသဆိုင်ရာ လွှတ်တော်အမတ်များထဲမှ ၎င်းလိုလားသူကို ရွေးချယ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သည့် စနစ်ဖြစ်သည်။

အဆိုပါပုဒ်မ၏ ပုဒ်မခွဲများအရ ပြည်နယ်(သို့) တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်လာမည့်သူသည် အသက် ၃၅ နှစ်ပြည့်ရန် ကန့်သတ်ထားသောကြောင့် ရွေးကောက်ပွဲအနိုင်ရ အမတ်များထဲမှ အသက်ပြည့်မီသူကို သမ္မတကရွေးချယ်မည်ဖြစ်သည်။ ရွေးကောက်ပွဲဝင်ရန်မှာ အသက် ၂၅ နှစ်ပြည့်ရန်လိုအပ်သည်။

မြန်မာနိုင်ငံအတွင်း အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်သူဖြစ်ရန်လည်း လိုအပ်ပြီး ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေပါအရည်အချင်းများနှင့် ပြည့်စုံသူလည်းဖြစ်ရမည်ဖြစ်သည်။

နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားလာသည့် နိုင်ငံသားဖြစ်ရမည်၊ နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ်သစ္စာရှိရမည် ဟု ထိုပုဒ်မတွင် ပြဋ္ဌာန်းထားပြီး ယင်းအချက်များနှင့် ကိုက်ညီသူကို ဝန်ကြီးချုပ်နေရာအတွက် သမ္မတက စိတ်ကြိုက်ရွေးမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

ပြည်ခိုင်ဖြိုးတင်သွင်းသည့် အခြေခံဥပဒေပုဒ်မပြင်ရေး သီးခြားဆွေးနွေးရန် သဘောထားကွဲနေ

ခြေဥပြင်ဆင်ရေး ဆန္ဒပြပွဲများ အရှိန်မြင့်လာ

 

Show More

Related Articles

Back to top button