စောင့်ကြည့်ကော်မတီဖွဲ့ပြီးနောက် တိုက်ပွဲဖြစ်မှု လျော့ကျခဲ့ဟုဆို

၂ဝ၁၆ နှစ်ကုန်ပိုင်းက ရှမ်းပြည်နယ် စစ်ရှောင်စခန်းတစ်ခုမှ ကလေးငယ်များ စာသင်ကျောင်း အားလပ်ချိန်တွင် ကစားနေကြစဉ်။ နယ်စပ်ဒေသတွင် စစ်ပြေးဒုက္ခသည် တစ်သိန်းကျော် သွားရောက်ခိုလှုံနေပြီး၊ ပြည်တွင်းတွင် စစ်ရှောင် ဒုက္ခသည် သုံးသောင်းခွဲ ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များက ခန့်မှန်းထားသည် (ဓာတ်ပုံ - အိချယ်ရီအောင်/Myanmar Now)

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကို ၂ဝ၁၅ အောက်တိုဘာ ၈ ရက်နေ့တွင် ဖွဲ့စည်းပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားမှု နည်းပါးလာသည်ဟု JMC အမှုဆောင် ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောသည်။

"JMC ပေါ်လာပြီးနောက် တိုက်ပွဲက ၁၂ ဆလောက် လျော့သွားတယ်" ဟု ငြိမ်းချမ်းရေးအကြံပေးအဖွဲ့ဝင်လည်းဖြစ်သည့် ဒေါက်တာမင်းဇော်ဦးက ပြောသည်။

KNU အလုပ်အမှုဆောင်ကော်မတီဝင် ဖထီးဝင်းခိုင်ကလည်း ယင်းနောက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့များကြား ထိပ်တိုက်တွေ့ဆုံမှုများ လျော့ကျသွားကြောင်း ပြောသည်။

"အပစ်အခတ်ရပ်စဲပြီးမှ တိုက်ပွဲတွေ နည်းလာတာတော့ ဟုတ်တယ်။ ဒါပေမယ့် မရပ်စဲသေးတဲ့ ကရင်နီ (ကယား)နဲ့ မွန်မှာလည်း ဘာပြဿနာမှ မဖြစ်ဘူးလေ။ JMC က ပေါ်လာတာလည်း မကြာသေးဘူး။ သူပေါ်လာတဲ့အတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ပိုအားရှိလာတာ မှန်ပေမယ့် သူ့တစ်ယောက်တည်း လုပ်လို့တော့ မဟုတ်ဘူး" ဟု ၎င်းကပြောသည်။

၂ဝ၁၅ ခုနှစ်အတွင်း မြန်မာ့တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တို့၏ တိုက်ပွဲများကိုကြည့်လျှင် ဒီမိုကရေစီကရင့်အကျိုးပြု တပ်မတော်(DKBA) နှင့် ၁၂ ကြိမ်၊ ကရင်အမျိုးသား အစည်းအရုံး(KNU)နှင့် ၅ ကြိမ်၊ ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) နှင့် ၁၃ ကြိမ်၊ SSPP/SSA နှင့် ၃၄ ကြိမ်ဖြစ်ပွားခဲ့သည်ကို မြန်မာသတင်းနိုင်ငံတကာ (BNI) အဖွဲ့၏ ၂ဝ၁၆ ခုနှစ် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်းလမ်းညွှန်တွင် တွေ့ရသည်။

၂ဝ၁၆ ခုနှစ်အတွင်း မြန်မာတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှုနှုန်း လျော့ကျခဲ့သော်လည်း DKBA နှင့် ၂ ကြိမ်၊ RCSS/SSA နှင့် ၆ ကြိမ်၊ SSPP/SSA နှင့် ၉ ကြိမ်၊ ABSDF နှင့် ၁ ကြိမ်သာ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် JMC ပြည်နယ်အဆင့်များ ဖွဲ့စည်းပြီးနောက် တိုက်ပွဲအရေအတွက် လျော့ကျသွားသည်ကို တွေ့ရခြင်းဖြစ်သည်။

JMC ကော်မတီမှာ အပစ်ရပ်စာချုပ်အရ ပေါ်ပေါက်လာခြင်းဖြစ်ပြီး အဆိုပါ ကော်မတီမှ ဆင့်ပွား၍ ပြည်နယ်အဆင့် JMC-S ကို လည်းကောင်း၊ ဒေသအဆင့် JMC-L ကိုလည်းကောင်း ဆက်လက်ဖွဲ့စည်းရန် တာဝန်ရှိသည်။ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလက ရှမ်းပြည်နယ်တွင် JMC-S ကို စတင်ဖွဲ့စည်းခဲ့ပြီးနောက် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ဖွဲ့စည်းခဲ့သည်။ ဒေသအဆင့် JMC-L ကိုမူ ဖွဲ့စည်းနိုင်ခြင်းမရှိသေးပေ။

ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲမှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) သည် လုပ်ငန်းလမ်းညွှန်ချက် ၄ဝ ကျော် ဆောင်ရွက်ရမည့်အနက် ၁၂ ခုကို အတည်ပြုဆောင်ရွက်ခဲ့ပြီး၊ ထိုလုပ်ငန်းလမ်းညွှန်မှုများမှတစ်ဆင့် အောက်ခြေအဆင့်ဆင့် ညှိနှိုင်းဆောင်ရွက်မှုများ၏ အကျိုးရလဒ်ကြောင့်NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားမှု ၁၂ ဆ လျော့ကျသွားရခြင်းဖြစ်ကြောင်း ဒေါက်တာမင်းဇော်ဦးက ထပ်လောင်းပြောကြားသည်။

တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်အရ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းများကို နှစ်ဘက်စလုံးက တင်းကျပ်စွာ စောင့်ကြည့်ရန်၊ အငြင်းပွားမှုများကို (အင်အားအသုံးပြုခြင်းမရှိဘဲ) ပူးတွဲဖြေရှင်း နိုင်ရန်နှင့် နှစ်ဖက်စလုံးက သဘောတူထားသည့်အတိုင်း တပ်များနေရာ ပြန်လည်ချထားရေးကို စောင့်ကြည့်ရန် JMC –U ကို ၂ဝ၁၅ခုနှစ် အောက်တိုဘာတွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်နေသည့် အပေါ် ဒေါက်တာမင်းဇော်ဦးက “အပစ်ရပ်သဘောတူချက် ကျိုးပေါက်တာကလည်း အောက်ခြေ အဆင့်က ကျိုးပေါက်တာ ဖြစ်တယ်။ ထိန်းနိုင်တာလည်း အောက်ခြေအဆင့်ကပဲဖြစ်တယ်။ အများစုဟာ နိုင်ငံရေးကြောင့် ကျိုးပေါက်တာထက် အောက်ခြေမှာအသေးအဖွဲက စကျိုးပေါက်တာဖြစ်တယ်။ ဒါ့ကြောင့် အောက်ခြေ ပြည်နယ်အဆင့်၊ ဒေသဆိုင်ရာအစည်းအဝေးတွေနဲ့ ဖြေရှင်းနိုင်အောင် ကြိုးစားနေပါတယ်”ဟု ပြောသည်။

မြိတ်၊ ထားဝယ်ခရိုင် KNU အလုပ်အမှုဆောင်ကော်မတီ ဖထီးဝင်းခိုင်က တနင်္သာရီတိုင်းဒေသကြီးအတွင်း အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်နည်းသွားသော်လည်း၊ ကရင်ပြည်နယ်တွင် လက်နက်ကိုင် အဖွဲ့ အစည်း မျိုးစုံ ရှိနေသောကြောင့် တိုက်ပွဲများလည်းရှိနေသည်ဟု ဆိုသည်။

နှစ်ဖက်တပ်များ၏ အောက်ခြေအဆင့် မပြေလည်မှုများကိုမူ တိုင်းရင်းသားလက်နက်ကိုင်များ၏ ဆက်ဆံရေးရုံးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုနှင့် ခရိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးများမှတဆင့် JMC-S ကော်မတီများထံသို့ တင်ပြနိုင်ပြီး၊ ချိုးဖောက်မှုများတွင် အသေးစားချိုးဖောက်မှု၊ စိုးရိမ်ရသော ချိုးဖောက်မှုနှင့် ပြင်းထန်သော ချိုးဖောက်မှုများအဖြစ် ကဏ္ဍသုံးမျိုးခွဲကာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရသည်။

သို့သော် တပ်မတော်သည် NCA စာချုပ်တွင် လက်မှတ်ထိုးထားသည့် အဖွဲ့များနှင့်ပင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုများ ရှိနေပြီး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နှင့်၂ဝ၁၆ သြဂုတ်နှင့် စက်တင်ဘာလတို့တွင်လည်း ကောင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ၂ဝ၁၆ ဇူလိုင်၊ ၂ဝ၁၇ ဇန်နဝါရီလတို့တွင်လည်းကောင်း၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့နှင့် ၂ဝ၁၆ နှစ်ကုန်ပိုင်းတွင် လည်းကောင်း တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့သည်။

JMC အနေဖြင့် တိုက်ပွဲများ မဖြစ်ပေါ်အောင် တားဆီးနိုင်မှု မရှိကြောင်း ဝေဖန်ခံနေရသည်။

တပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံနှင့် ထိတွေ့မှုတိုက်ပွဲပေါင်း ၂ဝ၁၅ တွင် ၄၆ဝ ကျော်၊ ၂ဝ၁၆ တွင် ထိတွေ့တိုက်ပွဲပေါင်း ၅၈ဝ ကျော် ဖြစ်ပွားခဲ့ကြောင်းကိုလည်း BNI ၏ ထုတ်ပြန်ချက်များ အရ သိရသည်။

တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ တစ်ခုနှင့် တစ်ခုအကြား ထိတွေ့တိုက်ပွဲများ ရှိခဲ့ပြီး ၂ဝ၁၅ တွင် တိုက်ပွဲပေါင်း ၃ဝ ကျော်၊ ၂ဝ၁၆ တွင် ၁၆ဝ ကျော် ဖြစ်ပွားခဲ့သည်။

နှစ်ပေါင်းကြာရှည်ခဲ့သော ပြည်တွင်းစစ်ကြောင့် ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်ရှိဒုက္ခသည်စခန်းများတွင် သွားရောက်ခိုလှုံနေသူ တစ်သိန်းကျော် ရှိနေကြောင်း၊ မွန်ပြည်နယ်တွင် IDP ခေါ် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ အရေအတွက် သုံးသောင်းခွဲခန့် ရှိကြောင်း မြန်မာ့လူ့အခွင့်အရေး အဖွဲ့များ ၂ဝ၁၆ သြဂုတ်လတွင် ထုတ်ဝေသော“လူမသိသူမသိဘဝများ - မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုသံသရာ” အစီရင်ခံစာတွင် ဖော်ပြထားသည်။

(သတင်းရေးသားသူ ခင်စန္ဒာမြင့်သည် ရန်ကုန် အခြေစိုက် သတင်းထောက် တစ်ဦး ဖြစ်သည်။)

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading