သတင်း

ဝန်ကြီးချုပ်သစ် ဒေါက်တာအေးဇံ အတိတ်က ထောင်ဘယ်လိုချခံခဲ့ရသလဲ

ရန်ကုန် – ဒီကနေ့  မွန်ပြည်နယ်ဝန်ကြီးချုပ်သစ် အဖြစ် ရွေးချယ် တင်မြှောက်ခံရတဲ့ ဒေါက်တာအေးဇံဟာ တစ်ချိန်က နိုင်ငံရေးအကြောင်းပေါ် အခြေခံပြီး တရားမမှုနဲ့ ထောင်ချခံခဲ့ရသူ ဖြစ်ပါတယ်။

ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာအေးဇံဟာ ၁၉၉ဝ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု ဝင်ပြိုင်ရာမှာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်ကနေ ရွေးကောက်တင်မြှောက်ခံရပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၁၉၈၈ ကနေ ၂ဝ၁ဝ အထိ ဒီချုပ်လွှတ်တော်အမတ်များ၊ နိုင်ငံရေးတက်ကြွသူအများအပြားကို တပ်မတော်ထောက်လှမ်းရေးက နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ချခဲ့သလို၊ မလိုရင်မလိုသလို အခြားသော တရားမမှု ပုဒ်မတွေနဲ့လည်း ထောင်ချခဲ့တာ ရှိပါတယ်။

၁၉၉၇ မှာတော့ ဒေါက်တာအေးဇံကို နိုင်ငံပိုင်ယူကလစ်ပင်တွေ ဖျက်ဆီးမှု အပက (၃) နဲ့ သထုံခရိုင်တရားရုံးက ထောင် ၁ဝ နှစ် ချမှတ်ခဲ့ပါတယ်။ သူ တရားဝင်ဝယ်ယူထားတဲ့ ခြံထဲက ယူကလစ်တွေဟာ နိုင်ငံတော်ပိုင်ယူကလစ်တွေ ဆိုပြီး သူ့ကို ထောင်ချခဲ့ခြင်းဖြစ်ပါတယ်။

နိုင်ငံရေးအရ မကျေနပ်လို့ အကြောင်းရှာပြီး တမင် သူ့ကို ထောင်ချခဲ့တာဖြစ်ကြောင်း ဒေါက်တာအေးဇံက ဆိုပါတယ်။

နောက်ပိုင်း အယူခံနိုင်လို့ သူ့ရဲ့ထောင်ဒဏ်ဟာ ၁ဝ နှစ်ကနေ ၅ နှစ် ဖြစ်ခဲ့ပါတယ်။

သူမော်လမြိုင်ထောင်က လွတ်ခါနီးမှာ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေက တပ်မတော်ထောက်လှမ်းရေးကို အကြောင်းကြားခဲ့ကြောင်း သိရပါတယ်။

တပ်မတော်ထောက်လှမ်းရေးက ဒေါက်တာအေးဇံ ထောင်ဒဏ် နှစ်အပြောင်းအလဲကို မသိရှိခဲ့ဘူးလို့ ဆိုပါတယ်။  သူလွတ်ခါနီးမှသာ ကပ်ပြီး အကြောင်းကြားလို့ သိရှိရတာကြောင့် ဒေါသထွက်ပြီး နောက်နောင် နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မီ အကျဉ်းဦးစီးဌာနက ထောက်လှမ်းရေးကို ၁ လ ကြိုတင် အကြောင်းကြားရမယ်လို့ အမိန့် ထွက်ခဲ့ပါတယ်။

အကျဉ်းဦးစီးဌာနကတော့ ထောင်တာဝန်ရှိသူတွေကို နိုင်ငံရေးအကျဉ်းသားများ မလွတ်မြောက်မီ ၂ လ ကြိုတင်ပြီး အကျဉ်းဦးစီးဌာနရုံးချုပ်ကို အကြောင်းကြားဖို့ ထပ်ဆင့် စာထုတ်ခဲ့ရကြောင်း Myanmar Now  က ရရှိတဲ့ မှတ်တမ်းတစ်ခုမှာ တွေ့ရပါတယ်။

ဒေါက်တာအေးဇံကတော့ ကံကောင်းထောက်မစွာပဲ   ၂ဝဝ၁ ခုနှစ်မှာ လွတ်မြောက်လာပြီး မွန်ပြည်နယ် ကျိုက်ထို၊ ဘူတာလေးလမ်း သူ့အိမ်က ဆေးခန်းမှာ ဆေးကုတဲ့အလုပ်ကို ပြန်လုပ်ပြီး ဒီချုပ်နဲ့ ၂ဝ၁၂ ခုနှစ်အထိ အဆက်အသွယ် ဖြတ်ခဲ့ပါတယ်။

၂ဝ၁၅ မှာတော့ သူဟာ ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်မြေကနေ ဒီချုပ်ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခဲ့ပြန်ပါတယ်။

ပြည်နယ်လွှတ်တော်မှာ  ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီ၊  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေး ကော်မတီတို့မှာ ဥက္ကဋ္ဌတာဝန်များ ထမ်းဆောင်နေတဲ့ သူဟာ  ရာထူးကထွက်သွားတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနေရာကို ဆက်ခံရမယ့်သူ ဖြစ်လာပါပြီ။   ။

Show More

Related Articles

Back to top button