သတင်း

ရန်ကုန်ပန်းခြံငှားရမ်းခ အရှုပ်တော်ပုံကို လွှတ်တော် လေ့လာနေ

ရန်ကုန် – ရန်ကုန်မြို့ ပန်းခြံများရှိ မြေနှင့် ဆိုင်ခန်းနေရာ ၉၉၆ ခုကို ပေါက်ဈေးထက် အဆမတန်လျှော့ပြီး ငှားရမ်းထားခြင်းမှာ နိုင်ငံအတွက် များစွာနစ်နာသဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက အငှားစာချုပ်များကို ပြန်လည်လေ့လာပြီး လုပ်ငန်းရှင်တို့နှင့် ဆွေးနွေးမည်ဟု သိရသည်။

ထိုစာချုပ်များအရ နိုင်ငံတော်က နှစ်စဉ် သန်းပေါင်း ၅၇,ဝဝဝ ထက်မနည်း နစ်နာနေသည်ဟု ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာတွင် ဖော်ပြထားကြောင်း၊ ကျိုးကြောင်းဆီလျော်မှုမရှိသဖြင့် ပဋိညာဉ်မမြောက်သည့် စာချုပ်များဖြစ်နေကြောင်း ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က ပြောသည်။

“ဒီစာချုပ်တွေက အဓိပ္ပာယ်မရှိဘူးလေဗျာ၊ စာချုပ်ချုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်က တရားမျှတမှုကို လိုချင်လို့ ချုပ်တာ၊ တရားမျှတမှုမရှိတဲ့ စာချုပ်ဆိုတာက မူလရည်ရွယ်ချက်ကို သွေဖည်နေတာပေါ့” ဟု ဦးတင့်လွင်က ပြောသည်။

“အရင်တုန်းက ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့ပေါ့ဗျာ၊ ခေတ်လည်းပြောင်းနေပြီဆိုတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်သိစွာနဲ့ သူတို့ကိုယ်တိုင်က လိုလိုလားလားနဲ့ ဒီစာချုပ်တွေကို ဘယ်လိုပြောင်းပြီး ချုပ်သင့်တယ် ဆိုတာကို သဘောတူရင်တော့ ကောင်းတာပေါ့ဗျာ”

ငှားရမ်းခနှင့် နစ်နာမှု

ဧပြီ ၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက တိုင်းဒေသကြီး လွှတ်တော်သို့ ပေးပို့သည့် အစီရင်ခံစာတွင် ပန်းဥယျာဉ်နှင့် ကစားကွင်း ငှားရမ်းခ နည်းပါးလွန်းသဖြင့် ပြည်သူ့ဘဏ္ဍာ ဆုံးရူံးနစ်နာခြင်းအပြင် ကုမ္ပဏီများက စာချုပ်ပါ အချက် လိုက်နာမှု မရှိခြင်း၊ လုပ်ငန်းလုပ်ပိုင်ခွင့်ကို တင်ဒါမခေါ်ယူဘဲ လက်သိပ်ထိုး ပေးအပ်ခြင်းတို့အကြောင်းကိုလည်း ဖော်ပြထားသည်။

ရွှေတိဂုံအနီး ပြည်သူ့ဥယျာဉ်အတွင်းမှ မြေဧက ၈ဝ နီးပါးကို Natural World ကုမ္ပဏီက တစ်ပေ ၆ ကျပ်ခန့်နှုန်းဖြင့် ၂၅ နှစ်ကြာ ငှားရမ်းခွင့် ရထားသည်။ ၂ဝ၁၁ ခုနှစ်မှ စတင်ခဲ့သော ထိုသဘောတူညီမှုအတွက် နိုင်ငံတော်က ၁၄,၂၈၁ သန်း နှစ်စဉ် ဆုံးရှုံးနစ်နာရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာအေးဘုရားလမ်း၊ မြကျွန်းသာပန်းခြံအတွင်း ကုမ္ပဏီ ၈ ခု ငှားရမ်းမှုမှာ တစ်ပေ ၂၅ ကျပ်နှုန်း ဖြစ်သောကြောင့် နှစ်စဉ် ၂၁,၆၂၉ သန်း နစ်နာသည်ဟု အစီရင်ခံစာက ဆိုသည်။

စာချုပ်များကို ပြန်လည်စိစစ်ရန် စာရင်းစစ်ချုပ်ရုံးက လွှတ်တော်ကို တိုက်တွန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။

“ပြည်သူ့မျက်နှာ မကြည့်ဘဲနဲ့ လက်တစ်ဆုပ်စာ လူတွေနဲ့ ပေါင်းပြီး လုပ်ခဲ့ကြတာတွေပေါ့” ဟု ဒေါ်ကြည်ပြာက ဆိုသည်။

ပန်းခြံအတွင်း လုပ်ငန်းလုပ်ပိုင်ခွင့် စာချုပ်များနှင့် ပတ်သက်ပြီး လွှတ်တော်က အစိုးရကို တိုက်တွန်းမည် ဖြစ်ကြောင်း၊ အစိုးရ၏ တာဝန်ယူမှုကိုလည်း လွှတ်တော်က စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ဒေါ်ကြည်ပြာက ရှင်းပြသည်။

“လက်ရှိအစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တိုင်ပင် ဆွေးနွေးပြီး၊ ပြန်လည် ဆန်းစစ်ပြီးတော့ စာချုပ် ပြန်ချုပ်လို့လည်း ရနိုင်ပါတယ်” ဟု ဒေါ်ကြည်ပြာက ဆိုသည်။

ယခင် ညွှန်ကြားချက်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးဖြစ်ခဲ့သည့် ဦးဌေးအောင်က မြေငှားရမ်းသည့် လုပ်ငန်းစဉ်တွင် ကော်မတီက လုပ်ပိုင်ခွင့်အာဏာရှိသည်ဆိုသော်လည်း တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ရှင်းပြသည်။

“တိုင်းဒေသကြီးအစိုးရက ငှားလိုက်ပါဆိုရင် စည်ပင်က စာချုပ် ချုပ်ပေးလိုက်ရတာပဲ။ ပြည်သူ့ဥယျာဉ်ဆိုရင် ဘာထူးလို့လဲ၊ ဝန်ကြီးချုပ်အမိန့်နဲ့ငှားတာပဲ” ဟု ဦးဌေးအောင်က ဆိုသည်။

စာချုပ်ပါ ငှားရမ်းခများမှာ နည်းပါးလွန်းသဖြင့် ကာလပေါက်ဈေးနီးပါး ရရှိရန် ကြိုးစားရာ လုပ်ငန်းရှင်တို့နှင့် ဆက်စပ်မှုရှိသည့် အရာရှိများ၏ ငြိုငြင်မှုကို ခံရကြောင်း ဦးဌေးအောင်က ပြောသည်။ ။

Show More

Related Articles

Back to top button