သတင်း

The Voice သတင်းသမားနှစ်ဦး အာမခံ မရသေး

နာမည်ကျော်ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူခံနေရသော The Voice သတင်းသမား နှစ်ဦး၏ အာမခံလျှောက်ထားချက်ကို ဗဟန်းမြို့နယ်တရားရုံးက ဇွန် ၈ ရက်နေ့တွင် ပယ်ချလိုက်ခြင်းသည် ဥပဒေနှင့် ကိုက်ညီမှုမရှိဟု ၎င်းတို့၏အကျိုးဆောင် ဦးခင်မောင်မြင့်က ဝေဖန်လိုက်သည်။

သရော်စာတစ်ပုဒ် ရေးသားဖော်ပြမှုနှင့် ပတ်သက်ပြီး တပ်မတော်က တရားစွဲဆိုထားသော The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ သရော်စာရေးသူ ဗြိတိသျှကိုကိုမောင်တို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၇ အပိုဒ်ခွဲ(၁)အရ အာမခံပေးသင့်ကြောင်း သူက ရှင်းပြသည်။

“စစ်ဆေးရမှာက ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှကိုကိုမောင်သည် ဂုဏ်သိက္ခာရှိသူဟုတ်၊ မဟုတ်၊ ထွက်ပြေးနိုင်သောသူ ဟုတ်၊ မဟုတ်။ လုံလောက်သော အာမခံပေးနိုင်ခြင်းရှိ၊ မရှိ။ သူတို့ကို အာမခံဖြစ်ထားခြင်းကြောင့် တရားစီရင်ရေးကို တိမ်းစောင်းအောင် ဖန်တီးမယ့်သူဟုတ် မဟုတ်၊ ဒါကိုပဲ တရားသူကြီးက ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ တရားသူကြီး ချမှတ်လိုက်တဲ့အမိန့်မှာ အဲဒါတွေ သုံးသပ်ချက်တစ်ခုမှ မပါပါဘူး”ဟု The Voice မီဒီယာဘက်မှ ဥပဒေအကျိုးဆောင် ဦးခင်မောင်မြင့်က ပြောသည်။

“ကျွန်တော်တို့ တင်ပြမထားတဲ့ ဆေးလက်မှတ်တောင်းခံပါတယ်။ ဆေးလက်မှတ် ယူလာတဲ့သူ အချိန်မီ မတင်ပြနိုင်တဲ့တွက် အထောက်အထား မပြည့်စုံလို့ အာမခံခြင်းပယ်ပါတယ် ဆိုတာ အကြောင်းပြချက် တစ်ရပ်သာ ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့တောင်းခံတဲ့ ပုဒ်မ ၄၉၇ (၁) အကြောင်းပြချက်များကို မှတ်ချက်ပေးပြီးဆုံးဖြတ်ထားခြင်း မဟုတ်တဲ့၊ တင်ပြချက်ထဲ လုံးဝမပါတဲ့ ဆေးလက်မှတ်မပါလို့ အာမခံ မပေးဘူးလို့ ဆုံးဖြတ်လိုက်ခြင်းသည် ဥပဒေနဲ့လုံးဝဆန့်ကျင်နေကြောင်း မီဒီယာကတစ်ဆင့် ရှင်းပြလိုပါတယ်”

အကြောင်းပြချက် နောက်တစ်ခုမှာလည်း ကျိုးကြောင်းဆီလျော်မှုမရှိဟု သူက ဆိုသည်။

“ဒုတိယ အကြောင်းပြချက်က ရဲလုပ်ငန်းတွေ မပြီးသေးတဲ့အတွက် အာမခံ ပယ်ချတာဖြစ်တယ်။ ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှကိုကိုမောင်တို့ အာမခံပေးလို့ အဲဒီ ရဲလုပ်ငန်းက ပျက်ပြယ်သွားမှာ မဟုတ်ဘူး။ မဆီလျော်သောအကြောင်းပြချက်များနှင့် ချုပ်နှောင်ထားခြင်းသည် ဥပဒေနဲ့မညီဘူးလို့ ကျွန်တော်တို့ တရားဝင်ပြောပါတယ်” ဟု ဦးခင်မောင်မြင့်က ပြောသည်။

အာမခံမရသည့် သတင်းသမားနှစ်ဦးသည် ရက်အတန်ကြာထိန်းသိမ်းခံနေရသော ဗဟန်းရဲစခန်းအချုပ်မှ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခံလိုက်ရသည်။

အာမခံရပေးခြင်း၊ မပေးခြင်း

ပြည်ထောင်စုမြန်မာနိုင်ငံ တရားရုံးချုပ် ညွှန်ကြားလွှာတွင် ဥပဒေတစ်ရပ်ရပ်က အာမခံ မပေးရဟု ပြဋ္ဌာန်းမထားလျှင် အာမခံပေးရမည်ဟု အတိအကျ ညွှန်ကြားထားသည်။ ဆက်သွယ်ရေးဥပဒေတွင်လည်း ၎င်းဥပဒေနှင့် တရားစွဲလျှင် အာမခံ မပေးရဟု ပြဋ္ဌာန်းထားခြင်း မရှိပေ။

တပ်မတော်က ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲထားသော ပုသိမ်မြို့အခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဦးကို ဒေသတရားရုံးက တရားစွဲ ဆိုသည့် ဇွန်လ (၅)ရက်တွင်ပင် အာမခံပေးခဲ့သည်။

အလားတူပုဒ်မမျိုးဖြင့် တရားစွဲခံနေရသော Eleven မီဒီယာမှ ထိပ်တန်းတာဝန်ရှိသူနှစ်ဦးသည်လည်း အာမခံ ရရှိရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ရသည်။

၂၀၁၃ တွင် ပြဋ္ဌာန်းခဲ့သည့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) တွင် ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ သို့မဟုတ် ခြိမ်းခြောက်ခြင်း တို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရပါက သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

၆၆ (ဃ) ပြင်ဆင်ရေး သို့မဟုတ် ဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး လွှတ်တော်များ၏ ကိုင်တွယ်မှုမှာ လွန်စွာ အားနည်းနေသေးကြောင်း ရန်ကုန်မှ မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ ကိုဇေယျာလှိုင်က ပြောသည်။

“ဒီဥပဒေက အွန်လိုင်းသုံးတဲ့မည်သူ့ကိုမဆို တိုက်ရိုက် သက်ဆိုင်တယ်။ လွှတ်တော်ထဲမှာလည်း တင်ကြပါတယ်။ ဒါပေမယ့် လွှတ်တော်ထဲ ဆွေးနွေးတဲ့အဆင့်တောင် မရှိသေးဘူး” ဟု ကိုဇေယျာလှိုင်က ပြောသည်။

သတင်းသမားတို့ကို အဆိုပါ ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခြင်းသည် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ခြင်းဖြစ်သည်ဟု စာနယ်ဇင်းသမား အများအပြားက သဘောထား ပေးခဲ့ကြသည်။ ဇွန်လ ၈ ရက်နေ့မှစ၍ “သတင်းလွတ်လပ်ခွင့်ရှိရမည်” စာတန်းပါ အဖြူရောင် လက်ပတ်များ ဆယ်ရက်ကြာ ဝတ်ဆင်ပြီး လုပ်ငန်းခွင်ဝင်ရန် မြို့ကြီးတချို့မှ သတင်းသမား အများအပြားက တိုင်ပင်ထားကြသည်။

လက်ရှိ အစိုးရလက်ထက်တွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုအရေးယူခံရသူ ၆၁ မှု ရှိပြီဖြစ်ပြီး ၎င်းတို့ထဲတွင် တရားရင်ဆိုင်နေရသည့် သတင်းမီဒီယာသမား ၁၄ ယောက် ရှိသည်။ ယခင်အစိုးရခေတ်တွင် ၎င်းဥပဒေဖြင့် တရားစွဲခံရမှု ၇ မှု ရှိခဲ့သည်။

(ဆလိုင်းလာလ်နွန်အုပ်သည် ရန်ကုန်မြို့၊ မြန်မာသတင်းပညာသိပ္ပံတွင် စာနယ်ဇင်းပညာသင်ယူနေသူတစ်ဦးဖြစ်ပြီး Myanmar Now ရုံးတွင် အလုပ်သင်သတင်းထောက်အဖြစ် ယာယီလုပ်ကိုင်လျက်ရှိသည်)
——————

Show More

Related Articles

Back to top button