သာသနာရေးဌာနက အမျိုးသားရေးဝါဒီတို့၏ ဆန္ဒပြပွဲများကို စောင့်ကြည့်နေသည်
ရန်ကုန် - ဇွန် ၂၅ ရက်နေ့တွင် ရာနှင့်ချီသော ဆန္ဒပြသူတို့က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် စုဝေးပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးကို ရာထူးမှ ဖယ်ရှားရန်၊ ဆရာတော်ဦးဝီရသူ တရားဟောခွင့်ပြန်ရရန် အစိုးရကို တောင်းဆိုလိုက်သည်။
ဝန်ကြီး၏ လုပ်ဆောင်ချက်များ၊ ရပ်တည်ချက်များမှာ တခြားဘာသာများကိုဦးစားပေးနေခြင်းကြောင့် နေပြည်တော်တွင်ယခင်လက ဆန္ဒပြ ကန့်ကွက် ရှုတ်ချရှုတ်ချခဲ့ပြီး ရန်ကုန်တွင်လည်း အလားတူ ပြုလုပ်ခြင်းဖြစ်သည်ဟု မျိုးချစ်ရဟန်းတော်များ သမဂ္ဂ(ရန်ကုန်)မှ အလုပ်အမူဆောင် အရှင်တေဇဝန္တက မိန့်ကြားသည်။

ဆန္ဒပြပွဲသို့ ပေးပို့သော ဆရာတော် ဦးဝီရသူ၏ သဝဏ်လွှာတစ်စောင်ကို အရှင် တေဇဝန္တက ဖတ်ကြားခဲ့သည်။
သဝဏ်လွှာထဲတွင် ဝန်ကြီး သူရဦးအောင်ကိုသည် နေရာဌာနနှင့် လုံးဝ မလိုက်ဖက်သော ပုဂ္ဂိုလ်ကြီး ဖြစ်ကြောင်း၊ ရာထူးမှ ဖယ်ရှားပေးရေး တောင်းဆိုပွဲကို ထောက်ခံအားပေးကြောင်း ဖော်ပြထားသည်။


ရန်ကုန်၊ သင်္ကန်းကျွန်းမြို့မှ ဆရာတော် ဦးသောဘိတကလည်း အဆိုပါပွဲသို့ ဝန်းရံသည့်အနေဖြင့် ကြွရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။
“အမျိုး၊ ဘာသာ၊ သာသနာကို မစောင့်ရှောက်တဲ့ သာသနာရေး ဝန်ကြီးဌာနကို ဦးဇင်းကတော့ အပြတ်အသတ် ကန့်ကွက်ပါတယ် ” ဟု ဦးသောဘိတက မိန့်ကြားသည်။


ဆန္ဒပြပွဲအတွင်း ထုတ်ပြန်သည့် ကြေညာချက်တွင် တောင်းဆိုမှုများကို အလေးထား ဆောင်ရွက်ပေးခြင်း မရှိပါက သပိတ်စခန်းဖွင့်လှစ်၍ ဆက်လက် တောင်းဆိုသွားမည်ဟု ဖော်ပြထားသည်။
ဝန်ကြီးဌာန၏ တုန့်ပြန်ချက်
ရန်ကုန်တွင် ဆန္ဒပြသည့်အချိန်တွင်ပင် မန္တလေးမြို့တွင်လည်း ဆန္ဒပြပွဲ ပြုလုပ်သည်သည်ဟု သိရသည်။
သာသာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း အမျိုးသားရေးဝါဒီတို့၏ ဆန္ဒပြပွဲများကို စောင့်ကြည့်နေသည်။
ထိုဆန္ဒပြပွဲနှစ်ခုနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနအနေဖြင့် သတင်းထုတ်ပြန်မည်ဟု ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောသည်။ သို့သော်လည်း ထုတ်ပြန်မည့်အချိန်ကို မသိရသေးဟု ဆိုသည်။
ဆန္ဒပြသည့်နေ့တွင်ပင် ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ဌာန၏တစ်နှစ်တာ ဗုဒ္ဓသာသနာတော်ဆိုင်ရာ ဆောင်ရွက်ချက်များဟူသော ကြေညာချက်တစ်စောင် ထွက်ပေါ်လာသည်။
ကျိုက်ထီးရိုး၊ ရွှေတိဂုံ၊ ဗိုလ်တထောင်၊ မဟာမြတ်မုနိ စသည့် ထင်ရှားသည့် စေတီများရှိ ဂေါပကအဖွဲ့တို့ကို အသစ်ဖွဲ့စည်းခြင်း၊ ပြင်ဆင်ဖွဲ့စည်းခြင်း လုပ်ဆောင်ခဲ့ကြောင်း၊ ဗုဒ္ဓ သာသနာဆိုင်ရာ စာမေးပွဲများ ပြုလုပ်ခဲ့ကြောင်း၊ သာသနာ့မြေဂရံပေါင်း တစ်ရာကျော် ရရှိရေးဆောင်ရွက်ခြင်းဖြင့် သာသနာပြုခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
နေပြည်တော်တွင်ပြုလုပ်သည့် ဝန်ကြီးဆန့်ကျင်ရေးဆန္ဒပြပွဲနှင့်ပတ်သက်သည့် ထုတ်ပြန်ချက် တစ်စောင်ကိုလည်း ဝန်ကြီးဌာနအင်တာနက်စာမျက်နှာတွင် ဇွန် ၂၄ ရက်နေ့စွဲဖြင့် တွေ့ရသည်။
နေပြည်တော်တွင် ဝန်ကြီးကို ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲတွင် ခိုင်လုံသော အကြောင်းပြချက် တစ်စုံတစ်ရာ ဖော်ထုတ်တင်ပြနိုင်ခြင်းမရှိဘဲ "ပုဂ္ဂိုလ်ရေးဆိုင်ရာ ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းနစ်နာအောင်" ပြောဆို ကန့်ကွက် ဆန္ဒပြခဲ့ကြောင်း၊ ထိုသို့ ထပ်မံပြုလုပ်ပါက "တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်" ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။













