FDA က ပွဲရုံတချို့ကို ဝင်ရောက်ပြီး စားသောက်ကုန်နမူနာ ဝယ်ယူစစ်ဆေးခြင်း၊ ပညာပေးခြင်း ပြုလုပ်ခဲ့သည်
ရန်ကုန် - ကျန်းမာရေးဌာနက ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ပွဲရုံအများအပြားကို ဇူလိုင် ၁ ရက်နေ့တွင် ရှောင်တခင် ဝင်ရောက်ပြီး စားသောက်ကုန်မျိုးစုံကို စစ်ဆေးခဲ့သည်။
မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) က စစ်ဆေးရေးအဖွဲ့ငယ် ၆ ဖွဲ့ဖြင့် ကုန်စည်ဒိုင်အတွင်း သွားရောက်ပြီး လက်ဖက်စို၊ လက်ဖက်ခြောက်၊ ဆီ၊ ငါးပိမျိုးစုံ၊ ငရုတ်သီးမှုန့်၊ ပဲမျိုးစုံ၊ ငရုပ်ဆီ၊ ငါးခြောက်၊ ပုဇွန်ခြောက် အစရှိသည့် စားသောက်ကုန်များကို စစ်ဆေးရန် နမူနာ ဝယ်ယူခြင်း၊ တချို့ကို ရွေ့လျားဓာတ်ခွဲယာဉ်အတွင်း ချက်ချင်း စစ်ဆေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့တို့နှင့်အတူ သွားရောက်စစ်ဆေးသည့် အစီအစဉ်တွင် စစ်ဆေးခံရသည့် ကုန်စုံဆိုင်နှင့် ပွဲရုံ လုပ်ငန်းရှင်များကလည်း ပူးပေါင်းဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။
စားသောက်ကုန်များတွင် တားမြစ်ထားသော ဆိုးဆေး၊ ဓာတုဆေး ပါဝင်ခြင်း ရှိမရှိ ပုံမှန်စစ်ဆေးရေး လုပ်ငန်းစဉ်အတွက် ယခင်ကလည်း ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ပွဲရုံတချို့၊ ရန်ကုန်ရှိ ဈေးကြီးများကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။ အန္တရာယ်ဖြစ်စေသော အစားအသောက် အမျိုးအစား၊ အမှတ်တံဆိပ်များကို စားသုံးသူတို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အစိုးရ မီဒီယာများတွင် ထုတ်ပြန်လျက်ရှိသည်။


ဇူလိုင် ၁ ရက်နေ့ ဘုရင့်နောင်ပွဲရုံစစ်ဆေးရေး အစီအစဉ်တွင် FDA အရာရှိတို့က ပွဲရုံလုပ်ငန်းရှင်များကို ပွဲရုံအတွင်း သန့်ရှင်းရေး၊ ကုန်စည်ရင်းမြစ် စသည်တို့နှင့် ပတ်သက်ပြီး ပညာပေး တိုက်တွန်းမှုများ ပြုလုပ်သည်ကို တွေ့ရသည်။


ကျန်းမာရေးဌာနက ဝင်ရောက်စစ်ဆေးရန် တာဝန်ရှိသည်ကို သဘောပေါက်ကြောင်း ပွဲရုံလုပ်ငန်းရှင်တစ်ဦးဖြစ်သော ဒေါ်ဝင်းမြင့်က ပြောသည်။
"ဒီမှာတော့ လက်ဖက်(အစို)တွေကို ဝင်စစ်သွားတယ်။ ဓာတ်ခွဲခန်းပို့ဖို့အတွက်လည်း ရောင်းလိုက်ရတယ်။ ဒီလိုစစ်တာတော့ ဒါပထမဆုံးကြုံဖူးတာပေါ့။ အဆင်ပြေပါတယ် သူတို့အနေနဲ့ကလည်း တာဝန်အရ ဝင်စစ်တာပဲလေ" ဟု လက်ဖက်ပွဲရုံလုပ်ငန်း လုပ်သက် ၁ဝ နှစ်ရှိပြီ ဖြစ်သော ဒေါ်ဝင်းမြင့်က ပြောသည်။
ဘုရင့်နောင်တွင် အနံ့ပြင်း စားသောက်ကုန် သိုလှောင်ဖြန့်ဖြူးသည့် ပွဲရုံ အများအပြား ရှိရာ ဇူလိုင် ၁ ရက်နေ့က FDA ဝင်ရောက်စစ်ဆေးခဲ့သည့် နေရာများတွင် ယင်ကောင် ကင်းစင်နေသည်ကို သိသိသာသာ တွေ့ရသည်။ ယင်ကင်းစစ်စေရန် မည်သို့သော အစီအမံကို အသုံးပြုကြောင်း မသိရသေးပေ။
ပြည်သူ့ကျန်းမာရေးဌာနနှင့် ပူးပေါင်းပြီး လူထုပညာပေး ဟောပြောပွဲများကိုလည်း နယ်မြို့များတွင် အခါအားလျော်စွာ ပြုလုပ်နေသည့် FDA သည် ဈေးကွက်အတွင်း အစားအသောက်များ အန္တရာယ်ကင်းစေရန် ထုတ်လုပ်၊ ရောင်းချ၊ ဖြန့်ဖြူးသော လုပ်ငန်းရှင်တို့ကို တိုက်တွန်းခြင်း၊ စားသုံးသူတို့ကိုလည်း အခါအားလျော်စွာ ထုတ်ပြန်နေသော သတင်းများကို ဂရုတစိုက်ဖတ်ရှု လေ့လာပြီး ဆောင်ရန် ရှောင်ရန်များကို လိုက်နာကြရန် လှုံ့ဆော်ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။
တားမြစ်ဆိုးဆေး၊ တားမြစ်ဓာတုဆေး ပါဝင်သော အစားအသောက်များ စစ်ဆေး တွေ့ရှိပါက စားသုံးရန် မသင့်ကြောင်း အများပြည်သူ သိရှိရန် ကြေညာခြင်း၊ ဆက်လက်ထုတ်လုပ်ရောင်းချခြင်း မပြုရန် လုပ်ငန်းရှင်ကို သတိပေးခြင်း ပြုလုပ်လျက်ရှိပြီး ညွှန်ကြားချက် မလိုက်နာသော လုပ်ငန်းရှင်ကို အရေးယူမည်ဖြစ်ကြောင်း သိရသည်။
(သတင်းရေးသားသည့် စုစု၊ ဓာတ်ပုံရိုက်ကူးသည့် ပြည့်ပြည့်တို့သည် ရန်ကုန်မြို့၊ မြန်မာသတင်းပညာသိပ္ပံတွင် စာနယ်ဇင်းပညာသင်ယူနေကြပြီး Myanmar Now ရုံးတွင် အလုပ်သင် သတင်းထောက်များအဖြစ် ယာယီ လုပ်ကိုင်လျက်ရှိသည်)
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။














