“ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်ကပဲ ရွေးချယ်သင့်ပါတယ်”

ရန်ကုန် - လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၂ နေရာ၊ ကချင်ပြည်နယ်လွှတ်တော် ၂ နေရာ၊ ရှမ်းပြည်နယ် လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီး ၁ နေရာအတွက် အနိုင်ရခဲ့သည်။

ပါတီ၏ အထွေထွေအတွင်းရေးမှူး၊ ၃၆ နှစ်အရွယ် ရှေ့နေ ဦးလာမာလေးသည် ကချင်ပြည်နယ် ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ အရွေးခံရခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း Myanmar Now က ဆက်သွယ်မေးမြန်းစဉ် ဦးလာမာလေးက ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက ရွေးချယ်ခြင်းမပြုဘဲ ပြည်နယ်လွှတ်တော်က ရွေးချယ်သင့်ကြောင်း မှတ်ချက်ပေးသည်။ ဒုက္ခသည်၊ ငြိမ်းချမ်းရေး၊ ကချင်ဒေသ၊ လီဆူတိုင်းရင်းသားအရေးတို့နှင့် ပတ်သက်သည့် ဆက်သွယ်မေးမြန်းချက်ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မေး - ဦးလာမာလေးက လီဆူတိုင်းရင်းသားဖြစ်ပေမဲ့ ကချင်ပြည်နယ်၊ ဆော့လော်မြို့မှာ ဘာကြောင့် အနိုင်ရတာလဲ။ အဲဒီမှာ လီဆူက အများစုလား။

ဖြေ - အဲဒီဒေသမှာ လူဦးရေ ၆,ဝဝဝ ကျော်ရှိပါတယ်၊ မဲပေးနိုင်တဲ့ အရေအတွက်က ၃,၈ဝဝ ပါ၊ အဲဒီထဲမှာမှ လီဆူလူမျိုးက ၁,၄ဝဝ ပါ။ ဒေသခံတွေက သူတို့အခက်အခဲတွေကို လွှတ်တော်ကို တင်ပေးနိုင်မယ်ထင်ပြီး မဲပေးခဲ့တာမို့လို့ကျွန်တော် အနိုင်ရရှိခဲ့တာလို့ယုံကြည်ပါတယ်။ ပါတီအနေနဲ့ပြောမယ်ဆိုရင် အခြားပါတီတွေနဲ့ ယှဉ်လို့မရပါဘူး။ ကျွန်တော်တို့က ပါတီငယ်လေးပါပဲ။

မေး - လွှတ်တော်မှာ အဓိက ဘယ်အကြောင်းအရာတွေကို ဆွေးနွေးသွားမလဲ။

ဖြေ - ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ဒုက္ခသည်ကိစ္စရယ်၊ ငြိမ်းချမ်းရေးကိစ္စရယ်၊ ဆော့လော်မြို့နယ် ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ပညာရေး၊ ကျန်းမာရေး၊ နောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေထဲက တချို့ဥပဒေတွေကို ပြင်ဆင်ဖို့အတွက်လည်း ဆွေးနွေးသွားမှာပါ။

မေး - အခြေခံဥပဒေရဲ့ ဘယ်ပုဒ်မတွေကို ပြင်ဆင်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ - ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်ကပဲ ရွေးချယ်သင့်ပါတယ်။ သမ္မတကနေ တိုက်ရိုက်ခန့်တဲ့ စနစ်ကို လုံးဝ မကြိုက်ပါဘူး၊ ပြင်သင့်ပါတယ်။ တခြားဥပဒေနဲ့ပတ်သက်ရင်တော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ပြစ်ဒဏ်တွေကိုလည်း ပြင်ချင်ပါတယ်။ ပုဒ်မ ၁၅ က သုံးစွဲတဲ့ အမှု။ ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် သုံးစွဲရင် ထောင် ငါးနှစ်ချတယ်။ ကလေးတွေကျတော့ ပြုပြင်ထိန်းကျောင်းနိုင်အောင် ပြစ်ဒဏ်လျှော့သင့်ပါတယ်။ လူငယ်ဆိုတာက အနာဂတ်ရဲ့ခေါင်းဆောင်တွေပါ။

မေး - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အလားအလာ ဘယ်လိုရှိမယ်ထင်ပါသလဲ။

ဖြေ - လက်နက်ကိုင်အဖွဲ့အစည်းတော်တော်များများက အရင်အစိုးရထက်စာရင် NLD အစိုးရကို ပိုပြီးတော့ မျှော်လင့်တဲ့ပုံစံကို ကျွန်တော်မြင်နေရပါတယ်။ တပ်မတော်က လက်ရှိအသစ်တက်လာမယ့် အစိုးရနဲ့အတူ လက်တွဲပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး တိုးတက်ဖို့လုပ်မလား၊ မလုပ်ဘူးလား ဆိုတဲ့ အပိုင်းကို စောင့်ကြရဦးမှာဆိုတော့ ပြောဖို့တော့ ခက်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ မျှော်လင့်ထားသလို ဖြစ်မလာရင်တော့ တိုက်ပွဲကတော့ ဆက်ဖြစ်နေအုံးမှာပဲ။ အစိုးရနဲ့စစ်တပ် ညှိနှိုင်းဆောင်ရွက်မယ်ဆိုရင်တော့ တိုက်ပွဲဖြစ်ပွားမှု လျော့နည်းလာမှာပါ၊ ညှိနှိုင်းမလုပ်ဘူးဆိုရင်တော့ တိုက်ပွဲ ပိုဖြစ်လာနိုင်တယ်။

မေး - ကချင်ပြည်နယ်မှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့အခြေအနေဘယ်လိုရှိလဲ။

ဖြေ - အစိုးရ ထိန်းချုပ်မှုနယ်မြေမှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို NGO အဖွဲ့အစည်းတွေက ထောက်ပံ့နေပါတယ်။ အစိုးရ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့သူတွေကျတော့ ကိုယ်ဘာသာကိုယ် ရပ်တည်နေရတာကို တွေ့ရပါတယ်၊ အဲဒီနေရာတွေကို NGO အဖွဲ့အစည်းတွေက မသွားရဲသလို အစိုးရကလည်း လုံခြုံရေးမယူပေးနိုင်ပါဘူး၊ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို အစိုးရကရော အရပ်ဘက်အဖွဲ့အစည်းတွေကရော ပြည့်ပြည့်ဝဝ မထောက်ပံ့ပေးနိုင်တာကို တွေ့ရပါတယ်။ အမြန်ဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်၊ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုး၊ အဲဒါမှပဲ နေရပ်ကိုပြန်နိုင်မှာပါ။ ဒီပုံစံအတိုင်းပဲဆိုရင်တော့ ဘယ်လိုမှ နေရပ်ကို ပြန်နိုင်မှာ မဟုတ်ပါဘူး။

မေး - အစိုးရသစ်လက်ထက် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာမှာ ဘယ်လိုအခက်အခဲတွေ တွေ့နိုင်လဲ။ အောင်မြင်နိုင်ပါမလား။

ဖြေ - တရားဥပဒေစိုးမိုးမှုရှိအောင် လက်နက်ကိုင်တဲ့ အဖွဲ့တွေက ဝိုင်းဝန်းကူညီရပါမယ်။ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းထဲမှာ ရဲလည်း ပါမယ်၊ ပြည်သူ့စစ်အဖွဲ့တွေလည်း ပါမယ်၊ နယ်ခြားစောင့်တပ် အဖွဲ့တွေလည်းပါမယ်၊ အားလုံးက သူ့နေရာနဲ့သူ အလုပ်လုပ်ကြမယ်၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ထိန်းကျောင်းမယ်ဆိုရင်တော့ တရားဥပဒေစိုးမိုးမှု ရှိလာနိုင်မှာပါ။ တရားရေးလောက တရားရေးဌာနတွေက သူတို့ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လွတ်လွတ်လပ်လပ်လုပ်နိုင်မှပဲ တရားဥပဒေစိုးမိုးမှု ရှိနိုင်မယ်လို့ မြင်ပါတယ်။

မေး - အစိုးရ အသစ်က ဘယ်ကိစ္စတွေကို ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ ယူဆပါသလဲ။

ဖြေ - တိုင်းရင်းသားရင်ကြားစေ့ရေးကိစ္စကို အဓိက လုပ်ဆောင်သင့်ပါတယ်။ ထာဝရငြိမ်းချမ်းရေးရအောင် လုပ်ဆောင်သင့်ပါတယ်။ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေကလည်း မဖြစ်နိုင်တဲ့ အရာတွေကိုတော့ မတောင်းဆိုပါနဲ့။ ဥပမာပြောရရင် ကရင်မို့လို့ ကရင်လူမျိုးအတွက်ပဲ အခွင့်အရေးတောင်းဆိုတာမျိုး မဖြစ်သင့်ပါဘူး၊ ကရင်ပြည်နယ်မှာဆိုရင် အဲဒီမှာရှိတဲ့ တိုင်းရင်းသားအားလုံးအတွက် ကိုယ်စားပြုတောင်းဆိုမှုမျိုးပဲ ဖြစ်သင့်ပါတယ်။

မေး - ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ပြည်ထောင်စု အစိုးရ၊ ပြည်နယ်အစိုးရတွေက လီဆူတိုင်းရင်းသားတွေအတွက် ဘာတွေ လုပ်ပေးခဲ့သလဲ။

ဖြေ - ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကျွန်တော်တို့လူမျိုးအတွက် သီးသန့်လုပ်ပေးခဲ့တာ ဘာမှမရှိပါဘူး။ အစိုးရ အသစ်လက်ထက်မှာ ကချင်ပြည်နယ်မှာ ဆိုရင် ချီဖွေ၊ ဆော့လော်၊ ခေါင်လန်ဖူး၊ ပူတာအို၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်းစတဲ့ ဒေသတွေမှာဆိုရင် တရားဥပဒေစိုးမိုးမှုရှိအောင်ပြုလုပ်ပေးသင့်ပါတယ်။ ဆော့လော်မှာဆိုရင် ပြည်သူ့စစ်က နှစ်ဖွဲ့တောင် ရှိပါတယ်။ အစိုးရတပ်မတော်အဖွဲ့ရှိတယ်။ KIA အဖွဲ့တွေ ရှိပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ခြိမ်းခြောက်မှုအောက်က လွတ်ပြီးတော့မှ ဒီမိုကရေစီစံနှုန်းအတိုင်း မိမိရဲ့လွတ်လပ်ပိုင်ခွင့်ကို အပြည့်အဝ ရရှိစေချင်ပါတယ်။ ဖွံ့ဖြိုး တိုးတက်မှု တော်တော်လေး နိမ့်ကျပါတယ်။ အဲဒီဘက်မှာ ကတ္တရာလမ်းဆိုတာ မရှိပါဘူး။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အနေအထားနဲ့ပြောမယ်ဆိုရင် မိုးနဲ့မြေလောက်ကို ကွာပါတယ်။ ပညာရေးမှာ ၃ တန်းတက်နေတဲ့ ကလေးက မြန်မာစကားကို မတတ်သေးပါဘူး။ ကျန်းမာရေးအပိုင်း ပြောမယ်ဆိုရင်လည်း ယင်လုံအိမ်သာတောင် မသုံးတတ်ကြ၊ မဆောက်တတ်ကြပါဘူး။ ဖုန်းလိုင်း မရပါဘူး။ ရှမ်းပြည်နယ်နဲ့မန္တလေးတိုင်းမှာ ရှိတဲ့ လီဆူလူမျိုးတွေ မှတ်ပုံတင်မရတဲ့ ကိစ္စတွေကိုလည်း အစိုးရအသစ်အနေနဲ့ ကူညီဖြေရှင်းပေးစေချင်ပါတယ်။ မှတ်ပုံတင်မရဘူးဆိုတာ မွေးရာပါ နိုင်ငံသားအခွင့်အရေးကို ဆုံးရှုံးတဲ့ သဘောပါပဲ။

မေး - ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင်တွေတပ်တွေထဲမှာ လီဆူတိုင်းရင်းသားတွေ ပါသလား။

ဖြေ - အနည်းအကျဉ်းတော့ ပါပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆန္ဒမပါပေမယ့်လည်း တချို့လက်နက်ကိုင်အဖွဲ့အစည်းတွေ တပ်သားစုဆောင်းပြီဆိုရင် သွားရတယ်။ အစ်ကိုက မသွားရင် ညီကို ဖမ်းထားမယ်။ ညီရော အစ်ကိုရော မသွားဘူးဆိုရင် မိဘတွေကို ဒဏ်ပေးတာမျိုးတွေ ပြုလုပ်ပါတယ်။ သူတို့ဆန္ဒမပါလည်း တပ်သားစုဆောင်းခံရပါတယ်။

မေး - မြန်မာပြည်မှာ အစ္စလမ်နဲ့ ဟိန္ဒူဘာသာဝင် အများအပြားရှိပေမယ့် လွှတ်တော်အသီးသီးမှာ အဲဒီဘာသာဝင်တွေ တစ်ယောက်မှ မပါတာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ - မူစလင်ဖြစ်စေ၊ ဟိန္ဒူဖြစ်စေ နိုင်ငံသားတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ပြည့်ပြည့်ဝဝ ရစေချင်ပါတယ်။ ဒီနိုင်ငံမှာ မွေးလျက်သားနဲ့ နိုင်ငံသားအခွင့်အရေးကို မရဘူးဆိုရင်တော့ ဒီမိုကရေစီ မဟုတ်တော့ပါဘူး။ ဘာလူမျိုးပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံသားမှန်ရင် ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ရသင့်ပါတယ်။

မေး - တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် အရေအတွက်က နည်းတယ်ဆိုတော့ လွှတ်တော်မှာ တိုင်းရင်းသားအရေးကိစ္စတွေကို ဦးစားပေး ဆွေးနွေးနိုင်ပါ့မလား။

ဖြေ - ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းရင်းသားရင်ကြားစေ့ရေးကို လက်တွေ့ အကောင်အထည်ဖော်မယ် လို့ ပြောပါတယ်။ ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရမယ့် အနေထားပါ။

မေး - ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ဘာတွေက အဟန့်အတား ဖြစ်နေတယ်လို့ ယူဆပါသလဲ။

ဖြေ - အဓိက အဟန့်အတားကတော့ မဟာလူမျိုးကြီးဝါဒ လို့မြင်ပါတယ်။ ငါ့လူမျိုးပဲ တိုးတက်ရမယ်လို့ နိုင်ငံခေါင်းဆောင်ပိုင်းမှာ အဲဒီလိုဖြစ်နေ၊ အဲဒီလိုစိတ်ဓာတ်ရှိနေသရွေ့တော့ ဘယ်တော့မှ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဖက်ဒရယ် တပ်မတော်ဖွဲ့စည်းနိုင်မှပဲ ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းနိုင်မယ်လို့ယုံကြည်ပါတယ်။ တော်တဲ့၊ တတ်တဲ့ လူတွေနဲ့ ဦးစားပေးဖွဲ့စည်းရပါမယ်။ ငါ့လူမျိုးပဲ ရှိရမယ်ဆိုတဲ့စိတ်တွေနဲ့ မဖွဲ့စည်းသင့်ပါဘူး။ လူငယ်တွေကိုလည်း ဦးစားပေးပြီး ရွေးချယ်သင့်ပါတယ်။ ။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading