သတင်း

သရော်စာရေးသူ၊ ဖော်ပြသူတို့ကို တပ်မတော် ထပ်မံတရားစွဲ

ရန်ကုန် – The Voice သတင်းစာတွင် ဖော်ပြခဲ့သော ကျည်ထောင်စုသစ္စာ သရော်စာနှင့် ပတ်သက်ပြီး ရေးသားသူ ဗြိတိသျှကိုကိုမောင်၊ အယ်ဒီတာချုပ်ဦးကျော်မင်းဆွေတို့ကို တပ်မတော်က မီဒီယာဥပဒေဖြင့် တရားစွဲထားသည့် အမှုကို ရန်ကုန်၊ ဗဟန်းမြို့နယ်တရားရုံးက ဇူလိုင် ၂၁ ရက်နေ့တွင် လက်ခံလိုက်သည်။

ယခု စွဲဆိုသော သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ) သည် ပြစ်မှုထင်ရှားပါက ငွေဒဏ် သုံးသိန်းမှ ငွေဒဏ် ဆယ်သိန်းအထိသာ ချမှတ်နိုင်သော၊ အာမခံပေးနိုင်သော ပုဒ်မဖြစ်သည်ဟု စွပ်စွဲခံရသူတို့၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဆိုသည်။

တပ်မတော်က ၎င်းတို့နှစ်ဦးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် စွဲဆိုထားသော အမှု မပြီးပြတ်သေးခင်မှာပင် အမှုသစ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အာမခံသူနှစ်ဦးက ကျပ်ဆယ်သိန်းတန် အာမခံစာချုပ် ချုပ်ဆိုပြီး အာမခံပေးခဲ့သဖြင့်  ဗြိတိသျှကိုကိုမောင်သည် ဤအမှုကို ပြင်ပတွင် ဆက်လက် ရင်ဆိုင်မည်ဖြစ်သည်။

အယ်ဒီတာချုပ် ဦးကျော်မင်းဆွေသည် ပုဒ်မ ၆၆ (ဃ) ဖြင့် အထိန်းသိမ်းခံနေရဆဲဖြစ်သောကြောင့် ဤအမှုအတွက် အာမခံလျှောက်ဦးမည်မဟုတ်ဟု ဥပဒေအကြံပေးက ပြောသည်။

သရော်စာရေးသူ၏တုံ့ပြန်ချက်

ကနဦးတွင် ဗြိတိသျှကိုကိုမောင်သည်လည်း အယ်ဒီတာချုပ်နှင့်အတူ အင်တာနက်စာမျက်နှာတွင် ရေးသားဖော်ပြခြင်းနှင့် သက်ဆိုင်သော ပုဒ်မ ၆၆ (ဃ) ဖြင့် ထိန်းသိမ်းခံရသည်။

နောက်ပိုင်းတွင် အာဏာပိုင်တို့က The Voice သတင်းစာ အွန်လိုင်းစာမျက်နှာကို ကိုင်တွယ်ထိန်းချုပ်သူ မဟုတ်သော ဗြိတိသျှကိုကိုမောင်ကို  ပြန်လွှတ်ပေးလိုက်သည်။

ဇူလိုင် ၂၁ ရက်နေ့ တရားခွင်သို့  ဗြိတိသျှကိုကိုမောင်လည်း  ရောက်ရှိလာသည်။

“မီဒီယာသမားတွေ၊ စာနယ်ဇင်းတွေအတွက် သတ်မှတ်ထားတဲ့ ဥပဒေဖြစ်တဲ့အတွက် ဒီဥပဒေနဲ့စွဲတာကို ဘာမှ မပြောလိုပါဘူး။ ဒါပေမဲ့  မီဒီယာသမားတွေ၊ စာရေးဆရာတွေကို ၆၆(ဃ)လိုမျိုး ဒီမိုကရေစီ မဆန်တဲ့ဟာမျိုးနဲ့ စွဲတာတွေကိုတော့ ကန့်ကွက်ပါတယ်။ အဲဒါကိုတော့ ကျွန်တော်က လက်မခံပါဘူး” ဟု  စာရေးဆရာ ဗြိတိသျှကိုကိုမောင်က ပြောသည်။

အာမခံ ၇ ကြိမ် လျှောက်ထားမှု

၆၆(ဃ) ဖြင့် စွဲဆိုထားသော အမှုကို ၇ ကြိမ်မြောက် ရုံးချိန်းအဖြစ် ဗဟန်းတရားရုံးတွင် ဆက်လက်စစ်ဆေးခဲ့သည်။   

အမှုကို ပြင်ပတွင် ရင်ဆိုင်ရေးအတွက် အယ်ဒီတာချုပ်က အာမခံလျှောက်ထားသော်လည်း တရားရုံးက အာမခံ မပေးချေ။

အာမခံ အကြိမ်ကြိမ် ငြင်းပယ်သည့် ဗဟန်းမြို့နယ်တရားရုံးသည် ဥပဒေနှင့်အညီ မှန်ကန်မျှတစွာ စစ်ဆေးစီရင်နိုင်မည်မဟုတ်ဟု အယ်ဒီတာချုပ်က သဘောရိုးနှင့်ယုံကြည်သည့်အတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၉၁ အရ အခြား သင့်လျော်သည့် တရားရုံးတစ်ခုသို့ ပြောင်းရွှေ့ပေးရန် လျှောက်ထားခဲ့သော်လည်း ပယ်ချခံရဖူးသည်။

ပုဒ်မ ၆၆(ဃ) ဖြင့် စွဲဆိုချက်ကို ရင်ဆိုင်နေရစဉ်  တည်ဆဲဥပဒေပြဌန်းချက်များနှင့် မညီညွတ်ဘဲ ဆောင်ရွက်နေသောကြောင့် ယခုအမှုတွင် ပါရှိသည့် အထောက်အထားများကို ရန်ကုန်တိုင်း တရားလွှတ်တော်သို့ ရက်ပိုင်းအတွင်း  တင်ပြသွားမည်ဟု ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။

Show More

Related Articles

Back to top button