"ဝန်ထမ်းအားလုံးက သစ္စာမခံသေးဘူး"

မကြာသေးခင်က တွေ့ရသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင် (ဓာတ်ပုံ - အိချယ်ရီအောင်/Myanmar Now)
မကြာသေးခင်က တွေ့ရသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင် (ဓာတ်ပုံ - အိချယ်ရီအောင်/Myanmar Now)

ရန်ကုန် -  ယခင်ဝန်ထမ်းများဖြင့် ဆက်လက်လည်ပတ်ရသော အစိုးရယန္တရား လိုရာခရီး မရောက်နိုင်သေးခြင်းကို နားလည်ပေးရန် လိုအပ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောသည်။

မကြာသေးခင်က Myanmar Now နှင့် တွေ့ဆုံစဉ် မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရန်အောင်က လူထု၏ ပါဝင်မှု၊ အငြင်းပွားဖွယ် ဥပဒေများ၊ တရားစီရင်ရေးမဏ္ဍိုင်တို့အကြောင်း ပြောပြထားသည်။ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးရန်အောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု အမတ်တစ်ဦး ဖြစ်သည်။
 
မေး - ကိုယ်စားလှယ်တစ်ဦးအနေနဲ့  ဘာတွေများ လုပ်ဆောင်နေပါသလဲ။

ဖြေ - အခုလောလောဆယ် လှုပ်ရှားမှုက နှစ်ပိုင်းပေါ့။ လွှတ်တော်တစ်ပိုင်း ကိုယ်မဲဆန္ဒနယ်တစ်ပိုင်းပေါ့။ ကျွန်တော်တို့မြို့နယ်တွေမှာပဲ မဟုတ်ဘူး။ တိုင်းပြည်တစ်ပြည်လုံးမှာလည်း လိုအပ်ချက်တွေ အများကြီး။ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာဆို အလွန်အမင်းရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်။ ဒါတွေက ပြန်ပြီးတော့ ဆန်းစစ်ကြည့်မယ်ဆို မြစ်၊ ချောင်းနဲ့ ပတ်သက်ပြီးတော့ စနစ်တကျ လုပ်နိုင်ခဲ့တဲ့ အခြေအနေမရှိခဲ့ဘူး။ မြစ်ထွက်ပေါက်တွေကို အရင်တုန်းက စနစ်တကျ မထိန်းသိမ်းနိုင်ခဲ့ဘူး။ အမှိုက်တွေ ပိတ်ဆို့တယ်၊ ရေစုကန်တွေ မရှိတော့ဘူး။ မိုးရွာပြီဆို မြို့နယ်တချို့မှာ ရေကြီးတယ်၊ ရေကြီးရေလျှံမှုပြဿနာ ဆက်မဖြစ်အောင် အမြန်ဆုံးလုပ်ဖို့လည်း လိုပါတယ်။ ဒါကတစ်ချက်ပေါ့။ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာဆို ရပ်ကွက် ၂ဝ ရှိပါတယ်။ ပြည်ထောင်စုဘတ်ဂျက်ဆိုပြီး သိန်း ၁ဝဝဝ ချပေးပါတယ်။  တစ်ရပ်ကွက်ကို သိန်း ၅ဝ ခွဲတမ်း ရပါတယ်။ စနစ်တကျသုံးဖို့ လိုပါတယ်။ သုံးမယ့်နေရာတွေကို ကျွန်တော်တို့ကိုယ်တိုင် လိုက်ကြည့်ပါတယ်။ တစ်ခါတစ်လေကျရင် အုပ်ချူပ်ရေးပိုင်းနဲ့  ပြည်သူလူထုကြားမှာ အမြင်က မတူဘူးပေါ့။

လူထုနဲ့တွေ့တဲ့အခါတိုင်း လက်ရှိနိုင်ငံရေး အခြေအနေကို ရှင်းပြပါတယ်။ လက်ရှိလုပ်နေရတဲ့ နိုင်ငံရေး အခက်အခဲအကြပ်အတည်းကို ရှင်းပြပါတယ်။ လူထုအခြေပြုနိုင်ငံရေးစနစ်ကို ပြောင်းလာတာ အခက်အခဲ အကြပ်အတည်းတွေတော့ အများကြီး ရှိတာပေါ့။ တစ်နည်းအားဖြင့် ဒီစနစ်ရဲ့အခင်းအကျင်းနဲ့ လူထုရဲ့စိတ်အခြေအနေက အံဝင်ခွင်ကျ မဖြစ်တာလည်း သွားတွေ့ရတယ်။ တစ်စုံတစ်ရာ စည်းစနစ်ကျဖို့ ဆွေးနွေးတဲ့အခါ လိုက်ပါဖို့ အခက်အခဲရှိတယ်။ ဒါကလူထုဘက်က အနေအထားပေါ့။ နောက်တစ်ခုက အစိုးရကအသစ်၊ ဝန်ထမ်းတွေက အဟောင်းတွေ။ ရှင်းရှင်းပြောမယ်ဆို ဝန်ထမ်းအားလုံးက သစ္စာမခံသေးဘူး။ စိုက်ထုတ်သလောက် ခရီးမရောက်တာကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေပေါ့။ စနစ်တစ်ခုကနေ တစ်ခုကို ပြောင်းတဲ့အခါ အလွယ်တကူ အသားကျဖို့တော့ အခက်အခဲ ရှိပါတယ်။   

မေး - မင်္ဂလာတောင်ညွှန့်ဆိုတာ ဘာသာမတူတဲ့တွေ အတူယှဉ်တွဲ နေထိုင်တဲ့ မြို့နယ်ဆိုတော့ ပဋိပက္ခ မဖြစ်အောင်ရော ဘယ်လိုတွေ လုပ်ဆောင်နေပါသလဲ။

ဖြေ -  လောလောဆယ်တော့ ရပ်ကွက်တိုင်းမှာ အဖွဲ့တွေ တည်ဆောက်ထားပါတယ်။ အဲ့ဒီအဖွဲ့အစည်းတွေနဲ့တွေ့ပြီးတော့ ပဋိပက္ခတွေ မဖြစ်ပေါ်အောင် နားလည်မှုတည်ဆောက်ပြီး နေပါတယ်။ ထွေအုပ်နဲ့လည်း အမြဲမပြတ်တွေပါတယ်။ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းတွေနဲ့လည်း အမြဲတမ်း အဆက်အသွယ်ရှိပါတယ်။ သူတို့ကလည်း ဝိုင်းဝန်း ထိန်းကြောင်း ပေးပါတယ်။

မေး - အမှိုက်စနစ်တကျစွန့်ပစ်မှုနဲ့ပတ်သက်ပြီး လူထုပါဝင်လုပ်ဆောင်မှု အပေါ်မှာရော အားရကျေနပ်မှု ရှိလား။

ဖြေ -  အမှိုက်ပုံးတွေ ထားပေးထားပေမယ့် တချို့က အံ့သြဖို့ကောင်းတယ်၊ အမှိုက်ပုံးဖွင့်ရမှာကို တော်တော်ရွံနေပုံရတယ်။ အမှိုက်ပုံးကို အမှိုက်ထုတ်ပေးမှာပဲ ထားခဲ့တယ်။ ကြောင်တွေ ခွေးတွေက ဝင်ဆွဲတော့ အဲ့ဒီအမှိုက်က ဒီအတိုင်းမနေဘူး၊ အနံ့အသက်တွေထွက်၊ အမှိုက်တွေကပြန့်ကျဲ၊ ဒီစနစ်က လူထုဘက်က ပူးပေါင်းဆောင်ရွက်ရမယ့် စနစ်ပါ။ အမှိုက်ကို စနစ်တကျ ပစ်ပါဆိုပြီး ပြောရမှာ အားနာတယ်။ အမှန်က ဒါက ပြောစရာမလိုတဲ့ကိစ္စဗျ။ အလွယ်တကူပစ်တာက ရှိနေတုန်းပဲ။ နောက်ဖေးလမ်းကြားမှာ CCTV တပ်ထားပေမယ့်လည်း အမှိုက်ပစ်နေတာတွေကတော့ ရှိနေတုန်းပါပဲ။ CCTV နဲ့ထိန်းကြောင်းရတယ်ဆိုတာက သိပ်မဟုတ်သေးဘူး။ အဲ့လိုမှမထိန်းကျောင်းလို့လည်း မရဘူး။

မေး - တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးအနေနဲ့ မြန်မာနိုင်ငံတရားစီရင်ရေးကိုရော ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဖြေ -  တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းနေတယ်ဆိုတာက ကျိန်းသေတယ်၊ သေချာတယ်။ တချို့ကိစ္စတွေမှ ဖိအားတွေနဲ့ လုပ်နေရတာပါ။ ကျွန်တော်တို့ကော်မတီကိုဆိုရင် တရားသူကြီး၊ ရှေ့နေတွေ၊ အုပ်ချူပ်ရေးမှူးတွေကို တိုင်တဲ့စာတွေလည်း အများကြီးရှိပါတယ်။ ၄ဝဝ ကျော်လောက် ရှိပါပြီ။ တရားစီရင်ရေးမဏ္ဍိုင်ကြီး ယိမ်းယိုင်နေတယ်၊ တိမ်းစောင်းနေတယ်ဆိုတာက တော်တော်မကောင်းတဲ့ကိစ္စပါ။ ချက်ချင်းကြီး တည့်မတ်ဖို့ကလည်း မဖြစ်နိုင်သေးဘူး။ ဖြည်းဖြည်းချင်း တည့်မတ်ဖို့ပဲ ဝိုင်းကြိုးစားနေရတဲ့ အနေအထားဖြစ်နေတယ်။

မေး - ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) လို ဥပဒေတွေကို ဖျက်သိမ်းသင့်တယ်လို့များ ယူဆလား။

ဖြေ -   ဒီပုဒ်မ နှစ်ခုလုံးက မဖျက်သိမ်းသင့်ဘူး။ ဒါတွေကို လုံးဝဖြတ်လို့တော့ မသင့်ဘူး။ သို့သော်လည်း ခေတ်ကာလနဲ့မလျော်ညီတော့တဲ့ အချက်တွေကိုတော့ ဖြေလျှော့ပေးဖို့လိုပါတယ်။  ကိုယ့်ရဲ့ စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား၍သော်လည်းကောင်း၊ မိမိအသက်အန္တရာယ်ကို စိုးရိမ်ရတဲ့အတွက် ဆက်ဆံရတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ၁၇ (၁)လို အခြေအနေမျိုးက အကျုံးမဝင်ဘူး၊ တရားစွဲလို့မရဘူး ဆိုပြီးတော့ ဥပဒေကြမ်းလုပ်ထားတာ ရှိပါတယ်။ တစ်ကြိမ်တည်းနဲ့တော့ အားလုံးနဲ့ကိုက်ညီတဲ့ ဥပဒေ ဖြစ်ချင်မှဖြစ်မယ်၊  ဖြည်းဖြည်းချင်း သွားရမှာပေါ့။ နိုင်ငံရေးအခြေအနေ၊ လူမှုရေးအခြေအနေနဲ့ကိုက်ညီတဲ့ အချက်တွေကိုတော့ ထပ်ထည့်သင့်ပါတယ်။

မေး - မကြာသေးခင်က သတင်းထောက်တွေ ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး ဘယ်လို ယူဆသလဲ။

ဖြေ - သတင်းသမားတွေ တစ်ခုခုဖြစ်တာနဲ့ မီဒီယာကောင်စီက သွက်သွက်လက်လက် ထိထိရောက်ရောက် သက်ဆိုင်ရာကို စာနဲ့ပေနဲ့သွားသင့်လည်းသွား၊ လိုအပ်ရင်လည်း ပုဂ္ဂိုလ်ရေးအရ ချဉ်းကပ်ပြီး သွားသင့်ပါတယ်။ ၁၇ (၁) ဥပဒေနဲ့သတင်းမီဒီယာဥပဒေ နှစ်ဦးကြားက ဟနေတယ်။ အဲ့ဒီနှစ်ဦးကြား အဆင်ပြေအောင် မီဒီယာကောင်စီက ညှိနှိုင်းပေးရမှာလေ။ ဒါမျိုးတွေကိုတော့ ကောင်းကောင်းကြီး လုပ်စေချင်တယ်။ ကိုယ့်ဘက်က ပိုပြီးတော့ ပါဝင်ဆောင်ရွက်ဖို့လိုတယ်။ အားလုံးက အလိုအလျောက်ဖြစ်လာမှာ မဟုတ်ဘူးလေ။ စာတင်လိုက်လို့ ကြာမယ်ဆိုရင် မြန်အောင် ဘယ်လိုလုပ်မလဲပေါ့။ ကြာတယ်လို့ပြောလို့ မရဘူးလေ။ နည်းလမ်းတွေ စဉ်းစားရမယ်။ ချက်ခြင်း အကျိုးနဲ့အကြောင်းနဲ့ တင်ပြရင် ပိုပြီးအဆင်ပြေမယ်လို့ ထင်တယ်။ ဥပမာ အာဇာနည်နေ့တုန်းက အာဇာနည်ကုန်းမှာဖြစ်သလို ပထမ ခွင့်ပြုထားတဲ့ အရေအတွက်ထက်ကို လျော့နည်းပြီး သတင်းတိုက်တစ်ခုကို တစ်ယောက်ပဲ ဝင်ခွင့်ပြုမယ်ဆိုပြီး ဖြစ်တယ်။ အဲ့လိုအခြေအနေမျိုးကြရင် မီဒီယာကောင်စီက သွက်သွက်လက်လက် မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် လုပ်စေချင်တယ်။ ဒီဘက်ကာလမှာမှ မီဒီယာရဲ့အခန်းကဏ္ဍက ပိုပြီးတော့ ကြီးမားလာတာလေ။ လိုအပ်ချက်တွေလည်း ဝိုင်းဝန်းပြီး ကြိုးစားရလိမ့်မယ်။ ဒါမှအဆင်ပြေမှာလေ။ အခက်အခဲရှိတယ်ဆိုပြီး ကျွန်တော်တို့က ဒီအတိုင်းကြီးလုပ်လို့ မရဘူး။ ကြန့်ကြာရင် မြန်အောင် ဘယ်လိုလုပ်မလဲ။ ဒါမျိုးတွေ စဉ်းစားပြီး လုပ်ပေးဖို့လိုပါတယ်။   

မေး - လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင်က သူ့နယ်က မဲဆန္ဒရှင်ပြည်သူကို ၆၆ ဃ နဲ့တရားစွဲတာကို ဘယ်လို သုံးသပ်ချင်လဲ။ ဒီလုပ်ရပ်က နောက်ရွေးကောက်ပွဲအတွက်များ ထိခိုက်နိုင်လား။

ဖြေ -  ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တစ်မျိုးကြီးတော့ ခံစားရတယ်ဗျ။ သူတို့ညှိနှိုင်းကြသေးတယ်လို့လည်း ကြားတယ်ဗျ။ ကြည့်ရမြင်ရတာ တစ်မျိုးကြီးတော့ ဖြစ်နေတာပေါ့။ နောက်ရွေးကောက်ပွဲအတွက် ထိခိုက်နိုင်လား ဆိုတာကတော့ ကျွန်တော်တို့တစ်ဦးချင်းရဲ့ စွမ်းဆောင်ရည်နဲ့ပဲ ဆိုင်တယ်လို့မြင်ပါတယ်။ အတတ်နိုင်ဆုံး လူထုပြုံးမယ့်အလုပ်ကို လုပ်ရမှာပေါ့။ ဒေသခံလွှတ်တော်ကိုယ်စားလှယ်ရဲ့ ဆောင်ရွက်ချက်ကို ဒေသခံလူထုက အကဲဖြတ်နေတာဖြစ်တယ်။ ဒါကိုတော့ ကျွန်တော်တို့ သတိကြီးကြီးနဲ့ ဒီဒေသအကျိုးကို ဖော်ဆောင်ဖို့ လိုပါတယ်။ ကိုယ်ကျိုးစီးပွားတွေ ရှာနေမယ်၊ ဒေသခံလူထုရဲ့ အကျိုးစီးပွားကို မျက်ကွယ်ပြုမယ်။ ဒေသခံအတွက် နာနာကျင်ကျင်တွေ ခံစားရမယ်ဆိုရင် အဲ့ဒေသခံတွေက ပြန်ပြီးတော့ အကဲဖြတ်ပေးလိမ့်မယ်။ လူထုအကျိုးစီးပွားကို မဖော်ဆောင်နိုင်ဘူးဆိုရင် သိပ်အလားအလာမကောင်းဘူး။ လူထုရဲ့နိုင်ငံရေးသိမြင်မှုက ယခုနောက်ပိုင်း ပိုပြီးတော့ မြင့်မားလာပါတယ်။ ပိုပြီးတော့ နားလည်သဘောပေါက်လာပါတယ်။

မေး - ဦးရန်အောင်ရဲ့ မဲဆန္ဒနယ်မြေနားက ရန်ကုန်ဘူတာကြီးဝန်းကျင်မှာ အထပ်မြင့်တိုက်တွေ ပေါ်လာဖွယ် ရှိပါတယ်။ ကားရပ်နားဖို့နေရာ လုံလုံလောက်လောက် ပါဝင်နိုင်ဖို့  ဘယ်လိုတိုက်တွန်းသွားမလဲ။

ဖြေ - ဒါနဲ့ပတ်သက်ပြီး အစိုးရအသစ်မှာလည်း အတွေ့အကြုံတော်တော်များများရလိုက်ပါတယ်။ အရင်က လုံးချင်းအိမ်တွေက မိသားစုတစ်စုမှာ တစ်ယောက်တည်းနေတာလေ။  အထပ်မြင့်အဆောက် အအုံတွေ အများကြီးဖြစ်တော့ ကားတွေရပ်ဖို့အတွက် နေရာမရှိဘူးလေ။ အခုနောက်ပိုင်းအထပ်မြင့် အဆောက်အအုံတွေ ဆောက်ရင် ကားပါကင်ပါရှိရမယ်ဆိုပြီး လုပ်လာတာတွေလည်း ရှိလာတယ်။ ခက်တာက ရန်ကုန်မှာက မြေက မရှိသလောက်ဖြစ်တယ်။ နောက်ပိုင်းဆောက်မယ့် အဆောက်အအုံတွေမှာတော့ ကားရပ်နားစခန်း၊ ကားပါကင်တွေ ထည့်သွင်းလာတာ တွေ့ရပါတယ်။ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ အထပ်မြင့်ဆောက်ရင် ကားပါကင်ပါဖို့အတွက်ကိုတော့ ကျွန်တော်တို့အနေနဲ့မျက်ခြေမပျက်ကြည့်နေပါတယ်။ လိုအပ်သလို အကြံပေးဖို့တော့ ရှိပါတယ်။

မေး - ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး  အားရကျေနပ်မှုရှိလား။

ဖြေ - နှစ်ပေါင်းများစွာရှိခဲ့တဲ့ကိစ္စရပ်တွေကို အချိန်တိုအတွင်း ပြီးစီးအောင် လုပ်လို့မရဘူး အချိန်ယူရလိမ့်မယ်။ အရင်က တစ်ဖွဲ့နဲ့တစ်ဖွဲ့မတွေ့ကြဘူး။ အခုက တွေ့ပြီး စကားဝိုင်းမှာ ထိုင်ပြောကြတယ်။ နောက်မျိုးဆက်သစ်တွေ တိုင်းပြည်အနာဂတ်အတွက် ဆွေးနွေးနိုင်တဲ့အဆင့်ရောက်ပြီ၊ အားလုံး မပြီးပြတ်သေးတာကတော့ ဒါကသဘာဝပဲလေ။ သူဘက်မှာ လိုအပ်ချက်ရှိမယ် ကိုယ့်ဘက်မှာ လိုအပ်ချက် ရှိမယ်။ ထိုက်သင့်တဲ့အချိန်တော့ စောင့်ရမှာပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းတွင်မယ့် စွမ်းဆောင်ချက်တွေ အပေါ်မှာ ကျေနပ်ပါတယ်။ အရင်အစိုးရအဆက်ဆက်မှာ ဒီလိုမရှိခဲ့ဘူးလေ။ သူ့သဘာဝကိုက ချက်ချင်းဖြစ်တဲ့ အလေ့အထမရှိဘူး။ အချိန်တန်မှ အရွယ်ရောက်တာလေ။ ကျွန်တော်တို့တိုင်းပြည်မှာ အမျိုးသား ရင်ကြားစေ့ရေးလို ကိစ္စရပ်တွေက အရမ်းလိုအပ်နေတာ။ နောက်မျိုးဆက်တွေအတွက် ခိုင်မာတဲ့ အခြေအနေသစ် တစ်ရပ်ကို တည်ဆောက်ပေးနိုင်မှ ရလိမ့်မယ်။  

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading