(ဒေါ်အောင်ဆန်းစုကြည်ရဲ့ စက်တင်ဘာ ၁၉ မိန့်ခွန်းထဲက ပြောဆိုချက်တွေကို ရွေးချယ်ပြီး ဘာသာပြန်ထားတာ ဖြစ်ပါတယ်)
အောင်ခင်/Myanmar Now ကောက်နုတ် ဘာသာပြန်သည်

(စက်တင်ဘာ ၁၉၊ နေ့ခင်း ၁းဝဝ)
ကျွန်မတို့အနေနဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ဆောင်ရွက်နေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို အဓိက အာရုံစိုက်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုတွေကို စိုးရွံ့နေမှာ မဟုတ်သလို ဒီဒေသမှာနေထိုင်တဲ့ အသိုင်းအဝိုင်း အားလုံးအတွက် ရေရှည် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရရှိဖို့ ဆောင်ရွက်သွားမယ်ဆိုတာ ကျွန်မအနေနဲ့ ပြောကြားခဲ့ပါတယ်။ ဒီကိစ္စတွေကို အောင်မြင်မှုရရှိဖို့ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။


စိတ်မကောင်းစရာတစ်ခုက အောက်တိုဘာလ ၉ ရက် ၊ ကျွန်မ ကုလသမဂ္ဂ မိန့်ခွန်းပြောကြားပြီး ၁၈ ရက်အကြာမှာတော့ ရဲကင်းသုံးခုကို လက်နက်ကိုင် မွတ်စလင်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အောက်တိုဘာ ၁၁ ရက်နဲ့ နိုဝင်ဘာ ၁၂ ရက်တွေမှာ တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေမှာ ဒေသခံတွေ အသက်ဆုံးရှုံးမှုတွေနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မွတ်စလင်အများအပြားလည်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ပါတယ်။
အဲဒီအချိန်ကစလို့ အစိုးရအနေနဲ့ ဒီဒေသမှာ ငြိမ်းချမ်းတည်ငြိမ်ရေး ပြန်လည်ဖြစ်ပေါ်စေဖို့ တတ်နိုင်သမျှ ဆောင်ရွက်ခဲ့ပါတယ်။ မွတ်စလင်တွေနဲ့ ရခိုင်ပြည်သူတွေအကြား ညီညွတ်မှုရရှိစေဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မတိုင်မီကတည်းက ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဗဟိုကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒေါက်တာကိုဖီအာနန်ကို ဖိတ်ခေါ်ပြီး အဲဒီကော်မရှင်ကို ဦးဆောင်ကာ ရခိုင်ပြည်နယ်မှာ ပြဿနာတွေကို ပြေလည်စေဖို့ ဆောင်ရွက်ခဲ့ပါတယ်။


အဲဒီလို လုပ်ဆောင်မှုတွေ ရှိခဲ့ပေမယ့်လည်း ပြဿနာတွေ ထပ်မံမဖြစ်ပေါ်အောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်အထိ ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေး၊ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ လအတော်ကြာကြာတော့ တည်ငြိမ်သလိုရှိနေခဲ့ပါတယ်။
သြဂုတ် ၂၅ ရက်မှာ ရဲစခန်း ၃ဝ နဲ့ တောင်ဘဇာရွာက တပ်မတော်စခန်းတစ်ခုကို လက်နက်ကိုင် အုပ်စုတွေက တိုက်ခိုက်ခဲ့ပါတယ်။ ဆက်လက်တိုက်ခိုက်မှုတွေဖြစ်ပွားလာတဲ့ အခါမှာ ARSA နဲ့ သူတို့ကို ထောက်ခံသူတွေဟာ အခုဖြစ်ပွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ တာဝန်ရှိကြောင်း အစိုးရအနေနဲ့ ဥပဒေအရ ကြေညာချက် ထုတ်ပြန်ပြီး အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ဥပဒေအရ ကြေညာခဲ့တယ်။
ကမ္ဘာ့နိုင်ငံတွေကလည်း ရခိုင်ပြည်နယ်အရေးကို အာရုံစိုက်လာကြပါတယ်။ ကျွန်မတို့အစိုးရအနေနဲ့ကတော့ လူ့အခွင့်အရေးချိုးဖောက်မှုအားလုံးကို ပြစ်တင်ရှုံ့ချပါတယ်။
ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့လည်း လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်ရာမှာ အရပ်သားတွေကို မထိခိုက်စေဘဲ စည်းမျည်းစည်းကမ်းတွေအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။
တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအပေါ် ထိခိုက်နစ်နာစေမယ့် ကိစ္စမှန်သမျှကို ဥပဒေနဲ့တိတိကျကျ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အခုလိုဖြစ်ပွားတဲ့ ကိစ္စများထိခိုက်နစ်နာရတဲ့ သူတွေအတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ မွတ်စလင်တွေသာမကပါဘူး၊ ဒီဒေသမှာ လူနည်းစုတွေဖြစ်တဲ့ မြို ၊ ဒိုင်းနက်၊ မြန်မာကြီး၊ သက်၊ ဟင်ဒီတွေလည်း ထိခိုက်နစ်နာမှုတွေ ရှိခဲ့ပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့လည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို သြဂုတ် ၂၇ ရက်ကစပြီး ပေးခဲ့ပါတယ်။ ဒီလိုကူညီမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ဒေါက်တာ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာကို သြဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာထဲမှာ ပါတဲ့အကြံပြုချက်တွေကို အကောင်အထည်ဖော်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ရေတိုအစီအစဉ်တွေကို အချိန်တိုအတွင်းမှာ ပြီးမြောက်အောင် ဆောင်ရွက်သွားဖြစ်သလို ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကိုလည်း တစ်ဆင့်ချင်းစီ လုပ်ဆောင်သွားမှာပါ။
အခြေအနေတွေ တည်ငြိမ်သွားအောင်လို့ အစိုးရအနေနဲ့ ဆောင်ရွက်နေပါတယ်။ စက်တင်ဘာ ၅ ရက်နေ့ကစပြီး တိုက်ခိုက်မှုတွေဖြစ်ပေါ်တာ မရှိတော့သလို နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေလည်း မရှိတော့ပါဘူး။
ဒါပေမယ့် မွတ်စလင်တွေ နယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေတာတွေ ရှိနေတုန်းပဲလို့ ကြားနေရတဲ့အပေါ် စိုးရိမ်မိပါတယ်။ ဒါဘာကြောင့် ဖြစ်နေတာလဲဆိုတာကို အဖြေရှာဖို့ လိုပါတယ်။ ထွက်ပြေးသွားတဲ့ သူတွေနဲ့ရော ဆက်ပြီး နေတဲ့ သူတွေနဲ့ရော တွေ့ဆုံစကားပြောချင်ပါတယ်။
ရခိုင်ဒေသမှာရှိတဲ့ မွတ်စလင်အများစုက အခုလိုဖြစ်တဲ့ ပြဿနာမှာ မပါဝင်ဘူးဆိုတာ အားလုံးသိဖို့ လိုပါတယ်။ ဒီဒေသမှာ ပြဿနာမဖြစ်ခင် အချိန်နဲ့ ဖြစ်တဲ့ အချိန်က အခြေအနေတွေအားလုံးကို နားလည်ဖို့ လိုပါတယ်။ အချို့မွတ်စလင်တွေက ဒီပြဿနာမှာ မပါဝင်အောင် ဘာလို့နေနိုင်သလဲဆိုတာ နားလည်ဖို့ လိုပါတယ်။
ရခိုင်ပြည်နယ်မှာ အတူတကွနေထိုင်နေတဲ့ မွတ်စလင်တွေရဲ့ သဘောထားတွေကို နားလည်အောင် ကျွန်မတို့အနေနဲ့ ဆောင်ရွက်ရာမှာ သံတမန်အသိုင်းအဝိုင်းအနေနဲ့လည်း ပါဝင်ဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါတယ်။ လက်ရှိကျန်နေတဲ့သူတွေ ဘာကြောင့်မပြေးတာလဲ။ ဆက်ပြီးနေတာလဲဆိုတာ ကိုယ်တိုင်မေးမြန်းချင်ကြတယ်ဆိုရင်တော့ သံတမန်အဖွဲ့အစည်းတွေအတွက် အစီအစဉ်တွေကို ကျွန်မတို့ ဆောင်ရွက်ပေးနိုင်ပါတယ်။
အခုဆိုရင် ဒီဒေသမှာ လူမှုစီးပွားဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ အဲဒီထဲက အချို့ကို တင်ပြရမယ်ဆိုရင်တော့ ရခိုင်ပြည်နယ် လူမှုဖွံ့ဖြိုးရေး အစီအစဉ် ၂ဝ၁၇-၂ဝ၂၁ ကို ချမှတ်ဆောင်ရွက် ထားပါတယ်။ ဒေသခံထောင်ပေါင်းများစွာကို ပုဂ္ဂလိက-အစိုးရ ပူးပေါင်းအစီအစဉ်နဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးထားပါတယ်။ အထူးစီးပွားရေးဇုန်ကိုလည်း အကောင်အဖော်နေပါတယ်။
အခြေခံအဆောက်အဦးကဏ္ဍနဲ့ ပတ်သက်လို့ လျှပ်စစ်မီးသွားတန်းရေး၊ လမ်းဖောက်လုပ်ရေး၊ အဝေးပြေးလမ်းများ တည်ဆောက်ရေးနဲ့ သွားလာရခက်ခဲတဲ့ နေရာဒေသတွေအတွက် လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေစေဖို့ လုပ်ဆောင်နေပါတယ်။ ခွဲခြားဆက်ဆံမှုမရှိဘဲ ပညာရေး။ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို ရရှိဖို့ ဆောင်ရွက်ပေးနေပါတယ်။
ရွှေ့ပြောင်းဆေးခန်းအစီအစဉ်နဲ့ သွားလာရ ခက်ခဲတဲ့ နေရာတွေအထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေပါတယ်။ ရခိုင်ပြည်နယ်က ရွာပေါင်း ၃ဝဝ မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ထားပါတယ်။ အသက်မွေးဝမ်းကြောင်း နဲ့ နည်းပညာသင်တန်းတွေလမ်းဖွင့်ခဲ့ပါတယ်။ မွတ်စလင်ကျောင်းသားတွေလည်း တက္ကသိုလ်တွေ တက်ခွင့်ရထားပါတယ်။
ပြဿနာဖြစ်ပွားတဲ့ နေရာ ၉၅ ရာခိုင်နှုန်းအထိ သြဂုတ် ၂၅ ရက်မတိုင်ခင် လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ ရရှိခဲ့ပါတယ်။ အခုဆက်လက်ပြီးတော့လည်း ဒေသတစ်ခုလုံးမှာ အကူအညီပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။
နေရပ်ဒေသစွန့်ပြောင်းသူတွေအတွက်လည်း နေအိမ်အပါအဝင် အခြားအကူအညီတွေ ပေးထားပြီးလို့ ဒုက္ခသည်စခန်း ၃ ခုကို ပိတ်လိုက်နိုင်ပါပြီ။ ဆက်လက် လုပ်ဆောင်သွားမယ့် အစီအစဉ်တွေလည်း ရှိပါသေးတယ်။
နိုင်ငံသား အတည်ပြုရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့လည်း သီးခြားအစီအစဉ်တစ်ခု ချမှတ်ထားပါတယ်။ ဒီအစီအစဉ်အတွက် အသိုင်းအဝိုင်းအားလုံး ပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်။
အချို့မွတ်စလင်အသိုင်းအဝိုင်း ခေါင်းဆောင်တွေကတော့ ဒီအစီအစဉ်ကို ပူးပေါင်းပါဝင်မှာ မဟုတ်ဘူးလို့ သိထားပါတယ်။ သူတို့ကိုလည်း စည်းရုံးဆောင်ရွက်ပေးဖို့ ပြောကြားလိုပါတယ်။
လူ့အသိုင်းအဝိုင်း၊ ဘာသာအချင်းချင်း ညီညွတ်ရေးအတွက်လည်း လုပ်ဆောင်သွားပါမယ်။ ရခိုင်၊ ဘင်္ဂါလီ၊ မြန်မာ ဘာသာစကားတွေနဲ့ ထုတ်လွှင့်တဲ့ FM လိုင်းတစ်ခုကိုလည်း သတင်းအချက်အလက် ပေးနိုင်ဖို့ ဆောင်ရွက်ထားပါတယ်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










