ကလေးများကို ဆုံးမလိုသည့် "စေတနာ"ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ဂေါပကအဖွဲ့က ဆိုသည်
ရန်ကုန် - ဘုရား အလှူခံပုံးထဲမှ ကျပ် ၃ဝဝ ခိုးယူသည်ဟု စွပ်စွဲခံရပြီး အရေးယူခံနေရသူ ကလေး ၃ ဦး ပြန်လည် လွတ်မြောက်ကာ အမှုပြေလည်သည်အထိ ဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း အမှုဖွင့်ထားသည့် ဘုရား ဂေါပကအဖွဲ့ဝင်များက စက်တင်ဘာ ၂၆ တွင် ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်ရှိ အောင်ဗောဓိ ဘုရားအလှူခံပုံးထဲမှ ငွေ ၃ဝဝ ခိုးယူမှုကို လက်ပူးလက်ကျပ် မိခဲ့သည့်အတွက် ရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း ဂေါပက အဖွဲ့ တွဲဘက်အတွင်းရေးမှူး ဦးညွန့်လှိုင်က ပြောသည်။

“ကလေးတွေလည်း နောင်ကျဉ်လောက်ပြီ၊ မိဘတွေအနေနဲ့ကလည်း သူ့တို့ကလေးကို ကျပ်ကျပ်မတ်မတ် ဆုံးမဖို့ လုပ်ဆောင်နိုင်တဲ့ အနေအထားလည်း ရောက်ပြီဆိုတော့ မနေ့ကပဲ ဂေါပကအဖွဲ့ဝင်တွေကို ကလေးမိဘတွေက လာတောင်းပန်တဲ့အခါမှာ ပြေလည်အောင် ဘာလုပ်ပေးရမလဲ၊ လုပ်ပေးနိုင်တာ အားလုံး လုပ်ပေးမယ်လို့ ပြောလိုက်တယ်” ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တို့ဘုရားမှာ ဘုရားဖူးတွေ ပစ္စည်းပျောက်တာတွေ၊ ဘုရားပိုက်ဆံပျောက်တာတွေ တော်တော်လေးဖြစ်လာတော့ ကျွန်တော်တို့ဘုရားလည်း နာမည်ပျက်တယ်။


အဲ့ဒီလိုမဖြစ်အောင် ဆုံးမတဲ့ အနေနဲ့ အမှုဖွင့်ခဲ့ရတာ။ ဒီကလေးတွေက လည်း အရင်က ဒီလိုခိုးယူလို့ ဆုံးမလွှတ်ခဲ့ဖူးပါတယ်။ သူခိုးလေးတွေကနေ သူခိုးကြီး မဖြစ်အောင် ဆုံးမချင်တဲ့စေတနာနဲ့ပါ”
ဂေါပကအဖွဲ့ ဥက္ကဋ္ဌ မိဘရိပ် သစ်စက်ပိုင်ရှင် ဦးနိုင်ဦးက ကလေးမိသားစုများ ချို့တဲ့ကြသည့်အတွက် အမှုကိစ္စ ဆောင်ရွက်နိုင်ရန် ကလေးတစ်ဦးလျှင် ကျပ်ငါးသောင်းစီ ထောက်ပံ့ပေးထားကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။


ကလေးများကို သန်လျင်မြို့နယ်ရှိ ကလေးသူငယ်ထိန်းသိမ်းရေးကျောင်းတွင် ထိန်းသိမ်းထားပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း မြို့နယ် ရဲစခန်းမှူး ဦးမောင်ဦးက ပြောသည်။
ပုဒ်မ ၃၇၉ တွင် မည်သူမဆို ခိုးမှုကိုကျူးလွန်လျှင် ထိုသူကို ၃ နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ဒေသခံတချို့ ဆန္ဒပြ
ကလေးများမှာ ၃ တန်း၊ ၅ တန်း၊ ၇ တန်းတို့တွင် တက်ရောက်နေသောကျောင်းသားများဖြစ်ကြကြောင်း ထိုမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးညီညီက ပြောသည်။
ရဲတပ်ဖွဲ့က မိဘများကို ခေါ်ယူကာ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ကလေးများကို ပြန်လွှတ်ပေးခဲ့သော်လည်း ဂေါပကအဖွဲ့က အမှုဖွင့်လိုက်သည့်အတွက် ကလေးများ ပြန်လည် ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီဂေါပကအဖွဲ့အနေနဲ့ ကလေးတွေ မလွတ်မချင်းတော့ ဖိအားတွေ ရှိမှာပဲ။ အဲ့ဒါကြောင့် အခု အမှုပိတ်ဖို့ ဘာဖို့တွေ ဖြစ်လာတာ။ နဂိုကတည်းက သူတို့သာ စေတနာထားခဲ့ရင် ဒီကလေးတွေ ရဲစခန်းကိုတောင် ရောက်စရာ မရှိဘူး” ဟု သူက ဆိုသည်။
အမှုနှင့် ပတ်သက်ပြီး ကျေနပ်မှုမရှိသော ဒေသခံတချို့က စက်တင်ဘာ ၁၆ တွင် ဆန္ဒပြခဲ့ကြသည်။
ရဲတပ်ဖွဲ့က တားဆီးကာ အမျိုးသမီးတစ်ဦးကို ခေတ္တ ထိန်းသိမ်းလိုက်သည့်အတွက် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သည်ကို တွေ့ရသည်။
ဆန္ဒပြသူများနှင့် အာဏာပိုင်တို့ ညှိနှိုင်းအပြီးတွင် ဖမ်းဆီးထားသူကို တရားစွဲဆိုမှု မပြုတော့ဘဲ ညနေပိုင်းတွင် ဆန္ဒပြခွင့်ပေးလိုက်သည်။
“ဒီဂေါပကအဖွဲ့က လူလားမမြောက်သေးတဲ့ ကလေးတွေကို အငြိုးအတေးနဲ့ လုပ်နေသလိုပဲ။ ကလေးတွေရဲ့ဘဝကို အညွန့်တုံးအောင် လုပ်နေတာ။ ဒါ့ကြောင့် ကျွန်မတို့က ကန့်ကွက်တာ။ ဒါကို ရဲဘက်က ဆန္ဒပြခွင့်ဥပဒေမှာ အကြောင်းကြားစာ တင်တာ ၄၈ နာရီ မပြည့်သေးလို့ ဆိုပြီး တားဆီးတာ” ဟု ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဒေါ်စန်းစန်းအေးက ပြောသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












