ရိုဟင်ဂျာပုန်ကန်မှုတွင် သော့ချက်ကျနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး

ဘင်္ဂလားဒေ့ရှ်၏ လက်ရှိအာဏာရ အဝါမီညွှန့်ပေါင်းပါတီ ဦးဆောင်သည့် အစိုးရက ရိုဟင်ဂျာအုပ်စုတို့ကို နိုင်ငံတော်လုံခြုံရေးအန္တရာယ်အဖြစ် ရှုမြင်နေသည်။

Published on Sep 26, 2017
စက်တင်ဘာ ၂၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ် Cox's Bazar မြို့တွင် ကူညီရေးပစ္စည်းရရှိရန် စောင့်ဆိုင်းစဉ် တိုးဝှေ့နေကြသော ရိုဟင်ဂျာဒုက္ခသည်များ (ဓာတ်ပုံ - Reuters/Cathal McNaughton)
စက်တင်ဘာ ၂၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ် Cox's Bazar မြို့တွင် ကူညီရေးပစ္စည်းရရှိရန် စောင့်ဆိုင်းစဉ် တိုးဝှေ့နေကြသော ရိုဟင်ဂျာဒုက္ခသည်များ (ဓာတ်ပုံ - Reuters/Cathal McNaughton)

(The Asia Times တွင် သတင်းစာဆရာ ဘာတေးလင့်တနာ ရေးသားသော Bangladesh holds the key to Rohingya insurgency ဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်သည်။ ဤဆောင်းပါးပါ ဖော်ပြချက်များသည် Myanmar Now သတင်းဌာန၏ အာဘော်နှင့်သဘောထား မဟုတ်ပါ။ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသော မြန်မာပြည်ဆိုင်ရာ ထိပ်တန်းသုံးသပ်ချက်ဆောင်းပါးတချို့ကို မြန်မာစာဖတ်ပရိသတ် ဖတ်ရှုနိုင်ရန် ဖော်ပြပေးနေခြင်းသာဖြစ်သည်။)

ရခိုင်ပြည်နယ် ပဋိပက္ခသည် မြန်မာပြည် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် နှစ်ကာလကြာရှည်ဖြစ်နေသော အင်အားတောင့်တင်းသည့် ပုန်ကန်ထကြွမှုအဆင့်တစ်ခုသို့ ကူးပြောင်းသွားတော့မည်လား။

သြဂုတ်လ ၂၅ ရက်နေ့က အာရကန်ရိုဟင်ဂျာကယ်ဆယ်ရေးတပ် ခေါ် အာဆာ (ARSA) အဖွဲ့က လုံခြုံရေးကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ပြီး၊ မြန်မာ့တပ်မတော်ကလည်း လူပေါင်း ၄ သိန်းကျော်မျှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစေလောက်အောင်အထိ အလွန်ပြင်းထန်သည့် လက်တုံ့ပြန် တိုက်ခိုက်မှု ပြုလုပ်ပြီးနောက်တွင် အရှေ့တောင်အာရှ လုံခြုံရေးလေ့လာဆန်းစစ်သူတို့က အထက်ပါမေးခွန်းကို အဖြေထုတ်နေကြခြင်းဖြစ်သည်။

မေးခွန်း၏ အဖြေမှာ အချက်နှစ်ချက်ပေါ်တွင် အများကြီးမူတည်သည်။ ပထမအချက်မှာ ဘင်္ဂလားဒေ့ရှ်တွင် မည်သူအာဏာရနေသနည်းနှင့် ဒုတိယအချက်မှာ ရိုဟင်ဂျာစစ်သွေးကြများက ၎င်းတို့၏ဗျူဟာဖြစ်သော ပစ်လိုက်ပြေးလိုက်ပြုလုပ်သော တောတွင်းလှုပ်ရှားမှုကို စဉ်ဆက်မပြတ် အရှိန်မြှင့်လုပ်ဆောင်ရန် နိုင်ငံတကာ အဆက်အသွယ်များထံမှ မည်၍မည်မျှသော ထောက်ပံ့မှုရအောင် ကြိုးစားနိုင်မည်နည်း ဆိုသောအချက် ဖြစ်သည်။

အာဆာမှာ လက်နက်ကိုင်အဖွဲ့သစ်တစ်ဖွဲ့ဟု ဆိုနိုင်သော်လည်း မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းရှိ အပယ်ခံရိုဟင်ဂျာတို့သည် ဘင်္ဂလားဒေ့ရှ်တွင် အခြေပြုလႈပ်ရှားနေသော နိုင်ငံရပ်ခြား အကူအညီများဖြင့် စစ်သွေးကြွလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့် အစဉ်အလာရှိသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရ ခေါင်းဆောင်ပိုင်းသည် ၎င်းတို့၏ ပိုင်နက်နယ်မြေပေါ်တွင် ဖြစ်ပွားခဲ့သော ထိုသမိုင်းကြောင်းကို ကောင်းစွာသိရှိသည်။ သြဂုတ်လ ၂၅ တိုက်ခိုက်မှုဖြစ်ပြီး လေးရက်မြောက်အကြာတွင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ အစိုးရက အာဆာအား စစ်ရေးအရ အတူတကွ တိုက်ခိုက်ရန် မြန်မာအစိုးရကို ကမ်းလှမ်းခဲ့ပြီး၊ ဝင်ရောက်လာသော ဒုက္ခသည်အားလုံးကိုလည်း မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ရှိတ်ဟာဆီနာ၏ အဝါမီညွန့်ပေါင်းပါတီသည် ရိုဟင်ဂျာနိုင်ငံရေးအဖွဲ့များအား လုံခြုံရေးအန္တရာယ်ဟု ရႈမြင်နေသည်မှာ ဘာသာရေးအစွန်းရောက်သော ဘင်္ဂလားဒေ့ရှ် ဂျမားအယ်အစ္စလာမ် (Bangladesh Jamaat-e-Islami-BJI) ပါတီ နှင့် ရိုဟင်ဂျာနိုင်ငံရေးအဖွဲ့အစည်းများကြားတွင် ကာလကြာမြင့်စွာတည်ရှိလာသည့် ဆက်ဆံရေးကြောင့်ဖြစ်သည်။

ထို BJI ပါတီသည် ရခိုင်ပြည်အနောက်ဖက်နှင့် ကပ်လျက်တည်ရှိသော စစ်တကောင်းဒေသတွင် အားကောင်းသော နိုင်ငံရေးအင်အားစုတစ်ခုဖြစ်ပြီး၊ လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အင်အားအကြီးဆုံးအတိုက်အခံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (BNP) ၏ မဟာမိတ်လည်းဖြစ်သည်။

မြန်မာနှင့်တွဲပြီး အာဆာကို စစ်ရေးအရ တိုက်ခိုက်ဖို့ ရည်ရွယ်ခဲ့သော ဝန်ကြီးချုပ်ဟာဆီနာ၏ အဆိုမှာ ဒုက္ခသည် အုံနှင့်ကျင်းနှင့် ပြုံဆင်းလာသည့်အတွက် အကောင်အထည် မပေါ်ခဲ့ပါ။ နေ့စဉ်နှင့်အမျှ ထောင်သောင်းချီ၍ နယ်စပ်ဖြတ်လာနေသော လူပေါင်းများစွာကို ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင်များက တားဆီးပါက အသေအပျောက် များစွာဖြစ်ပေါ်မည်ဖြစ်သည်၊ ထို့ကြောင့် သူ၏ မူလအဆိုကို ပြန်လည် ရုပ်သိမ်းသွားခြင်းဖြစ်သည်။

ရိုဟင်ဂျာတို့ကို ထောက်ခံသည့် လူထုစုဝေးမှုများ ဘင်္ဂလားဒေ့ရှ်မြို့ကြီးများတွင် ဖြစ်ပေါ်လာသည့်အခါတွင် ဟာဆီနာ၏အသံ ပြောင်းလဲလာသည်။ စက်တင်ဘာ ၁၂ ရက်နေ့က သူကိုယ်တိုင် နယ်စပ်ရှိဒုက္ခသည်စခန်းသို့ပင် သွားရောက်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်များကို ယာယီနေထိုင်စရာများနှင့် ကူညီပံ့ပိုးမှုများကို ပြုလုပ်ပေးသွားဖြစ်ကြောင်း၊ မကြာခင် မြန်မာနိုင်ငံကလည်း သူ့နိုင်ငံသားများကို ပြန်လည်ခေါ်ယူသင့်ကြောင်း သူက ဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် ရွေးကောက်ပွဲများကို လာမည့်နှစ် ၂ဝ၁၈ သို့မဟုတ် အနည်းဆုံး ၂ဝ၁၉ ဇန်နဝါရီ နောက်ဆုံးထားပြီး ကျင်းပမည်ဖြစ်သည်။ ထိုရွေးကောက်ပွဲတွင် အဓိကအတိုက်အခံပါတီဖြစ်သည့် BNP သာ အနိုင်ရရှိပြီး တစ်ကျော့ပြန် အာဏာရလာပါက အခြေအနေသည် အကြီးအကျယ် ပြောင်းလဲသွားနိုင်ပြီး ရိုဟင်ဂျာတို့ကို ပိုမိုထောက်ခံသော မူဝါဒတစ်ရပ်လည်း ဖြစ်ပေါ်လာနိုင်သကဲ့သို့၊ နယ်စပ်ဒေသတွင် စစ်သွေးကြွများ ခိုအောင်းရာနေရာသစ်များ ဖန်တီးလာမှှုကို ထိုတက်လာသောအစိုးရသစ်က မျက်ကွယ်ပြုနိုင်သည့် အခြေအနေ ရှိသည်။

BNP ပါတီမှာ အစ္စလာမ်နိုင်ငံရေးပါတီဖြစ်သည့် BJI နှင့် ညွှန့်ပေါင်းဖွဲ့ကာ ၁၉၉၁ မှ ၁၉၉၆ ကာလ နှင့် ၂ဝဝ၁ မှ ၂ဝဝ၆ ကာလများတွင် အာဏာရပါတီဖြစ်ခဲ့သည်။

BJI ၏ ပါတီသင်္ကေတများသည် ဥပဒေကြောင်းအရ ညီညွတ်မှုမရှိသောကြောင့် လာမည့်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားခံရသည်။ သို့သော် ဟာဆီနာ၏ အဝါမီညွန့်ပေါင်းပါတီက ရွေးကောက်ပွဲတွင် အရေးနိမ့်ပါက BJI နှင့် ၎င်းကဲ့သို့သော ဘာသာရေးအစွန်းရောက်အုပ်စုများသည် အတိုက်အခံ BNP ပါတီ ဦးဆောင်မည့်အစိုးရကို အကြီးအကျယ် သြဇာလွှမ်းမိုးနိုင်ခြေရှိသည်။

မြန်မာ့တပ်မတော်၏ ကြီးမားသောစစ်ရေးလှုပ်ရှားမှုများကို တန်ပြန်ရန် ၁၉၈၂ ခုနှစ်တွင် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး RSO အဖွဲ့ ပေါ်ပေါက်လာခဲ့သည်။

RSO ၏ ဦးဆောင်မှုဖြင့် ရိုဟင်ဂျာ သူပုန်များသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ခြေကုပ်ယူလာခဲ့သည်။ RSO အဖွဲ့အစည်းမှာ မရှိတော့သလောက် ပျက်ပြယ်သွားပြီဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဖက်ရှိ အူခီယာမြို့အနီးတွင် စခန်းကြီးတစ်ခု ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

ရခိုင်ဒေသတွင် မွတ်စလင်များ လက်နက်ကိုင်ပုန်ကိုင်မှှုမှာ ၁၉၄၇ ခုနှစ် ဗြိတိသျှလက်အောက်မှ မြန်မာနိုင်ငံမလွတ်မြောက်မီကပင် စတင်ခဲ့သည်။ ထိုအချိန်က ရိုဟင်ဂျာဆိုသော အသုံးအနှုန်းမှာ ရေပန်းမစားသေးဘဲ ထိုပုန်ကန်သူ မြန်မာမွတ်စလင်များက သူတို့ကိုယ်သူတို့ မူဂျာဟစ်များဟု သမုတ်ခဲ့သည်။

ထိုသူတို့အနက် လူသိများသည့်အဆိုတော် ဂျဖားကော်ဝဲလ် (Jafar Kawwal) ခေါ် ဂျဖားဟူစိန်ဆိုသူက ဦးဆောင်ကာ မူဂျာဟစ်တို့သည် ရခိုင်ပြည်နယ်၏ ဒေသတချို့ကို လွတ်လပ်ရေးရခါစ ပါကစ္စတန်နိုင်ငံတွင်းသို့ သွတ်သွင်းရန်ကြံရွယ်ခဲ့သည်။ ထိုစဉ်အချိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပါကစ္စတန်နိုင်ငံ၏ အရှေ့ပိုင်းဒေသခေါ် အရှေ့ပါကစ္စတန်အဖြစ်သာ တည်ရှိနေသည်။

သို့ရာတွင် မြန်မာမွတ်စလင်ခေါင်းဆောင်တို့က ထိုမူဂျာဟစ်များ၏ ပုန်ကန်ထကြွမှုကို လက်သင့်မခံခဲ့ပေ။ ၁၉၄၆ ခုနှစ် မေလစောပိုင်းတွင် မြန်မာနိုင်ငံမှ ခွဲထွက်လိုသူ မူဂျာဟစ်များ၏ အင်အား အရှိန်ရလာနေသည်၊ သို့ရာတွင် လက်နက်ကိုင် လှုပ်ရှားမှုအဆင့်သို့ မရောက်ရှိသေး။ ထိုအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ လုပ်ကြံခံခဲ့ရာသူ မြန်မာ့အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်သူ မြန်မာမွတ်စလင်အမျိုးသား ဦးရာဇတ်က ပါကစ္စတန်နှင့် ပူးပေါင်းရန်ကြံစည်မှုအား လက်သင့်မခံရန် နိုင်ငံတွင်းရှိ မွတ်စလင်များကို စာထုတ်ပြန် သတိပေးခဲ့သည်။

မြန်မာမွတ်စလင်များကို ပေါက်ဖွားကြီးပြင်းရာ ဇာတိနိုင်ငံတွင် အင်အားကောင်းပြီး၊ ဂုဏ်သိက္ခာရှိသည့် အသိုက်အဝန်းတစ်ခုအနေဖြင့်သာ မြင်လိုချင်သည်မှာ ဦးရာဇတ်၏ဆန္ဒဖြစ်သကဲ့သို့၊ ထိုအချိန်မှ ယနေ့မျက်မှောက်အချိန်ထိလည်းကောင်း၊ ယခုကြုံတွေ့နေရသော အရေးအခင်းတွင်လည်းကောင်း မြန်မာမွတ်စလင်တို့၏ ရပ်တည်ချက်မှာ ထိုအတိုင်းပင်ဖြစ်သည်။

စက်တင်ဘာ ၉ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက အာဆာအဖွဲ့ကို ရှုတ်ချကြောင်း၊ အစိုးရ၊ ဘာသာပေါင်းစုံချစ်ကြည်အဖွဲ့များ အပါအဝင် ပြည်သူလူထုနှင့် အတူတကွ လက်တွဲပြီး အကြမ်းဖက်မှုများကို ကာကွယ် တားဆီးသွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့သည်။

၁၉၅ဝ ပြည့်နှစ်များတွင် မူဂျာဟစ်လှုပ်ရှားမှုများ မှေးမှိန်လာခဲ့သည်။ ၁၉၆၁ တွင်မူ လက်ကျန် မူဂျာဟစ်သူပုန်များက အစိုးရနှင့်သဘောတူညီမှုယူကာ လက်နက်ချခဲ့သည်။

ထိုသဘောတူညီမှု၏ အကျိုးဆက်အားဖြင့် ရခိုင်ပြည်မြောက်ပိုင်းတွင် မေယုနယ်ခြားခရိုင် အမည်ရ ဒေသန္တရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြစ်ပေါ်ခဲ့သည်။ သို့သော် ၁၉၆၂ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ထိုအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းခဲ့သည်။

မိုဟာမက်ဂျဖားဟာဘစ်ဦးဆောင်သော ကျောင်းသားခေါင်းဆောင်တစ်ဦးအပါအဝင် မွတ်စလင်အရေး တက်ကြွလှုပ်ရှားသူတချို့ ၁၉၆၃ တွင် တောခိုကာ ရိုဟင်ဂျာ လွတ်မြောက်ရေးတပ်ကို ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့မှာ ၁၉၇၄ တွင် ရိုဟင်ဂျာမျိုးချစ်တပ်ဦး ဟူ၍ အသွင်ပြောင်းလာခဲ့သည်။

သို့ရာတွင် ထိုအဖွဲ့မှာ မြန်မာပြည်တွင်းတွင် လှုပ်ရှားမှုမယ်မယ်ရရ ဘာမျှမပြုလုပ်ခဲ့ဘဲ၊ ဦးဆောင်သူခေါင်းဆောင်များမှာ စစ်တကောင်းတွင် အခြေစိုက်ပြီး ရိုဟင်ဂျာ လှုပ်ရှားမှုအကြောင်း စာစောင်များ၊ သတင်းထုတ်ပြန်ချက်များသာ ထုတ်နေခဲ့သည်။ ၎င်းတို့၏ လက်နက်ကိုင်အဖွဲ့မှာလည်း မည်ကာမတ္တမျှသာဖြစ်ပြီး၊ ထိုလက်နက်ကိုင်အဖွဲ့ကို မြန်မာနိုင်ငံနယ်စပ် ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ဖက်စွန်းရှိ တက်နက်(ဖ်)မြို့တဝိုက်တွင် အခြေပြုထားခဲ့သည်။

ရိုဟင်ဂျာအရေးကို နိုင်ငံတကာက သိသိသာသာ စိတ်ဝင်စားလာခဲ့သည်မှာ “တရားမဝင်ခိုးဝင်လာသူများ” ဟု ယူဆခံရသူများအား သုတ်သင်ရန် မြန်မာအစိုးရက ၁၉၇၈ ခုနှစ်
ရခိုင်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် နဂါးမင်းစစ်ဆင်ရေးနောက်ပိုင်းမှ ဖြစ်သည်။ ဒုက္ခသည် ၂ သိန်းခန့် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာချိန်တွင် နိုင်ငံတကာမှ ဝေဖန်ပြစ်တင်မှုများ ဖြစ်ပေါ်လာသည်။ ထိုအရေးအခင်းကြောင့် ရက်ဘိတက်၊ အယ် အလမ်မယ်အစ္စလာမီအမည်ရ ဆော်ဒီအာရေးဗီးယားနိုင်ငံမှ ငွေအင်အား အလွန် တောင့်တင်းသည့် ပရဟိတအဖွဲ့တစ်ခု မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ဒေသများသို့ စတင်ဝင်ရောက်လာခဲ့သည်။

ထိုပရဟိတအဖွဲ့က ဒုက္ခသည်များကို အကူအညီပေးရုံမက ဆေးရုံတစ်ရုံ၊ ဝတ်ပြုဗလီတစ်လုံး၊ ဘာသာရေးစာသင်ကျောင်းတစ်ကျောင်းတို့ကို အူခီရာမြို့တွင် ဆောက်ပေးခဲ့သည်။

ထိုဘာသာရေးအဆောက်အအုံမှာ အရောင်အသွေးအမျိုးမျိုးရှိ မွတ်စလင်စစ်သွေးကြွများ ဆုံစည်းရာနေရာတစ်ခုဖြစ်လာခဲ့သည်။

နောက်ပိုင်းတွင် ပိုအစွန်းရောက်သောပုဂ္ဂိုလ်များက ရိုဟင်ဂျာမျိုးချစ်တပ်ဦး (Rohingya Patriotic Front) မှ ခွဲထွက်ပြီး ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးတပ် (RSO) ကို ဖွဲ့စည်းခဲ့သည်။

ရခိုင်ပြည်ဇာတိ ဆရာဝန်တစ်ဦးဖြစ်သူ မိုဟာမက်ယူနွတ် ဦးဆောင်သည့် RSO အဖွဲ့သည် ပေါ်ထွက်ခဲ့သမျှသော ရိုဟင်ဂျာအုပ်စုများအနက် အင်အားအကောင်းဆုံးနှင့် စစ်သွေးအကြွဆုံးအဖွဲ့ ဖြစ်လာသည်။ များမကြာမီ ထိုအဖွဲ့သည် သဘောထားခြင်းတိုက်ဆိုင်သော မွတ်စလင်ကမ္ဘာမှ အဖွဲ့များနှင့် ချိတ်ဆက်မိပြီး ထောက်ပံ့မှုများ ရရှိလာခဲ့သည်။

RSO သည် ကတ်ရှမီးယား ရှိ ဟစ်ဘီအူမူဂျာဟေဒင်အဖွဲ့နှင့် အာဖဂန်နစ္စတန်ရှိ ဂါဘဒ္ဒင်အဖွဲ့များ၏ ပံ့ပိုးကူညီမှုများကိုလည်း ရရှိခဲ့သည်။ RSO တို့၏ အူခီယာအခြေစိုက်စခန်းသို့ အာဖဂန် စစ်သင်တန်းနည်းပြများ ရောက်ရှိလာပြီး၊ RSO ၁ဝဝ ခန့်မှာ အာဖဂန်နိုင်ငံ ခို့စ် (Khost) ပြည်နယ်သို့ ဟစ်ဘီအစ္စလာမီအဖွဲ့နှင့်အတူ စစ်ရေးလေ့ကျင့်ရန် သွားရောက်ခဲ့သည်။

RSO အဖွဲ့သည် နောက်ပိုင်းတွင် ဒေသတွင်း မှောင်ခိုဈေးကွက်များမှ ရော့ကတ်အမြောက်များ၊ စက်သေနတ်များ ဝယ်ယူနိုင်ခဲ့သည်။

၁၉၉ဝ ပြည့်နှစ်အစောပိုင်းတွင် နယ်စပ်ရှိ ရိုဟင်ဂျာသူပုန်တို့၏ လူသူ လက်နက် ဖြည့်တင်းနေမှုကို ဘင်္ဂလားဒေ့ရှ်သတင်းစာများက အထူးအသားပေး ရေးသားဖော်ပြကြသည်။

သို့ရာတွင် RSO စစ်စခန်းများတွင် စစ်ရေးလေ့ကျင့်နေသူတို့မှာ ရိုဟင်ဂျာများသာမက၊ စစ်တကောင်းတက္ကသိုလ်မှ အစ္စလာမီချားဟတ်တရားရှီဘား အဖွဲ့ဝင်များပါ ပါဝင်နေသည့်အချက် ပေါ်ထွက်လာသည်။ ထိုအဖွဲ့မှာ ၎င်းတို့၏ စစ်သွေးကြွ လှုပ်ရှားမှုများအတွက် ရိုဟင်ဂျာစခန်းများကို ယောင်ပြ ပြုလုပ်နေခြင်းဖြစ်သည်။

အမှန်စင်စစ် RSO မှာ မြန်မာနိုင်ငံထဲတွင် မည်သည့်တိုက်ခိုက်မှုကိုမျှ လုပ်ဆောင်မှု မရှိသလောက်ဟု ဆိုရမည်ဖြစ်သည်။ ၂ဝဝ၁ ခုနှစ် အမေရိကန်ရုပ်သံဌာန CNN သတင်းဌာနက အာဖဂန်နိုင်ငံ ကဘူးလ်ဒေသရှိ အယ်ခိုင်ဒါတို့ထံမှ RSO စစ်စခန်းများအကြောင်း ရုပ်သံမှတ်တမ်းခွေများ ရရှိခဲ့သည်။ ထိုမှတ်တမ်းခွေများတွင် အာရဗီဘာသာဖြင့် ဗမာဟုစာတမ်း ရေးထိုးထားသည်။ ထိုမှတ်တမ်းများကို CNN သတင်းဌာနက ၂ဝဝ၂ သြဂုတ်လတွင် ကမ္ဘာအနှံ့ထုတ်လွှင့်ပြသခဲ့ပြီး၊ မှတ်တမ်းတွင် ပါရှိသော အခင်းအကျင်းအရ နယ်စပ်အူခီရာ တဝိုက်တွင်မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းတွင် ရိုက်ကူးခဲ့သည်ဟု ယူဆရသည်။

RSO အဖွဲ့မှာ ယခုအချိန်တွင် မရှိတော့ဟု ဆိုနိုင်သည်။ ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်တစ်လျှောက်တွင်လည်း သူပုန်စခန်းများ ဖွင့်လှစ်ထားခြင်းလည်း မရှိတော့ပေ။ သို့ရာတွင် ရိုဟင်ဂျာနိုင်ငံရေးအဖွဲ့များ အစွန်းရောက် လှုပ်ရှားလာခြင်းမှာ ရိုဟင်ဂျာမျိုးချစ်တပ်ဦး ခေတ်ဆန်းပိုင်းမှ ရိုဟင်ဂျာ သွေးစည်းညီညွတ်တပ် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို ထောက်ရႈ၍လည်းကောင်း၊ ထို့ပြင် ယခု ဖြစ်ပေါ်လာသော အာဆာအဖွဲ့၏ ခေတ်မီသော လူထုဆက်ဆံရေးယန္တယား နှင့် RSO အဖွဲ့၏ မူလအဆက်အသွယ်များထက် ပိုမိုခြေလှမ်းကြဲသော နိုင်ငံတကာအချိတ်အဆက်များကို ထောက်ရႈ၍လည်း သိနိုင်ပါသည်။

အာဆာမပေါ်လာမီက ရှိခဲ့သောအဖွဲ့များမှာ အူခီရာစခန်းများတွင် စစ်ရေးလေ့ကျင့်မှု မည်ကာမတ္တမျှသာ ဆောင်ရွက်နေခဲ့ပြီး၊ စစ်တကောင်းရှိ အခြားသော အစ္စလာမ်အဖွဲ့များနှင့် ပူးပေါင်းကာ နိုင်ငံရေးလှုပ်ရှားမှုများတွင်သာ ပါဝင်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုတိုက်ခိုက်မှှုများမှာ ၁၉၅ဝ ပြည့်နှစ်မှစပြီး မြန်မာပြည်တွင်း မွတ်စလင်စစ်သွေးကြွတို့၏ ပထမဦးဆုံးသော တိုက်ခိုက်မှုများဟု ဆိုနိုင်သည်။

အာဆာကို စစ်မြေပြင်တွင် အမှန်တကယ်အကဲစမ်းသည့်ပွဲမှာ ၎င်းက တစ်ဖက်သက် ကြေညာထားသည့် တစ်လကြာ အပစ်အခတ်ရပ်စဲရေးကာလ ကုန်ဆုံးသည့်အခါတွင် တွေ့မြင်ရမည်ဖြစ်သည်။ ထိုအပစ်ရပ်ကာလမှာ အောက်တိုဘာ ၁ဝ တွင် ကုန်ဆုံးမည်ဖြစ်သည်။ အာဆာက လက်နက်အလုံအလောက် စုဆောင်းပြီး မြန်မာပြည်တွင်းတွင် လက်နက်ကိုင်လှုပ်ရှားမှု ဆက်လုပ်နိုင်မည်၊ မလုပ်နိုင်မည်အပေါ်တွင် မူတည်နေသည်။

တပြိုင်နက်တည်းတွင် အာဆာတို့၏ကံကြမ္မာမှာ ဘင်္ဂလားဒေ့ရှ်အစိုးရပေါ် မူတည်နေပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရွေးကောက်ပွဲက အာဆာတို့၏ နယ်စပ်လှုပ်ရှားမႈများအတွက် ပိုမို အခြေအနေကောင်းသော အခင်းအကျင်းများ ဖြစ်ပေါ်နေမည်လားဆိုသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading