သတင်း

ထောင်ချီသည့် ရန်ကုန်လူထု ခြေဥပြင်ရေး ဒုတိယအကြိမ်တောင်းဆို

(ရန်ကုန်)-တပ်မတော် အစိုးရလက်ထက်တွင် အတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးရန် မြန်မာနိုင်ငံအနှံ့အပြားတွင် တောင်းဆိုလျက်ရှိပြီး ထောင်နှင့်ချီသည့် ရန်ကုန်မြို့နေ ပြည်သူများကလည်း အခြေခံဥပဒေကို ပြင်ဆင်ပေးရန် ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမရှေ့တွင် မတ်လ ၂ ရက်နေ့က တောင်းဆိုခဲ့ကြသည်။

“၂၀၀၈ ခြေ/ဥ အလုပ်မဖြစ်”ဟု ရေးသားထားသည့် အနီရောင်ခေါင်းစည်းကို ဝတ်ဆင်ထားသော ထောင်နှင့်ချီသည့် ရန်ကုန်မြို့နေ ပြည်သူများက “ပြည်သူ့ဆန္ဒ သဘောထားမပါသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး- ဒို့အရေး-ဒို့အရေး” ဟု သံပြိုင် အော်ဟစ်တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြတောင်းဆိုသည့် အခမ်းအနား စီစဉ်သူ တစ်ဦးဖြစ်သည့် အနာဂတ် သွေးသစ်အဖွဲ့က ကိုသက်နိုင်ထွေးက ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့သည့် အချိန်ကတည်း ခြေ/ဥ ပြင်ဆင်ရေး တောင်းဆိုပွဲများ ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“ပြည်သူတွေရဲ့ ကောင်းကျိုးကို မပေးတဲ့ ၂၀၀၈ ခြေ/ဥကို မလိုလားဘူး။ပြင်ဆင်ပေးပါ ဆိုတဲ့ ခံယူချက်နဲ့ ကျွန်တော်တို့က ဒီအခမ်းအနားကို လုပ်တာပါ” ဟု၎င်းက ပြောသည်။၎င်းက အခြေခံဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ် ချမှတ်ထားသည့် ပုဒ်မ ၅၉(စ) ကိုပြင်ဆင်လိုပြီး သည်ဟု ပြောသည်။

ထောက်ခံပွဲတက်ရောက်လာသည့် အသက် ၆၈ နှစ်အရွယ် အလုံမြို.နယ်မှ ဦးမြင့်ဦးက ဖွဲ.စည်းပုံပြင်ပြီး တပ်မတော်ကို နိုင်ငံရေးမှအပြီးတိုင်ထွက်ခွာသွားစေလိုကြောင်း ဆိုသည်။ 

“ခြေဥပြင်ပွဲလာတာနှစ်ခါရှိပြီ။ အနာဂတ်မြန်မာနိုင်ငံမှာ ဖက်ဒရေဒီမိုကရေစီပေါ်ပေါက်ဖို႔၊ ပြည်တွင်းစစ်တွေချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရဖို႔ပေါ့။ ၁၉၆၂ မှာစစ်တပ်ကလက်နက်နဲ့အာဏာသိမ်းတယ်၊ ၁၉၈၈ မှာလည်းလက်နက်နဲ့အာဏာသိမ်းတယ်၊ ၂၀၁၀ မှာတော့ ဖွဲ.စည်းပုံနဲ့အာဏာသိမ်းတယ်။ ဒါ့ကြောင့် ဖွဲ.စည်းပုံကိုပြင်ဆင်စေချင်တယ်။ စစ်တပ်ကိုစစ်တန်းလျားပြန်သွားစေချင်တယ်။ မြင်းအလုပ်မြင်းလုပ်ပေါ့။ အရေးကြီးတာက တပ်မတော်ကို နိုင်ငံရေးကနေဖယ်ရှားပစ်ရေးပဲ” ဟု အစိုးရဝန်ထမ်းအငြိမ်းစားဖြစ်သူ ၄င်းကဆိုသည်။ 

ခြေ/ဥ ပြင်ဆင်ရေး လက်မှတ်ကောက်ယူ

အခြေခံဥပဒေ ပြင်ဆင်လိုသူများထံမှလည်း ဆန္ဒ သဘောထားလက်မှတ်များ ကောက်ယူခဲ့ကြပြီး ယခုနေရာတွင်ပင် ပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ခြေ/ဥ ပြင်ဆင်ရေး တောင်းဆိုပွဲတွင် ပြင်ဆင်လိုသူ ရန်ကုန်နေပြည်သူများ၏ လက်မှတ် ၂သောင်းကျော် ရရှိခဲ့သည်ဟု ပွဲစီစဉ်သူဖြစ်သည့် ကိုသက်နိုင်ထွေးက ပြောသည်။

အခမ်းအနားတွင်တော့ အခြေခံဥပဒေ ပြင်ဆင်ရန် ဆန္ဒပြုသည့် လက်မှတ်ပေါင်း ၂သောင်း အထက်တွင် ရှိလိမ့်မည်ဟု ၎င်းက ခန့်မှန်းသည်။

အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒသဘောထားလက်မှတ်များ ကောက်ယူရာတွင် ပါဝင်သည့် ကမာရွတ်မြို့နယ်က ဒေါ်စမ်းစမ်းမော်က “ဒီအခြေခံဥပဒေ စတင်ပေါ်ပေါက်ပြီး ဖတ်လိုက်ရတဲ့ အချိန်ကတည်းက ဒီအခြေခံဥပဒေဟာ ကျွန်မတို့ ပြည်သူတွေကို ဒုက္ခရောက်စေမယ်ဆိုတာ သိခဲ့ပြီး ပြင်ချင်ခဲ့တာပါ ” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့နေ ပြည်သူများ၏ အခြေခံဥပဒေပြင်ဆင်ရေး တောင်းဆိုပွဲအခမ်းအနားတွင် “ပန်းရဲ့ လမ်းတေး ဂီတအဖွဲ့ ”က သီဆိုဖျော်ဖြေခဲ့ပြီး စာရေးဆရာ ထင်လင်းဦး၊စာရေးဆရာမ သွေး(စစ်ကိုင်း) တို့ကလည်း အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြော ခဲ့ကြသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘမြင့်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပေါ်ပေါက်ခင် အမျိုးသားညီလာခံကာလကပင် ၂၀၀၈ ဖွဲ့စည်းပုံကို ဆန့်ကျင်ခဲ့ပြီး လက်ရှိ ဖွဲ့စည်းပုံမှာ ပြင်ဆင်ခြင်းထက် အသစ်ပြန်လည်ရေးဆွဲရန်သာ ပိုမိုသင့်တော်သည်ဟု ပြောသည်။
“ဗမာပြည်ရဲ့ အရင်းခံပြဿနာက ကာကွယ်ရေးလုပ်ရမယ့်သူတွေက တိုင်းပြည်ကို ကာကွယ်ရေးမလုပ်ဘဲနဲ့ အုပ်ချုပ်ရေးမှာ ဝင်လုပ်နေလို့ ပြဿနာတက်နေတာ”ဟု ၎င်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတောင်းဆိုပွဲများကို ရန်ကုန်၊ မန္တလေးအပါအဝင် မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ပြည်သူများက တောင်းဆိုလျက်ရှိသည်။

အမျိုးသားရေးအင်အားစုဆိုသူများကလည်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်လိုသူများကို ဆန့်ကျင်နေကြပြီး ၅၉(စ) ပြင်ဆင်ပါက တိုင်းတစ်ပါးကျွန်ဖြစ်သွားမည် ဟု ၎င်းတို့က ပြောဆိုကြသည်။

ထိုနေ့ မနက်ပိုင်းတွင်ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် ကျင်းပခဲ့သည့် အခြေခံဥပဒေပြင်ဆင်ရေးထောက်ခံပွဲကို အမျိုးသားရေးအင်အားစုများက ခြိမ်းခြောက်စာများ ရေးသားခဲ့ကြသည်။ 

Show More

Related Articles

Back to top button