ကြိုတင်ကြေညာခြင်းမရှိသည့် အင်အားပြပွဲကြီးများ ရန်ကုန်တွင် တစ်လအတွင်း ၄ ကြိမ် ပေါ်ပေါက်လာသည်
ရန်ကုန် - အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့တွင် ဘာသာပေါင်းစုငြိမ်းချမ်းရေးဆုတောင်းပွဲကြီးများကို အောက်တိုဘာလအတွင်း ၄ ကြိမ် ပြုလုပ်ခဲ့သည်။
အောက်တိုဘာ ၃၁ နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြုလုပ်သည့် ၄ ကြိမ်မြောက် အစီအစဉ်တွင် အဖွဲ့အစည်း ကိုယ်စားပြုသူတချို့၊ နာမည်ကျော် တေးသံရှင်တချို့က ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် သီချင်းများ သီဆို တင်ဆက်ကြသည်ကို တွေ့ရသည်။

လက်နက်ကိုင်တိုက်ပွဲများ ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး ဦးစားပေး ဆောင်ရွက်သည့် အစိုးရသည် သက်တမ်း ၂ နှစ် ဝန်းကျင်ရှိလာချိန်တွင် ရခိုင်ပြည်နယ် ပဋိပက္ခ ပေါ်ပေါက်လာပြီးနောက်တွင် ဘာသာပေါင်းစုံ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ ပါဝင်သည့် ငြိမ်းချမ်းရေး ဆုတောင်းပွဲကြီးများကို စီစဉ်လာခြင်း ဖြစ်သည်။
ဝေဖန်ခံရခြင်း


မြို့တော်ခန်းမရှေ့ ဆုတောင်းပွဲတွင် တွေ့ရသူတစ်ဦးဖြစ်သည့် ကက်သလစ်ဘုန်းကြီးတစ်ပါးက ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလုပ်ငန်းများ လုပ်သည့်အခါတွင် အတူတကွ အမြဲတမ်းရှိသည့်အကြောင်းကို ပြသလိုသည့်အတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို တက်ရောက်ရခြင်းဖြစ်ကြောင်း ပြောသည်။
လတ်တလော ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆုတောင်းပွဲများ ဝေဖန်ခံနေရခြင်းနှင့် ပတ်သက်ပြီး တုန့်ပြန်မှတ်ချက်ပေးလိုခြင်းမရှိဟု စိန်ဂျွန်းဗတ္တီးစတား ကက်သလစ် ဘုရားရှိခိုးကျောင်းမှ ဘုန်းတော်ကြီး ဂျိုးဆက်မောင်ဝင်းက မိန့်သည်။


“ဘယ်သူက ဘာပဲပြောနေနေ ကျွန်တော်တို့ဘက်က ပိုပြီးစည်းလုံးမှုရှိကြမယ်၊ ပိုပြီးနားလည်မှုရှိကြမယ်၊ ပိုပြီး ခွင့်လွှတ်ကြမယ်ဆိုရင် ကျွန်တော်တို့ကြားထဲမှာ ပိုပြီးနားလည်မှုရှိလာသလို ကျွန်တော်တို့ အသိုင်းအဝိုင်းလေးဟာလည်း ပိုပြီး စည်းလုံးညီညာ၊ ချစ်ခင်တဲ့အသိုင်းအဝိုင်းလေး ဖြစ်လာမှာပါ” ဟု ဘုန်းတော်ကြီး ဂျိုးဆက်မောင်ဝင်းက မိန့်ကြားသည်။
အာဏာရပါတီက အောက်တိုဘာလအတွင်း ဘာသာပေါင်းစုံဆုတောင်းပွဲများကို နိုင်ငံအနှံ့တွင် ပြုလုပ်ခဲ့သည်။
ပရိသတ် များပြားသော ရန်ကုန် ဆုတောင်းပွဲများမှာ အဓိကလမ်းမတချို့ကို ပိတ်ဆို့ပြီး ပြုလုပ်သောကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်ပြီး ဝေဖန်ခံနေရသည်။
နယ်မြို့တစ်ခုတွင်ပြုလုပ်သော ဆုတောင်းပွဲမှာ နေရာထိုင်ခင်း စီမံခန့်ခွဲမှုအားနည်းသည်ဟု ဝေဖန်ပြစ်တင်ခံခဲ့ရသည်။
ကျယ်ကျယ်ပြန့်ပြန့် ကြိုတင်ကြေညာ အသိပေးခြင်းမရှိသည့် ငြိမ်းချမ်းရေးဆုတောင်းပွဲများ မည်သည့်အချိန်၊ မည်သည့်နေရာတွင် ပြုလုပ်ဦးမည်ကို သတင်းမရရှိသေးပေ။
ငြိမ်းချမ်းရေး ဂီတပွဲတော်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြည်သူလူထု စိတ်ဝင်စားမှု၊ ပါဝင်ဆောင်ရွက်မှု၊ ထောက်ခံမှု ရရှိလိုသော အစိုးရက ဇူလိုင်လမှ စတင်ပြီး နိုင်ငံအနှံ့အပြားတွင် ငြိမ်းချမ်းရေးဂီတပွဲတော်များ ပြုလုပ်ကာ လက်ရွေးစင် အဆိုကျော်များ ရွေးထုတ်လျက်ရှိသည်။
မြို့ကြီးများတွင် ပြုလုပ်နေသော သီချင်းဆိုပြိုင်ပွဲ၏ နောက်ဆုံးအဆင့် နောက်ဆက်တွဲပြိုင်ပွဲကြီးများကို နိုဝင်ဘာ၊ ဒီဇင်ဘာလတို့တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း၊ ကျင်းပမည့် နေရာမှာ ရန်ကုန်၊ နေပြည်တော်တို့ ဖြစ်ကြောင်း သိရသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












