"တရုတ်ရှိသရွေ့ ကျောက်စိမ်းဈေးကွက်က ရှိမှာပဲ"

နည်းပညာနောက်ကျမှုက မြန်မာ့ကျောက်စိမ်းဈေးကွက် ဖွံ့ဖြိုးရေးကို ဟန့်တားနေသည်ဟု ကုန်သည်တစ်ဦးက သုံးသပ်သည်

Published on Dec 5, 2017
ရွှေလီမြို့အခြေစိုက် ကျောက်မျက်ကုန်သည် ဦးဘုန်းကျော်
ရွှေလီမြို့အခြေစိုက် ကျောက်မျက်ကုန်သည် ဦးဘုန်းကျော်

မြန်မာနိုင်ငံတွင် ကျောက်မျက်ဈေးကွက် အောင်မြင်ဖြစ်ထွန်းစေရန် ပြုပြင်ပြောင်းလဲမှု အများအပြား ပြုလုပ်ရဦးမည်ဟု တရုတ်နိုင်ငံ၊ ရွှေလီမြို့အခြေစိုက် ကုန်သည် ဦးဘုန်းကျော်က ပြောလိုက်သည်။ ဦးဘုန်းကျော်သည် ရွှေလီမြန်မာနိုင်ငံသား ကျောက်မျက်အသင်းတွင်လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ မကြာသေးခင်က တွေ့ဆုံစဉ် ၅၃ နှစ် အရွယ် ဦးဘုန်းကျော်က တရုတ်- မြန်မာ ကျောက်စိမ်းဈေးကွက် အခြေအနေများကို ပြောပြထားသည်။

မေး- ဦးဘုန်းကျော်အကြောင်း၊ အသင်းအကြောင်း နည်းနည်းပြောပြပါ။

ဖြေ- ကျွန်တော် တရုတ်ပြည် ရွှေလီမှာနေပြီး ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်တာ နှစ် ၃ဝ ဝန်းကျင်လောက် ရှိပါပြီ။ ဒီအသင်းကို ၂ဝဝ၃ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့က ဖွဲ့စည်းတာပါ။ အဓိက ဒီအသင်းရဲ့ ရည်မှန်းချက်က ရွှေလီမှာရောက်နေတဲ့ မြန်မာကျောက်မျက်ကုန်သည်တွေ  ဂုဏ်သိက္ခာရှိရှိနဲ့ တရုတ်ပြည်ထဲမှာ အရောင်းအဝယ် လုပ်ကိုင်နိုင်အောင် ဖြစ်ပါတယ်။   ဗမာ၊ မွတ်စလင်၊ ကချင်၊ တရုတ် စတဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံပါတဲ့ အဖွဲ့အစည်းပါ။ ကျွန်တော်တို့အသင်းအဖွဲ့က တရုတ်-မြန်မာ နှစ်ပြည်ထောင် ဥပဒေကို လိုက်နာတဲ့အဖွဲ့ပါ။  

မေး-   ကျောက်စိမ်းဈေးကွက်က အခြေအနေဘယ်လိုရှိလဲ။ အရောင်းအသွက်ဆုံးက ဘာတွေလဲ။

ဖြေ-   လက်ကောက်က နံပါတ်တစ်၊ နံပါတ်နှစ်က အပွင့်၊ နံပါတ် သုံးက ခဲအရိုင်းတွေပေါ့။ ၁၉၉ဝ နောက်ပိုင်းကနေ ၂ဝ၁၄ ခုနှစ်အထိက  လုပ်ကိုင်ရတာ အဆင်ပြေတယ်။ အခု ရောင်းနေရတဲ့ ကျောက်တွေကလည်း အဆင့်နိမ့်တဲ့၊ ဈေးမရှိတဲ့ ကျောက်တွေပါ။ တကယ်ကျောက်ကောင်းတွေက အရောင်းအဝယ် မဖြစ်ဘူးလေ။   ကျောက်ကောင်းဆိုတာမျိုးကို လောလောဆယ် မေးတဲ့သူတောင် မရှိပါဘူး။ ဈေးကွက်ကျဆင်းသွားတဲ့အခါ အရောင်းအဝယ်လုပ်နေတဲ့သူတွေက မလွှဲမရှောင်သာ ကျောက်မျက်ဒုက္ခသည် မဖြစ်အောင်သာ ရောင်းချနေရတာပါ။ မရှိလို့သာ လုပ်ကိုင်စားနေရတာ။

မေး- ကျောက်မျက်နဲ့ ပတ်သက်ပြီး တရုတ်-မြန်မာ နည်းပညာက ဘယ်လောက်တောင် ခြားနားသွားပြီလဲ။

ဖြေ-  ကျွန်တော်တို့ အရောင်းအဝယ်လုပ်နေတဲ့ ပစ္စည်းက အကောင်းစားရယ်လို့ သိပ်မရှိဘူး။ ကျောက်ကောင်းရှာမယ်ဆို တရုတ်သူဌေးတွေ လက်ထဲမှာပဲရှိတာပါ။ မြန်မာလူမျိုး လက်ထဲမှာ ရေမဆေးကျောက်၊ ခါးကျောက်တွေပဲ ရှိပါတယ်။ တစ်နိုင်တစ်ပိုင် လုပ်ကိုင်စားသောက်တဲ့ အနေအထားပါ။ ကြီးပွားချမ်းသာတဲ့ အနေအထား မရှိပါဘူး။ ကျောက်မျက်ယဉ်ကျေးမှု တည်ဆောက်ရေးမှာ ကျွန်တော်တို့ နိုင်ငံက တအားကြီး နောက်ရောက်နေပါပြီ။ မြန်မာပြည်က ကျောက်စိမ်းလက်ကောက်တွေကို ကြည့်လိုက်ပါ၊ လုံးဝ ကြည့်လို့မကောင်းပါဘူး။ တရုတ်တွေလုပ်တာက လှသွားတယ်၊ တန်ဖိုးရှိသွားတယ်။ သူတို့လက်ထဲရောက်တဲ့ ကျောက်က နည်းပညာကောင်းကောင်းနဲ့ လုပ်လိုက်တော့ တန်ဖိုးရှိသွားတဲ့ သဘော ဖြစ်သွားတာပေါ့။ ဆွဲပြားတွေ၊ ဘာတွေက တရုတ်ကလုပ်တဲ့ နည်းပညာက သိပ်မြင့်ပါတယ်။  အကယ်၍သာ ကျွန်တော်တို့နှစ်ပေါင်း ၃ဝ၊ ၄ဝ၊ ၅ဝ ကတည်းက ဒီနည်းပညာကို ကြိုးစားနိုင်ခဲ့ရင် ဒီဈေးကွက်က အလိုအလျောက် နေပြည်တော် သို့မဟုတ် မန္တလေးမှာ ရှိနေမှာပါ။ အဲ့ဒီတစ်ကွက်က ကျွန်တော်တို့ရဲ့ အားနည်းချက် ဖြစ်သွားတာပါ။ ပစ္စည်းကတော့ ရှိတယ်၊ နည်းပညာ ကျွန်တော်တို့မှာ မရှိပါဘူး။ တရုတ်အစိုးရက မြန်မာအစိုးရနဲ့ယှဉ်ရင် ကျောက်စိမ်းပေါ်မှာ ကူညီပံ့ပိုးမှုက အများကြီး ကောင်းပါတယ်။ ဒါကြောင့် ဈေးကွက်ကို တရုတ်က ထိန်းသွားနိုင်တာ၊ သူ့လက်ထဲကို ရောက်သွားတာပေါ့။ ကျွန်တော် ပြပွဲတွေမှာ မြန်မာပြည်က ဆွဲပြားတွေ ကြည့်ပြီးတော့ တော်တော်လည်း အံ့သြတယ်၊ ဟ… ဒီလောက်တောင် နောက်ရောက်နေပြီလား ဆိုပြီးတော့ စဉ်းစားတယ်။ ကမ္ဘာမှာ အကောင်းဆုံး ကျောက်စိမ်းထွက်တာက ကချင်ပြည်နယ်က ဖားကန့်ဒေသပါ။ အနီ၊ အပြာဆိုရင် မိုးကုတ်၊ မိုင်းရှုးပါ။ ကမ္ဘာမှာ ပြိုင်ဘက်ကင်းပါတယ်။ ကျောက်တွေ ရှိပါလျက်နဲ့ တရုတ်လို အောင်မြင်တဲ့ ကျောက်မျက်ယဉ်ကျေးမှုကို မတည်ဆောက်နိုင်ဘူး၊ ဘာအားနည်းချက်လဲဆိုတာ သူဟာနဲ့သူ အဖြေက ရှိပြီးသားပါ။ ဒါကို လူကြီးတွေလည်း သိပြီးသားပါ။ ဘာလို့နောက်ကျလဲဆိုတာကို သိပြီးတော့  ကျွန်တော်တို့တွေ ထိုင်နေလို့ မရတော့ပါဘူး။ အဲ့ဒါတွေကို သင်ခန်းစာယူပြီးတော့ အခုချိန်ကစပြီးတော့ ကျောက်မျက်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာလုပ်မလဲ၊ ဒါတွေက သုံးသပ်ဖို့လိုပါတယ်။

မေး- မြန်မာပြည်မှာ ကျောက်ကောင်းတွေ မရှိတော့တာ မှောင်ခိုဈေးကွက်ကြောင့်လား။

ဖြေ- မှောင်ခိုဆိုတဲ့နေရာမှာ ကျောက်ကောင်းကောင်း မရှိပါဘူး။ ဆင်းရဲတဲ့သူတွေ တစ်ပိုင်တစ်နိုင် လုပ်စားနေတာပါ။ အဓိက ကျောက်ကောင်းတွေက နေပြည်တော်က ကျောက်မျက်ပြပွဲကနေ ရောက်လာတာပါ။ မှောင်ခိုကြောင့် ကျောက်ကောင်းတွေ ဒီဘက်ကို ရောက်လာတယ်ဆိုတာကို ကျွန်တော်ကတော့ သဘောမတူပါဘူး။  မှောင်ခိုယူလာတဲ့သူတွေ ကြွယ်ဝချမ်းသာသွားတယ် ဆိုတာမျိုး မတွေ့ဖူးပါဘူး။ သူတို့ ရေမဆေးကျောက်တွေ၊ အခွံပြင်တွေ ယူလာတယ်။ တရုတ်ငွေ သိန်း ဂဏန်းလောက်တန်တဲ့ ကျောက်တွေတောင် ဒီလူတွေလက်ထဲမှာ မရှိဘူး။ အဲ့ဒါကြောင့် ဒီလိုလူတွေက မှောင်ခိုနဲ့အဆင်ပြေတယ် ဆိုတာ ဘယ်ဟုတ်မလဲ။  

မေး- ကုမ္ပဏီကြီးတွေ ကိုယ်တိုင်က မှောင်ခိုထုတ်နေတဲ့ထဲမှာ ပါတယ်လို့ နိုင်ငံတကာလေ့လာချက်တွေက ထောက်ပြထားတာကို ဘာမှတ်ချက်ပေးချင်လဲ။

ဖြေ- ကုမ္ပဏီကြီးတွေ အဲ့ဒီလိုတင်ပို့တယ်ဆိုရင် ဈေးကွက်က ကျွန်တော်တို့နဲ့ မကင်းပါဘူး။ မူဆယ်ဘက်က လာတာတော့ မဖြစ်လောက်ဘူးလို့ ထင်တယ်။ တခြားနေရာများ လွှဲပြီးတော့ သွားသလားပေါ့၊ ဒါကတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။  

မေး- ရွှေလီဘက်ကို တစ်လ ကျောက်စိမ်းကားအစီးရေ ဘယ်လောက်လောက်ဝင်လဲ။

ဖြေ- ကျွန်တော်တို့ဆီကို အဓိကဝင်တယ်ဆိုတာ မူဆယ်လမ်းကြောင်းတစ်ခုပါ။ တခြားလမ်းကြောင်းတော့ ကျွန်တော်သိပ်မသိပါဘူး။  (ကျောက်စိမ်း)လက်ကောက်သမားတွေက အခွန်ဆောင်ပြီးတော့ ယူလာတယ်။ ပြောမယ်ဆို တစ်လကို ကားအစီးရေပြောဖို့ထက် ငွေရေးကြေးရေး ပြောဖို့လိုတာပေါ့။  အခွန်ဆောင်ပြီးသား များပါတယ်၊ အဲ့ဒါက အချောထည်ပါ။ သိန်း ၂ဝဝ၊ ၃ဝဝ ပတ်ချာလည်ရှိတာက လက်ကောက်ပါ။ အကြမ်းဆို ကျွန်တော်သိသလောက် တရုတ်ငွေ သိန်း ၅ဝ နဲ့ ၁ဝဝ ပတ်ဝန်းကျင်လောက်ပဲ ရှိပါတယ်၊ ရေမဆေးကျောက်တွေပါ။ လက်ကောက်ပြီးရင် ကျောက်စိမ်း အပွင့်ပေါ့။ ရွှေလီမှာ အပွင့်က လက်ကောက်ပြီးရင် ဒုတိယဈေးကွက်မှာ ရှိတယ်၊ အဲဒါကတင် သိန်းရာချီ ရှိပါလိမ့်မယ်။ အားလုံး အထွေထွေ ခြုံငုံပြောလိုက်ရင် သိန်း ၅ဝဝ ထက် မနည်းပါဘူး။ လောလောဆယ်အခြေအနေပါ။ ဟိုတုန်းက ၂ဝ၁၄ ရှေ့ပိုင်းတုန်းက လစဉ်လစဉ် ဒီထက် ၃ ဆလောက် ဝင်တယ်။

မေး- နှစ်နိုင်ငံဈေးကွက်မူဝါဒက ဘာတွေများ ကွာခြားတယ် ထင်သလဲ။

ဖြေ-   သူတို့က အသားအရောင် မခွဲဘူး၊ ဘာသာတရားကို အခြေခံတဲ့ စိတ်ဓာတ်တွေ မရှိဘူး။ သူတို့က ဈေးကွက်တစ်ခုကို တံခါးဖွင့်တဲ့အခါ ဒီမူဝါဒရှိတယ်။ မြန်မာပြည်က အစိုးရက မြန်မာကုန်သည်တွေကို စုစည်းပြီးတော့ လုပ်ငန်းလုပ်ကိုင်နိုင်အောင် (စီစဉ်ပေးသလို) တခြားနေရာက လူတွေလည်း မြန်မာပြည်မှာ လာရောက်လုပ်ကိုင်နိုင်အောင် ဥပဒေအရကိုက မလုပ်ခဲ့တာ တွေ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံက နောက်ကိုရောက်တယ်ဆိုတာ အဲ့ဒါပါ။ တရုတ်က ဘာလို့ရှေ့ရောက်လဲဆိုတော့ စီးပွားရေးမှာ သိပ်ကျွမ်းကျင်တယ်။ စီးပွားရေး လုပ်မယ်ဆိုရင် ဘယ်တိုင်းပြည်ကဖြစ်ဖြစ်၊ လာခဲ့။ လူမျိုး ဘာသာမခွဲနဲ့။ ဘောင်ထဲက လွတ်လွတ်လပ်လပ်လုပ်ဖို့ ခွင့်ပေးတယ်။ တရုတ်အစိုးရက လိုအပ်တာလည်း အကြံဉာဏ်ပေးတယ်၊ ကျောက်စိမ်းအတုတွေ သူ့ဈေးကွက်ကို မဝင်အောင်လို့လည်း ထိန်းသိမ်းတယ်။ အတုအပတွေကိုလည်း ရောင်းခွင့်မပေးဘူး။ စီးပွားရေးတံခါး ဖွင့်တယ်ဆိုတဲ့ မူနဲ့အညီ အကောင်အထည် ဖော်ပေးတယ်။ ကျွန်တော်တို့ မြန်မာပြည်ကလည်း တရုတ်ကျင့်သုံးနေတဲ့ စီးပွားရေးပေါ်လစီအတိုင်း လုပ်ပေးနိုင်တယ်ဆိုရင် များမကြာသောကာလမှာ ဒီလိုဈေးကွက်အနေအထားကို တဖြည်းဖြည်း ရောက်ရှိလာမယ်လို့ ထင်ပါတယ်။ တရုတ်ဆီက နည်းပညာယူရမယ်လေ။ တရုတ်က ဘယ်လို တည်ဆောက်သွားလဲ။

ယနေ့ တရုတ်ကျောက်စိမ်းဈေးကွက်ကို ကြည့်လိုက်ပါ၊ သူ့ဟာနဲ့သူ ဈေးကွက်က ရှိပြီးသား။ မန္တလေးဈေးကွက်မှာလည်း တရုတ်တွေ ပတ်နေတယ်ဆိုတာ ကောင်းပါတယ်။ တံခါးနည်းနည်းသာ ဖွင့်လိုက်ပါ၊ တံခါးဖွင့်လိုက်မှ အလုပ်ဖြစ်မှာ လက်ရှိတံခါးကတော့ ကျဉ်းမြောင်းတယ်၊ လူဝင်ဖို့ ထွက်ဖို့ ခက်တယ်။ မူဆယ်မှာ ဈေးကွက်လုပ်မယ်ဆိုပြီး ၂ဝ၁၁ ခုနှစ်က ကျွန်တော့်ကို ဖိတ်တယ်။ ကျွန်တော်တို့ အသေးစိတ်တင်ပြတယ်၊ စာနဲ့ပေနဲ့ ပို့ပေးတယ်၊ သူမလုပ်နိုင်ဘူး။ ဒီက တရုတ် တစ်ယောက်တောင် ဟိုဘက်ကိုသွားဖို့ ခက်နေတာ ဘယ်လိုလုပ် ဖြစ်မလဲ။ မူဆယ်မှာ ဈေးကွက်လုပ်မယ် ဆိုလည်း လုပ်လို့ရတာပဲ။ တရုတ်ရှိသရွေ့ ကျောက်စိမ်းဈေးကွက်က ရှိမှာပဲ။ အဓိက ဈေးကွက်က တရုတ်မှာပဲလေ။ မူဆယ်မှာတောင် ကျောက်ဈေးကွက် မဖွင့်နိုင်ဘူး၊ ကျွန်တော်တော့ အံ့သြတယ်။ တရုတ်က ကျောက်ဝိုင်းလို့ပြောရင် မကြိုက်ဘူး၊ ကျောက်စိမ်းမြို့တော်လို့ပြောမှ ကြိုက်တယ်။ ဝိုင်းဆိုတာက ဘာလဲ၊ ထမင်းဝိုင်း၊ ဖဲဝိုင်းလည်း ရှိတာပဲတဲ့။ တို့ဆီကလည်း အခေါ်အဝေါ်တွေ ပြောင်းဖို့လိုတယ်။ မန္တလေးက ကျောက်စိမ်းမြို့တော်၊ ရန်ကုန်လည်း ကျောက်စိမ်းဈေးကွက် ဖြစ်ရမယ်။ ဈေးကွက်ကြီးဆိုတာက ကျယ်ပြန့်တယ်လေ။ နာမည်တွေ ပြောင်းရမယ်၊ အတွေးအခေါ်တွေ ပြောင်းရမယ်။  အခေါ်အဝေါ်ကိုက စိတ်ပိုင်းဆိုင်ရာကို အားပေးသလိုဖြစ်တော့ လူတွေက တက်ကြွတယ်လေ၊ အဲ့ဒီလိုဖြစ်တာပေါ့။

မေး- တရုတ်ပြည်မှာ ကျောက်စိမ်းနဲ့ပတ်သက်ပြီးတော့ အခွန် ဘယ်လိုဆောင်ရလဲ။

ဖြေ- အခွန်ပိုင်းနဲ့ပတ်သက်ရင် နှစ်မျိုးရှိပါတယ်။ ကျယ်ဂေါင်ကကျတော့ ၁၉၇၈ ခုနှစ်တည်းက အဲ့ဒီထဲကို ဗမာပြည်က ဘယ်ကဝင်ဝင် အခွန်မဆောင်ရဘူး၊ လွတ်လွတ်လပ်လပ် အရောင်းအဝယ်လုပ်လို့ရတယ်။ ကျယ်ဂေါင်ကနေ ဒီဘက်တံတားကျော်မယ်ဆိုရင် အခွန်ဆောင်ရမယ်၊ မဆောင်ရင် ဖမ်းဆီးအရေးယူတယ်။ ပုဂ္ဂလိက မရဘူး၊ ကုမ္ပဏီကနေ တစ်ဆင့် သွားပြီးဆောင်ရတယ်။ သိပ်လွတ်လပ်တယ်၊ အခွင့်အလမ်း အများကြီး ပေးထားတော့ လူလည်း ပျော်ကြတယ်။ နောက်တစ်ခုက အရေးကြီးပြီဆို စာရေးပြီး၊ တံဆိပ်ထုပြီး ပို့လိုက်ရင် ချက်ချင်း လာပြီး ဖြေရှင်းပေးတယ်၊ စကားပြောတယ်။ အဲ့ဒီလောက်ထိ မြန်တယ်။

မေး- ကျောက်စိမ်းလုပ်ငန်းနဲ့ပတ်သက်ပြီး မြန်မာအစိုးရရဲ့ကိုင်တွယ်ပုံကို ဘယ်လို ယူဆပါသလဲ။  

ဖြေ- NLD အစိုးရလက်ထက်မှာ ကျောက်မျက်နဲ့ပတ်သက်ပြီး ကိုင်တွယ်ပုံတွေ ကောင်းပါတယ်။ ကျောက်မျက်ကို ထိန်းချုပ်တာ၊ တူးတာ၊ ကုမ္ပဏီတချို့ကို ဖျက်သိမ်းတာ၊ ဒါတွေကို ကြိုက်ပါတယ်။ ကျောက်က သိပ်တန်ဖိုးရှိတာ။ တန်ဖိုးရှိရှိနဲ့ သူ့ကို နေရာပေးရမယ်။ သူ့ကိုအသုံးပြုရမယ်၊ ဒါမှလည်း သူက ကိုယ့်ကို အကျိုးပြုမှာလေ။ နောက်ပြီးတော့ ရေမဆေးကျောက် ကောက်စားသူတွေရဲ့ ဘဝကို နားလည်ဖို့၊ စဉ်းစားပေးဖို့ လိုတယ်။ ဘာလို့လဲဆိုတော့ သူတို့ဒေသမှာထွက်တဲ့ ပစ္စည်းလေ။ ဒေသခံတွေက ဘာမှ အကျိုးခံစားခွင့်မရှိဘူး။ ကျောက်တူးလို့ မရဘူး ဆိုတာက သဘာဝမကျဘူးလေ။ သူတို့ တစ်နိုင်တစ်ပိုင် အကျိုးခံစားခွင့်ရှိတယ်လို့ ကျွန်တော်ထင်တယ်။ ရေမဆေးသွားကောက်ရင်လည်း မြေစာပုံပိပြီးတော့ သေဦးမယ်၊ ရေမဆေးကျောက်သမားတွေအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်အစိုးရ တာဝန်ရှိတယ်။ ဒီလူတွေ တစ်ခုခု အဆင်ပြေအောင် ကျောက်သမားဘဝနဲ့ လုပ်ကိုင်စားသောက်နိုင်အောင် နည်းလမ်းတစ်ခုခုတော့ ဖန်တီးပေးဖို့ လိုတယ်လို့ မြင်ပါတယ်။

မေး- မြန်မာပြည်မှာ ကျောက်စိမ်းဈေးကွက် ကြီးလာအောင် ဘာတွေလုပ်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ - အရေးကြီးတာကတော့ နည်းပညာပါ။ နည်းပညာသာ ကျွန်တော်တို့မြန်မာပြည်က ပိုင်နိုင်သွားပြီဆိုရင် တရုတ် မဟုတ်ဘူး၊ အရှေ့တောင်အာရှ ဥပရောပ တစ်ခွင်ကလည်း ကျွန်တော်တို့မြန်မာပြည်မှာ လာဝယ်မှာ။ ပြည်ပနိုင်ငံတွေမှာ အရောင်းအဝယ်ဖြစ်နေတယ်၊ ကိုယ့်အိမ်ထဲမှာတော့ ခါလီ ဖြစ်နေတယ်၊ ဘာသဘောလဲ၊ ဘာများလိုနေလဲဆိုတဲ့ အဖြေကိုတော့ လူကြီးတွေ ထုတ်ဖို့လိုပါတယ်။ နောက်ပြီး ဈေးကွက်ရဲ့အနေအထားပေါ်မှာ သုံးသပ်ပြီးတော့ သိပ်မများ သိပ်မနည်းလွန်းတဲ့  အဲ့ဒီပုံစံနဲ့တော့ အခွန်ကို ကောက်သင့်တယ်လို့ ထင်ပါတယ်။  လက်ကောက်တို့ ဘာတို့ အခွန်ဆောင်ပြီးတော့ ဒီဘက်ကို လာနေတာတော့ ကျွန်တော်တို့လည်း ကြိုက်တယ်။ နောက်တစ်ချက်က ၅ သိန်းလောက် တန်တာကို ဈေးကွက်မှာ သိန်း ၁ဝဝ လောက် တန်တယ်ဆိုပြီးတော့ အခွန်သွားဆောင်ခိုင်းလို့ မရဘူးလေ။ ကျောက်မျက်ကျွမ်းကျင်တဲ့ ပညာရှင်တွေကြည့်ပြီးတော့မှ ဆုံးဖြတ်ရမယ်လေ။

ပုဂ္ဂလိကအခွန် ဆောင်နိုင်အောင်လည်း လုပ်ပေးသင့်တယ်။ အခုကုမ္ပဏီက ဆောင်ရတဲ့ဟာတော့ ကုမ္ပဏီအတွက် အကျိုးအမြတ်ရပြီး လူထုအတွက် အကျိုးအမြတ် သိပ်မရှိဘူး။ နိုင်ငံတော်ကလည်း သိပ်မရဘူး။ လွတ်လွတ်လပ်လပ် တစ်ပိုင်တစ်နိုင်ယူလာတဲ့ လူတွေက လွတ်လပ်ခွင့်နဲ့ အခွန်ဆောင်ခွင့်ပေးလိုက်ရင် ပိုပြီးတော့လည်း လူတွေလည်း စိတ်ဝင်စားမယ်။ ဥပဒေလည်း လိုက်နာမယ်။ တိုင်းပြည်လည်း အကျိုးရှိမယ်။ ဈေးကွက်အတွက်လည်း အများကြီး အလားအလာကောင်းမယ်။ အဲ့ဒီလို ဖန်တီးပေးသင့်တယ်လို့ ထင်တယ်။ နေပြည်တော် ကျောက်မျက်ပြပွဲ၊ ရန်ကုန်၊ မန္တလေးတို့မှာ ကျောက်စိမ်းတွေက ရွှေလီဈေးကွက်မှာရှိတဲ့ ကျောက်တွေလောက် မစုံဘူး။ မြန်မာနိုင်ငံက ထွက်တဲ့ကျောက်၊ တရုတ်ပြည်က ထွက်တဲ့ကျောက်၊ အာဖရိကကထွက်တဲ့ကျောက် အောက်ကျောက်၊ ခါးကျောက် အစုံရှိတယ်။ ရှာဖွေဝယ်လို့ရတယ်။ မန္တလေးနဲ့ရွှေလီကို ကျောက်မျက်ဈေးကွက် ရွှေလမ်းငွေလမ်းဖောက်ဖို့ လိုတယ်လို့ ထင်ပါတယ်။ အတုခိုး သင့်တာပေါ့။ အကျိုးရှိတာကိုတော့ အတုခိုးရမှာလေ။ အဲ့ဒီလိုတော့ အကြံပေးချင်ပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading