နေ့တွက်လုပ်ခနှင့် အလုပ်ထုတ်ခံရသူများအရေး ရှင်းပေးရန် ရန်ကုန်အလုပ်သမားတို့ လိုလားနေကြသည်
ရန်ကုန် — ယခုသီတင်းပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီးစက်မှုဇုန်များရှိ စက်ရုံ ငါးရုံတွင် အလုပ်သမားဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ပြီး စက်ရုံလေးရုံမှာ တစ်နေ့အလုပ်ချိန် ၈ နာရီအတွက် အနည်းဆုံးလုပ်အားခ ကျပ် ၄,၈ဝဝ ရရှိရေးအပါအဝင် အခြားလိုလားချက်များကို တောင်းဆိုခဲ့ကြသည်။
လှိုင်သာယာမြို့နယ်ရှိ Myanmar Sincerece Co Ltd၊ CIC, Golden Trial Light နှင့် တောင်ဒဂုံစက်မှုဇုံရှိ ကျောက်စိမ်းအထည်ချုပ်စက်ရုံများမှ အလုပ်သမားတို့က အနည်းဆုံးလုပ်ခလစာ ၄,၈ဝဝ ရရှိရေးနှင့် စက်ရုံတွင်း လိုအပ်ချက်များကို တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး CNFC (လှိုင်သာယာ) အအေးခန်းစက်ရုံကမူ အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုရန် ညှိနှိုင်းမရသဖြင့် ယခုလ ၇ ရက်နေ့က အလုပ်ထုတ်ခံခဲ့ရသည့် အလုပ်သမား ၈၄ ဦးကို ပြန်လည်ခန့်ထားပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

‘ကျွန်မတို့က ၄,၈ဝဝ တောင်းဆိုတယ် ဆိုတာက ကျွန်မတို့ရဲ့လုပ်အားနဲ့တန်တာကို တောင်းတာပါ။ ပြီးတော့ အစိုးရကလည်း မကြာခင်မှာ တရားဝင်သတ်မှတ်ပေးတော့မှာပဲလေ’ ဟု Myanmar Sincerece စက်ရုံမှ အလုပ်သမားခေါင်းဆောင် မချစ်သဲစုဝေက Myanmar Now ကို ပြောသည်။
တောင်းဆိုချက်များနှင့် ပတ်သက်ပြီး အလုပ်ရှင်နှင့် အလုပ်သမားတို့က သက်ဆိုင်ရာ ညှိနှိုင်းဖြန်ဖြေရေး ရုံးများတွင် ညှိနှိုင်းခဲ့ကြရာ ကျောက်စိမ်းအထည်ချုပ်က မေ ၉ ရက်၊ Myanmar Sincerece အထည်ချုပ်က မေ ၁ဝ ရက်တွင် တောင်းဆိုချက်များ ရရှိခဲ့ကြသော်လည်း ကျန်စက်ရုံများမှာ ပြေလည်မှု မရရှိသေးကြောင်း သိရသည်။


‘ကျွန်မတို့က ကျွန်မတို့ရဲ့ရပိုင်ခွင့်ကိုပဲ တောင်းတာပါ။ ဒီနှုန်းက သတ်မှတ်ပြီးသားနှုန်းထားပဲ။ ဒါပေမယ့် တစ်ခုရှိတာက ၄,၈ဝဝ ပေးမယ်ဆိုရင် ဘယ်လိုမျိုးတွေ အကျုံးဝင်တယ်။ မဝင်ဘူးဆိုတာတော့ စာထွက်လာမှပဲ သေချာသိရမှာပေါ့လေ’ ဟု ကျောက်စိမ်း အထည်ချုပ်စက်ရုံမှ အလုပ်သမားခေါင်းဆောင် မပိုပိုက ဆိုသည်။
တစ်နေ့အလုပ်ချိန် ၈ နာရီအတွက် အနည်းဆုံးလုပ်ခ ကျပ် ၄,၈ဝဝ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မတ်လအတွင်း သတင်းထုတ်ပြန်ခဲ့ပြီး ယင်းလအတွင်း ညွှန်ကြားချက်အပြည့်အစုံဖြင့် နှုန်းထားသစ်ကို ထုတ်ပြန်နိုင်ရန် ဆောင်ရွက်သွားမည်ဟု ဆိုသော်လည်း ယခုအချိန်ထိ ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။


တစ်နေ့အလုပ်ချိန် ၈ နာရီအတွက် အနည်းဆုံးလုပ်ခလစာ ကျပ် ၃,၆ဝဝ မှ ၄,၈ဝဝ သို့ တိုးမြှင့်ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ၂ဝ၁၅ ခုနှစ် အနည်းဆုံး အခကြေးငွေဥပဒေအရ မြန်မာနိုင်ငံ၏ အခြေခံလစာကို နှစ်နှစ်ပြည့်တိုင်း ပြန်လည်ချိန်ညှိ သတ်မှတ်ပေးရမည် ဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












