ဆန္ဒဖော်ထုတ်စဉ် ရိုက်နှက်ခံရမှုအတွက် စစ်ဆန့်ကျင်သူတို့က တရားစွဲမည်

ရန်ကုန်မြို့ ငြိမ်းချမ်းရေးဆန္ဒပြပွဲတစ်ခု ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်းများဖြင့် အဆုံးသတ်သွားသည်

Published on May 15, 2018
မေ ၁၂ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရသော တိုက်ပွဲဆန့်ကျင်ရေးဆန္ဒပြပွဲ မြင်ကွင်း (ဓာတ်ပုံ - မော်လေး / Myanmar Now)
မေ ၁၂ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရသော တိုက်ပွဲဆန့်ကျင်ရေးဆန္ဒပြပွဲ မြင်ကွင်း (ဓာတ်ပုံ - မော်လေး / Myanmar Now)

ရန်ကုန် - မေ ၁၂ ရက်နေ့က ပေါ်ပေါက်ခဲ့သည့် ရန်ကုန်မြို့ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွက် ဥပဒေကြောင်းအရ ဖြေရှင်းသွားမည်ဟု တိုက်ခိုက်ခံရသူ တချို့က မေ ၁၄ ရက်နေ့တွင် ပြောလိုက်သည်။

ဝင်ရောက် ရိုက်နှက်သူ အများအပြားမှာ မည်သည့်အဖွဲ့မှ ကိုယ်စားလှယ်များဖြစ်သည်ကို လတ်တလော ရှင်းလင်းစွာ မသိရသေးဘဲ  အာဏာပိုင်တို့ကလည်း ၎င်းတို့ကို အရေးယူခြင်း မရှိသေးပေ။

အလားတူ အကြမ်းဖက်မှုမျိုး ထပ်မံ ပေါ်ပေါက်ခြင်း မရှိစေလိုသဖြင့် အခင်းဖြစ်ပွားသည့်နယ်မြေရဲစခန်းတွင် အမှုဖွင့်မည်၊  တိုင်းဒေသကြီးနှင့် ဗဟိုအစိုးရ ခေါင်းဆောင်များသို့လည်း စာပို့ အကြောင်းကြားမည်ဟု ရိုက်နှက်ခံရသူတစ်ဦးဖြစ်သည့် ကိုတင်ထွဋ်ပိုင်က ပြောသည်။

“ဒါ ဘယ်သူက ခိုင်းတာလဲ။ ရဲတပ်ဖွဲ့က မခိုင်းဘူးဆိုရင် သူတို့ကို အကြမ်းဝင်ဖက်တဲ့အတွက် အရေးယူဖို့ ရဲတပ်ဖွဲ့ အနေနဲ့ လုပ်ကိုလုပ်ဖို့လိုတယ်” ဟု လုံခြုံရေးတပ်ဖွဲ့အရာရှိများ

ရှေ့တွင်ပင် လူ ၅ ဦး၏ ဝိုင်းဝန်း ရိုက်နှက်ထိုးကြိတ်မှုကို ခံခဲ့ရသည့် ကိုတင်ထွဋ်ပိုင်က ဆိုသည်။

ကချင်ဒေသတိုက်ပွဲများကြောင့် ဒေသခံအများအပြား ထွက်ပြေးရပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ထိုဆန္ဒပြပွဲကို ဝင်ရောက် နှောင့်ယှက်သူများမှာ တပ်မတော်ကို ထောက်ခံသူများ ဖြစ်သည်ဟု တချို့က သုံးသပ်နေကြသည်။

“တပ်မတော်ကို ထောက်ခံချင် ထောက်ခံပါ၊ ဘာမှမဖြစ်ဘူး။ ကျနော်တို့လည်း ကိုယ့်အယူအဆနဲ့ စစ်ပွဲကို ကန့်ကွက်တယ်။ ဒါကို ပွဲပျက်အောင်၊ ပုံဖျက်ဖို့ အကြမ်းဝင်ဖက်တာမျိုးတော့ ဘယ်လိုမှ လက်မခံဘူး” ဟု Generation Youth အဖွဲ့မှ ကိုတင်ထွဋ်ပိုင်က ဆိုသည်။

 အမျိုးသားရေးအင်အားစုများ၊ တပ်မတော်ထောက်ခံပွဲတွင် ပါဝင်ခဲ့ကြသူများက ဆန္ဒပြမည့်နေရာသို့ လာရောက်ပြီး တန်ပြန် ဆန္ဒပြမည်ဟူသော သတင်းတချို့ ထွက်ပေါ်နေခြင်းကြောင့်  ထိပ်တိုက်တွေ့နိုင်မည့် အရေးကို ကာကွယ်သောအားဖြင့် လုံခြုံရေးရရှိရန် ရဲတပ်ဖွဲ့ထံသို့ ကြိုတင်အကြောင်းကြားထားကြောင်း၊ အဆိုပါဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည့် မသဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။

ဆန္ဒပြသူတို့ လူစုခွဲရန် ရဲတပ်ဖွဲ့၏ တောင်းဆိုမှုကို လက်ခံကာ လူစုခွဲနေချိန်တွင် လူတချို့ ဝင်ရောက် အကြမ်းဖက်မှုကို တားဆီးရန် ပျက်ကွက်မှုအတွက် အာဏာပိုင်တို့တွင်  တာဝန်ရှိသည်ဟု ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုကော်မတီမှ မသဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။

ပစ်မှတ်ထား တိုက်ခိုက်မှု

သတင်းသမား အများအပြား မှတ်တမ်းတင် သတင်းယူနေကြသည့် ထိုနေရာတွင် ရဲတပ်ဖွဲ့တို့က ဆန္ဒပြသူ တချို့ကို ထိန်းသိမ်း ခေါ်ဆောင်သွားသည်။

အထိန်းသိမ်းခံလိုက်ရသူတစ်ဦးဖြစ်သည့် ကိုတင်ထွဋ်ပိုင်က အချုပ်ကားအနီး ရောက်ရှိသွားစဉ် အမျိုးသား ၅ ဦးက ဝင်ရောက် ထိုးကြိတ်ကြသည်။

နှုတ်ခမ်းပေါက်ပြဲကာ ဘယ်ဘက်ပါးနှင့် လည်ပင်း ယောင်ကိုင်းစသည့် ဒဏ်ရာများကို ရရှိခဲ့သည်ဟု ကိုတင်ထွဋ်ပိုင်က Myanmar Now ကို ပြောသည်။

“လူစုခွဲကြမယ်ဆိုလို့ ကျွန်တော်က အရှေ့ဘက်ကို ထွက်သွားတယ်။ အဲ့ဒီအချိန်မှာ ရဲ ၁ဝ ဦးလောက်က တစ်ယောက်ကို တုတ်တွေနဲ့ရိုက်ပြီး ဖမ်းနေတာမို့ ကျွန်တော်က ဝင်ဆွဲတယ်။ 

ကျွန်တော့်ကိုပါ ချုပ်ပြီး ဖမ်းတယ်။ အချုပ်ကားနား အရောက်မှာ မင်းလားကွ၊ ငြိမ်းချမ်းရေးလိုချင်သူဆိုပြီး ဝိုင်းထိုးတာ။ ရဲတွေဘက်က ဘာမှ အကာအကွယ် မပေးနိုင်ဘူး” ဟု ကိုတင်ထွဋ်ပိုင်က ပြောသည်။

“ဥပဒေအရ ရဲတွေအနေနဲ့ ဖမ်းချင်တယ်ဆို ဖမ်း။ ဒါက သဘာဝကျတယ်။ အခုက ရဲကပဲ ခိုင်းထားလို့လား၊ အမျိုးသားရေးလို့ ဆိုကြတဲ့သူတွေက ဝိုင်းထိုး တွန်းဆွဲတာကျတော့ သဘာဝ မဟုတ်တော့ဘူး။ သူတို့ကို ဘယ်သူက လုပ်ပိုင်ခွင့် ပေးထားတာလဲလို့ မေးခွန်းထုတ်ရမယ်” ဟု သူက ဆိုသည်။

ဆန္ဒပြမှုကို မလိုလားသူတို့ ပစ်မှတ်ထား တိုက်ခိုက်မှုကို ခံရသူများထဲတွင် အဓမ္မဝါဒီတိုက်ဖျက်ရေးအဖွဲ့မှ ကိုမြတ်ကျော်လည်း ပါဝင်သည်။ ဆန္ဒပြသည့်နေရာမှ ထွက်ပြီး လမ်းဘေးတွင် ရပ်နေစဉ် အမျိုးသား ဆယ်ဦးခန့်က ပစ်မှတ်ထား တိုက်ခိုက်ကြကြောင်း၊  ဖမ်ချုပ် ထိုးနှက်ပြီး ဆွဲခေါ်သွားစဉ် ရဲတပ်ဖွဲ့ဝင်တို့က ဟန့်တားခြင်း မပြုခဲ့ကြောင်း အကာအကွယ် မပေးခဲ့ကြောင်း ကိုမြတ်ကျော်က ပြောသည်။

ပြည်သူ့ကိုယ်စားလှယ်တို့၏အသံ

သင်္ဃန်းကျွန်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ဆန္ဒပြသူတို့ လူစုခွဲကြချိန် ဆန္ဒပြပွဲကိုဆန့်ကျင်သူတို့က ဥပဒေနှင့်မညီစွာ ဝင်ရောက် ဆောင်ရွက်ခြင်းကို ရဲတပ်ဖွဲ့ဝင်တို့က လက်ပိုက်ကြည့်နေခြင်းမှာ မေးခွန်းထုတ်ဖွယ် ဖြစ်နေသည်ဟု ထောက်ပြသည်။

“ရဲတပ်ဖွဲ့အနေနဲ့ ဒီအရပ်ဝတ်လူတွေက ဘယ်သူတွေလဲဆိုတာ ဖြေရှင်းချက် ထုတ်ကိုထုတ်ပေးဖို့လိုပြီ။ ကိုယ့်ဝန်ထမ်းတွေကို အရပ်ဝတ်နဲ့ တာဝန်ပေးထားတယ်ဆိုလည်း တာဝန်ပေးထားကြောင်းကို ထုတ်ပြောဖို့ လိုတယ်။ တာဝန်သိ ပြည်သူတွေက ဖမ်းပါတယ် ဆိုရင်တောင် ဒါက ရဲတွေ လက်လှမ်းမမီတဲ့နေရာမှာဆို တစ်မျိုး။ အခုက ရဲတွေလည်း ရှိနေတာကို ဒီလူတွေက ဝင်အကြမ်းဖက်တာ။ ဒါဟာ ဝတ္တရားနှောင့်ယှက်မှုတောင် မြောက်တယ်၊ ဒီလူတွေကို ပြန်အရေးယူပေးဖို့ လိုတယ်” ဟု သူက ဆိုသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါ်ဖြူဖြူသင်းက  ဒီမိုကရေစီ ဖော်ဆောင်ရန် ကြိုးပမ်းနေသော အစိုးရခေတ်တွင် စစ်အာဏာရှင်ခေတ်ပုံစံ ပြန်လည် ပေါ်ပေါက်နေခြင်းကြောင့် နိုင်ငံနစ်နာသည်ဟု သုံးသပ်သည်။

"ဟိုလူ့ကိုတော့ အကာကွယ်ပေးမယ်၊ ဟိုလူ့ကိုတော့ နှိပ်ကွပ်မယ်ဆိုပြီး မဖြစ်စေရဘူး။ ဥပဒေဆိုတာ သာတူညီမျှပဲ" ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။

"အခုသွားနေတာက တရားဥပဒေစိုးမိုးရေးလမ်းကြောင်းကို သွားနေတာ။ ဒါကို အစိုးရတစ်ရပ်အနေနဲ့ အင်တိုက်အားတိုက် လုပ်နေတဲ့အချိန်မှာ ဖျက်မြင်းတွေလားလို့တောင် စဉ်းစားစရာဖြစ်တယ်"

ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်ကလည်း အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး ကန့်ကွက်လိုက်သည်။

"တာဝန်ရှိသူတွေရဲ့ရှေ့မှာတင် တာဝန်မဲ့တဲ့သူတွေက ဘာမဆိုင် ညာမဆိုင်ပဲနဲ့ ဝင်လုပ်တာဟာ ပြဿနာကို ပိုကြီးထွားအောင်လုပ်တာလို့ ကျွန်တော် စွတ်စွဲမယ်။ အရင်က စွမ်းအားရှင် လိုလို၊ လက်ပတ်နီလိုလိုနဲ့ သင်္ကေတ တစ်ခုခုနဲ့ ဝင်လုပ်ကြခဲ့တဲ့ သာဓကတွေ ရှိတယ်" ဟု ဦးထွန်းမြင့်က ပြောသည်။

အာဏာပိုင်တို့၏ အသံ

လွန်ခဲ့သည့် ၃နှစ်က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် အလားတူ ဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့ဖူးသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်တို့က ဆန္ဒပြပွဲတစ်ခုကိုဟန့်တားစဉ် တူညီဝတ်စုံ ဝတ်ဆင်မထားဘဲ သာမန်အရပ်သားများကဲ့သို့ ဝတ်ဆင်ထားသူ တချို့ကလည်း ဆန္ဒပြသူတို့ကို အကြမ်းဖက် တိုက်ခိုက်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များရှေ့တွင် အကြမ်းဖက်လုပ်ဆောင်သော ထိုသူတို့သည် စွမ်းအားရှင်များဟု ထင်ရှားသည်။

ထိုဖြစ်ရပ် ပေါ်ပေါက်စဉ်  သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အာဏာပိုင်တို့သည် ဥပဒေအရ ခွင့်ပြုချက်မရှိသော စုဝေးမှုများကို ဖြိုခွဲရန် အရပ်ဘက် အင်အားစုများ အသုံးပြုနိုင်ကြောင်း ၁၈၉၈ ခုနှစ်၊ ရာဇဝတ်ကျင့်ထုံးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၈ ကို ကိုးကားပြီး သူ၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်တွင် ပေါ်ပေါက်ခဲ့သော ဖြစ်ရပ်နှင့် ပတ်သက်ပြီး မေ ၁၄ ရက်နေ့တွင်  ဦးဇော်ဌေးကို ဆက်သွယ် မေးမြန်းရာ ၎င်းက မှတ်ချက်ပေးရန် ငြင်းဆိုသည်။

"ဒီကိစ္စနဲ့ ပက်သက်ရင်တော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကိုသာ မေးမြန်းပါ" ဟု ဦးဇော်ဌေးက ပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း ရဲတပ်ဖွဲ့ကိုသာ ဆက်သွယ်မေးမြန်းစေလိုသည်ဟု ဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး တယ်လီဖုန်းမှတစ်ဆင့် ဖြေကြားရန် အဆင်သင့် မဖြစ်သေးကြောင်း၊ ရုံးသို့ လာရောက် မေးမြန်းစေလိုကြောင်း အကြောင်းပြန်ခဲ့သည်။

အရပ်ဘက်အဖွဲ့များ ကန့်ကွက်

မေလ ၁၂ ရက်နေ့ ရန်ကုန်မြို့ ဆန္ဒပြပွဲကို အင်အားသုံး ဖြေရှင်းမှု၊ အရပ်ဝတ်များက ဝင်ရောက်အကြမ်းဖက်မှုတို့နှင့် ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းများက ကန့်ကွက်လိုက်ကြသည်။

မြန်မာနိုင်ငံ သတင်းသမားများ ကာကွယ်ရေးကော်မတီက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ တိုင်ကြားစာ ပေးပို့ခဲ့သည်။  ငြိမ်းချမ်းရေး လူထု လှုပ်ရှားမှုကော်မတီကလည်း ထိုကော်မရှင်ထံသို့ အလားတူ  ပေးပို့သွားမည်ဟု သိရသည်။

ဆန္ဒပြပွဲတွင်ပါဝင်စဉ် အထိန်းသိမ်းခံရသူများ  အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည်။

၎င်းတို့ကို ထောင်ဒဏ် ၃ လ ( သို့မဟုတ် ) ဒဏ်ငွေ ကျပ် ၃ သောင်း ချမှတ်ခံရနိုင်သည့် ငြိမ်းချမ်းစွာ စီတန်းခြင်းနှင့် ငြိမ်းချမ်းစွာ စုဝေးခြင်း ဥပဒေ ပုဒ်မ ၂ဝ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading