သတင်း

တပ်က ၆၆(ဃ) ဖြင့် စွဲထားသည့်ရဟန်း လိုအပ်မှ တရားခွင်သွားရမည်

တပ်မတော်ဂုဏ်သိက္ခာကျဆင်းအောင် Facebook တွင် ရေးသားသည်ဟု စွပ်စွဲခံရပြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲခံထားရသည့် ဆရာတော် ဦးသောဘိတအား တရားခွင်သို့ လာရောက် စစ်ဆေးခံရေး ကင်းလွတ်ခွင့် ပေးအပ်ရန်  မန္တလေးမြို့ အမရပူရ မြို့နယ် တရားရုံးက ယနေ့ ဆုံးဖြတ်လိုက်သည်။

တရားရုံးချိန်းတိုင်းတွင် တရားခွင်အတွင်း ဆရာတော် မဖြစ်မနေရှိရန် မလိုဘဲ လိုအပ်မှသာ တရားခွင်သို့ သွားရောက်ရမည် ဖြစ်သည်။

ရွှေဝါရောင်တော်လှန်ရေးခေါ် ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး “အလင်္ကာကြယ်” ဟုလည်း လူသိများသည့် ဦးသောဘိတသည် ၎င်း၏  Facebook စာမျက်နှာတွင် ရေးသားမှုများအတွက် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက  အမရပူရ မြို့မရဲစခန်းတွင် တိုင်ကြားခံရခြင်းဖြစ်သည်။

သူ၏ ရေးသားမှုအပေါ်  အမြင်မတူကြသည့်အတွက် တရားစွဲခံရသည်အထိ ဖြစ်ခဲ့သည်ဟု ဦးသောဘိတက မိန့်သည်။

“တပ်မတော်က နိုင်ငံ့ဝန်ထမ်းဆိုတဲ့ အမြင်ကနေ သူတို့သာလျှင် အာဏာရှိတယ်၊ အာဏာရှင်ဆိုတဲ့ အမြင်ကနေ မပျောက်သေးဘူးပေါ့နော်။ အဲဒီလို မပျောက်သေးတဲ့အတွက် ဒီလိုအမှုတွေ ဖြစ်နေတာဖြစ်တယ်။ အကြောင်းအကျိုးနဲ့ ဝေဖန်တာကို တရားစွဲတယ် ဆိုတာက ဒီမိုကရေစီနိုင်ငံတွေမှာ အလွန် အင်မတန် ရှက်စရာ ကောင်းပါတယ်” ဟု ဆရာတော် ဦးသောဘိတက မိန့်သည်။

တရားလို ဖြစ်သူမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြည်သူ့စစ်မှ ဦးစီးအရာရှိ(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်း ဖြစ်ပြီး ၎င်းကို ယနေ့တရားခွင်တွင် ပထမဆုံးအကြိမ် စစ်ဆေးခဲ့သည်။

သတင်းထောက်များက အမှုနှင့်ပတ်သက်သည့် ထင်မြင်ချက်ကို တောင်းခံရာတွင် “ရုံးတော်မှာ ထွက်ဆိုထားပြီးဖြစ်လို့ မဖြေကြားလိုပါဘူး” ဟု ၎င်းက ပြောသည်။

တရားလို ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်း (ဓာတ်ပုံ – ခင်နှင်းဝေ / Myanmar Now)

တပ်မတော် အရာရှိက  ပုဂ္ဂိုလ်ရေး တရားစွဲခြင်း မဟုတ်ဘဲ တပ်မတော်ကိုယ်စား တရားစွဲခြင်းဖြစ်သည်ဟု နားလည်ထားကြောင်း ဆရာတော်၏ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

“အထက်အရာရှိရဲ့ ခွင့်ပြုချက်အရ တရားစွဲတယ်ဆိုတာ အမှုတွဲမှာ ပေါ်ပေါက်ပါတယ်။ သူ့သဘောနဲ့သူ စွဲတာ မဟုတ်ဘူး ဆိုတာတော့ ရှင်းပါတယ်” ဟု ၎င်းက ပြောသည်။

သက်တော် ၃၇ နှစ်အရွယ် ဘုန်းတော်ကြီးသည် သူ၏Facebook စာမျက်နှာတွင် ၂၀၁၈ စက်တင်ဘာ ၉ တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုရေးအဖွဲ့က  မြတောင်ကျောင်းတိုက်အတွင်း ဆေးကုသနေမှုအား “စေတနာတွေ မှန်ကန်ဖို့လိုတယ်”ခေါင်းစဉ်ဖြင့်  ရေးသားဝေဖန်ခဲ့ခြင်း၊    စက်တင်ဘာ ၁၁ တွင် “တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်” ဆိုသည့် ဗီနိုင်းဆိုင်းဘုတ်၏ နောက်တွင် ခြေအတု တပ်ဆင်ထားသော စစ်မှုထမ်းဟောင်းပုံကို တင်ပြီး “တပ်မတော်က မစွမ်းဘဲ ခိုးတော့ တိုင်းပြည် မွဲတာပေါ့” ဟု ရေးသားခြင်း တို့အတွက် တိုင်ကြားခံရခြင်းဖြစ်သည်။

စက်တင်ဘာ ၁၆ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နို့စား နွားမွေးမြူရေးခြံ တစ်ခုအတွင်း မွေးမြူရေး လုပ်ငန်းများ စစ်ဆေးနေသည့်ပုံအား “နွားခြံထဲ နွားဝင်နေသည်”ဟု ရေးသားခဲ့ကြောင်းလည်း စွပ်စွဲခံထားရသည်။

မူလက  ဦးသောဘိတသည် မန္တလေးမြို့ မဟာဂန္ဓာရုံကျောင်းတိုက်တွင် သီတင်းသုံးနေခြင်းဖြစ်ပြီး အမှုဖြစ်ပြီးနောက် ကျောင်းတိုက်က အပပြုနှင်ထုတ်ခဲ့သဖြင့် အမရပူရမြို့နယ် တောင်သမန် ဘဝအလင်းဆေးခန်းတွင် ပြောင်းရွှေ့ သီတင်းသုံးလျက်ရှိသည်။

ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် ထောင် ၂ နှစ် အထိ ချမှတ်နိုင်သည့် အဆိုပါအမှုကို  မတ်လ ၁၄ တွင် ထပ်မံ ကြားနာမည်ဖြစ်သည်။ ယင်းရုံးချိန်းတွင် တရားလိုပြ သက်သေများကို စစ်ဆေးမည်ဟု ရှေ့နေတို့က ပြောသည်။

ဆက်စပ်သတင်းများ

တပ်ဘက်က ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားသည့် ရွှေဝါရောင်ဆရာတော် အာမခံ ရရှိ

တပ်က ၆၆ ဃ ဖြင့် အမှုဖွင့်ထားသည့် ရွှေဝါရောင်သံဃာ ဦးသောဘိတနှင့်တွေ့ဆုံခြင်း

Show More

Related Articles

Back to top button