တရားရုံးက လက်ခံရန် ခက်ခဲမည်ဖြစ်သော်လည်း လယ်သမားများက ဦးပိုင်ကို တရားစွဲမည်

မေ ၁၆ ရက်နေ့က ရန်ကုန်မြို့မှ သတင်းသမားများနှင့် တွေ့ဆုံပြီး လယ်သိမ်းခံရမှု နောက်ဆက်တွဲ အခြေအနေများကို ရှင်းပြသည့်အစီအစဉ်တွင် တွေ့ရသည့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်မှ တောင်သူတချို့ (ဓာတ်ပုံ - ဝင်းနန္ဒာ/Myanmar Now)
မေ ၁၆ ရက်နေ့က ရန်ကုန်မြို့မှ သတင်းသမားများနှင့် တွေ့ဆုံပြီး လယ်သိမ်းခံရမှု နောက်ဆက်တွဲ အခြေအနေများကို ရှင်းပြသည့်အစီအစဉ်တွင် တွေ့ရသည့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်မှ တောင်သူတချို့ (ဓာတ်ပုံ - ဝင်းနန္ဒာ/Myanmar Now)

ရန်ကုန် – စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီကို တရားစွဲလျှင် တရားရုံးများက အမှုလက်ခံရန် တွန့်ဆုတ်နေမည်ဖြစ်သော်လည်း ဥပဒေနှင့်အညီ အမှုကို ခိုင်မာအောင် တည်ဆောက်ကာ တရားစွဲသွားမည်ဟု မကြာမီက ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ပွားခဲ့သည့် သီလဝါလယ်သိမ်းခံ လယ်သမားဘက်က လိုက်ပါဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်က Myanmar Now ကို ပြောသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သီလဝါတွင် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက သိမ်းဆည်းထားသည်ဆိုသော လယ်ယာမြေများပေါ်၌ မူလပိုင်ရှင် လယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များ ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုတွင် ရဲတပ်ဖွဲ့က ရော်ဘာကျည်ဆန်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် လယ်သမား နှစ်ဦး ဒဏ်ရာရကာ ဆေးရုံတက်နေရသည့်ကိစ္စနှင့် ပတ်သက်၍ လယ်သမားများက ဦးပိုင်ကို တရားစွဲရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံတော် သမ္မတရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးကော်မရှင်တို့ထံ တိုင်ကြားစာများလည်း ပေးပို့သွားမည်ဖြစ်သည်။

ကနဦးအဆင့်အနေဖြင့် နစ်နာကြေးရလိုမှုဖြင့် တရားရုံးကို ဦးတိုက်လျှောက်ထားသွားမှာဖြစ်ပြီး တိုင်ကြားစာ ပို့ထားသော ဌာနအသီးသီး၏ အစီရင်ခံစာရရှိလာမည့်အပေါ် ထပ်မံစွဲဆိုသွားမှာ ဖြစ်ကြောင်း ဦးမြင့်သွင်က ပြောသည်။

“ခြံစည်းရိုးခတ်ပြီး ပိတ်လိုက်တဲ့ပြဿနာ၊ ဝင်ပြီးဆွဲရိုက်တဲ့ကိစ္စမျိုး အဓိကရုဏ်းနှိမ်နင်းတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ အကြမ်းဖက်တဲ့ ဝင်ရောက်ရိုက်ခွင့်ပေးတဲ့ကိစ္စမျိုး ဒါတွေပေါ်မူတည်ပြီး ရာဇသတ်ကြီးနဲ့ စွဲလို့ရသလို တရားမနစ်နာမှုတွေနဲ့လည်း စွဲလို့ရပါတယ်။ ဦးပိုင်ကျူးလွန်လည်း ဦးပိုင်၊ ရဲတပ်ဖွဲ့ကျူးလွန်လည်း ရဲတပ်ဖွဲ့။ လောလောဆယ် ကနဦးစွဲဆိုမှာ ဦးပိုင်ပဲ” ဟု ၂၀၀၇ ခုနှစ်မှစတင်ကာ သိမ်းဆည်းခံလယ်ယာမြေအရေးနှင့် လယ်သမားများအား လိုက်လံကူညီဆောင်ရွက်နေသည့် ၎င်းက ပြောသည်။

တရားစွဲဆိုရာတွင် လယ်ယာမြေဥပဒေနဲ့အညီ လယ်သမားများ၏လယ်ယာမြေတန်ဖိုး တွက်ချက်မှုပေါ်မူတည်ကာ ဦးတိုက်လျှောက်မည့် တရားရုံးကို ဆုံးဖြတ်မည်ဖြစ်သည်။ တရားမမှု သဘောသဘာဝအရ ကျပ်သိန်း ၁၀၀ အထိ တောင်းဆိုသည့် အမှုကို မြို့နယ်တရားသူကြီး၊ သိန်း ၁၀၀ နှင့် သိန်း ၁၀,၀၀၀ ကြားကိုမူ ခရိုင်တရားသူကြီး၊ သိန်း ၁၀,၀၀၀ ထက်ကျော်လွန် ပါက တိုင်းဒေသကြီးတရားလွှတ်တော်က စစ်ဆေးရမည်ဖြစ်သည်။

လူ့အခွင့်ရေးကော်မရှင်နှင့် သက်ဆိုင်ရာဌာအသီးသီး၏ အစီရင်ခံစာများရရှိပါမှ နိုင်ငံသားများအနေနှင့် နစ်နာဆုံးရှုံးခဲ့ရသည့် အထောက်အထား ခိုင်လုံမည်ဖြစ်ပြီး အမှုကို ဥပဒေအရ ခိုင်မာအောင် တည်ဆောက်သွားမည်ဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။

“ဥပဒသမားမို့ ဥပဒေဘောင်ထဲက မရရအောင်တက်ရမှာပဲ စစ်တပ်တွေကို၊ ကုမ္ပဏီတွေကို စွဲတယ်ဆိုရင် တရားရုံးတွေက အများအားဖြင့် သူတို့က ထောက်ပြပြီး ပြန်ပေးတယ်။ (တရား)စွဲဖို့တွန့်တယ်၊ ကြောက်တတ်တယ်။ တိုင်းအဆင့်တောင် ကြောက်တတ်တယ်။ အမှုကြန့်ကြာတာတွေလည်း ရှိတတ်တယ်။ အခုလည်းပဲ ဦးပိုင်ကိုစွဲရင် ရုံးတွေက (လက်တွန့်) နေဦးမှာ” ဟု ဦးမြင့်သွင်က ဆိုသည်။

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် မြေယာအငြင်းပွားမှုဖြစ်နေသည့် ကျောက်တန်းမြို့နယ် သီလဝါကျေးရွာဟောင်းအနီး ဆိပ်ကမ်းအကွက်အမှတ် ၁၂၊ ၁၃၊ ကွင်းအမှတ် ၆၅၅ ရှိ လယ်ယာမြေများပေါ်တွင် ဦးပိုင်ကုမ္ပဏီက လာရောက်ကာ လုပ်ငန်းလုပ်ကိုင်သည့်အတွက် ရဲတပ်ဖွဲ့နှင့်အတူ လိုက်ပါလာသည့် အရပ်သားများနှင့် လယ်သမားများအကြား တင်းမာခဲ့ကြသည့် နောက်ပိုင်း ရဲတပ်ဖွဲ့၏ ပစ်ခတ်ခံရသဖြင့် လယ်သမားနှစ်ဦး ယခုလ ၁၂ ရက်နေ့က ဒဏ်ရာရသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါနေ့က ရဲတပ်ဖွဲ့နှင့်အတူပါလာသော အရပ်သားများမှာ ဦးပိုင်ကုမ္ပဏီဘက်က အနီးအနားဒေသခံများအား တစ်ယောက်လျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် ငှားရမ်းခေါ်ယူလာခဲ့ပြီး ၎င်းတို့ထံတွင် ဓားများလည်း ကိုင်ဆောင်လာသည်ဟု မေလ ၁၆ ရက်နေ့က ရန်ကုန်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပွဲပြုလုပ်သူများက ပြောသည်။

“အရှေ့ဆုံးက ခေါ်လာတဲ့မိန်းမတွေကို ထားတယ်။ အလယ်မှာ ယောက်ျားတွေ နောက်ဆုံးက ရဲတွေက သူတို့ရဲ့ ဒိုင်းတွေနဲ့ ကာထားတယ်။ ကျွန်မတို့ကို ဝိုင်းထားပြီး ရဲတွေက အနောက်ကနေတွန်းတော့ အဲ့ဒီမိန်းမတွေနဲ့ ကျွန်မတို့တွေ ချကုန်တယ်။ အဲ့ဒီမှာ သူတို့ငှားလာတဲ့လူထဲက ယောက်ျားတစ်ယောက်က ခါးထဲက ဓားမြှောင်ကိုထုတ်ပြီး အခု ဆေးရုံတက်နေရတဲ့ အစ်မကို လှမ်းထိုးတယ်။ မမိလိုက်ဘဲ ဝတ်ထားတဲ့အင်္ကျီ တောက်လျှောက်ကွဲသွားတယ်” ဟု ထိုနေ့က ပြဿနာရာတွင် ပါဝင်ခဲ့သည့် လယ်သမားတစ်ဦးဖြစ်သူ မသီတာအေးက ပြောသည်။

ဦးပိုင်က ငွေပေးခေါ်လာခဲ့သည်ဆိုသည့် အရပ်ဝတ်လူများကို လူအုပ်ထဲ မှားမပစ်မိစေရန် လည်ဆွဲအနီရောင် ကြိုးများ ဝတ်ဆင်ထားကြောင်း၊ ထိုအရပ်ဝတ်များမှာ သန်လျင် GTC ဂိတ်ဟောင်းအနီးတစ်ဝိုက်ရှိ ရွာများမှ ဖြစ်ကြောင်း လယ်သမားရေးကူညီဆောင်ရွက်ပေးနေသည့် အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုမင်းသွေးသစ်က ပြောသည်။

“(အခင်းဖြစ်တဲ့နေ့တုန်းက) ရပ်ကွက်ထဲက ခြေစလက်စရှိတဲ့သူတွေကို လိုက်စုနေပြီဆိုပြီး ကျွန်တော့်အဖွဲ့ထဲက ကျောင်းသားလေးတွေက ပြောတယ်။ တစ်ယောက် ကျပ် ၅၀၀၀ နဲ့ လူအင်အားလိုလို့ဆိုပြီး ခေါ်တယ်။ ဦးပိုင်ဘက်ကခေါ်တာလို့ သိရတယ်ဗျ။ အဲ့ဒီလူတွေထဲမှာ ဓါးပါလာတဲ့တစ်ယောက်ကို ရွာသူတစ်ယောက်က မြင်တော့ ‘ဓါးပါလာတယ် ဖြေရှင်းပေးပါ’ ပြောတော့ ရဲက ဘာမှပြန်မပြောဘူး” ဟု ၎င်းက ဆိုသည်။

ယင်းနောက် ရဲတပ်ဖွဲ့မှ သေနတ်တစ်ချက်ကို မိုးပေါ်သို့ထောင်ပစ်ကာ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် လူအုပ်ထဲသို့ ဒူးထောက် ချိန်ရွယ်ကာ သုံးချက်ပစ်ဖောက်ခဲ့သည်ဟု မသီတာအေးက ပြောသည်။

သီလဝါကျေးရွာဟောင်းအနီး ကွင်းအမှတ် ၆၉၉ ရှိ လယ်သမား ၁၄ ဦးပိုင် လယ်မြေများကို ၁၉၉၆ ခုနှစ်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တစ်ဧကလျှင် ကျပ် ၂၀,၀၀၀ နှုန်းဖြင့် သိမ်းယူခဲ့ကြောင်း၊ မည်သည့်အတွက် သိမ်းသည်ကို မသိရကြောင်း၊ သိမ်းပြီးနောက် မည်သည့်စီမံကိန်းမှမလုပ်ဘဲ ကုမ္ပဏီအဆင့်ဆင့် လက်လွှဲပေးခဲ့ပြီး ယခု စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ရယူထားကြောင်း လယ်သိမ်းခံလယ်သမားတစ်ဦးဖြစ်သူ ဦးသန်းဝင်းက ပြောသည်။

၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် လယ်ယာမြေဥပဒေအရ သိမ်းဆည်းပြီးမြေတွင် လေးနှစ်အကြာထိ မည်သည့် စီမံကိန်းမျှ စတင်ခြင်းမရှိပါက မူလပိုင်ရှင်ထံသို့ ပြန်လည်အပ်နှံရမည်ဟု ဥပဒေပါ ပြဌာန်းထားသည်။

အဆိုပါမြေယာအငြင်းပွားမှုကို ကျောက်တန်းမြို့နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးအဖွဲ့က စစ်ဆေးနေပြီး ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်အပေါ် “အင်မတန်စိတ်ပျက်မိ” ကြောင်း ကျောက်တန်းမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက Myanmar Now ကို ပြောသည်။

“လူတွေကို ၅၀၀၀၊ ၈၀၀၀ နဲ့ ငှားနေပြီဆိုကတည်းက အချေအတင်ဖြစ်တော့မယ်ဆိုတာ သိတယ်။ အဲ့လိုတွေဖြစ်ကတည်းက ကျွန်မ မြို့နယ်မှူးကို တွေ့တယ်။ သူတို့တွေ ဒီလိုတွေ ငှားရမ်းလာကြပြီ။ သူတို့ဆီမှာ ဓါးတွေလည်းပါတယ် ပြောတယ်။ ဒါပေမယ့် မြို့နယ်မှူးက လုပ်ငန်းသုံးပစ္စည်းပါဆိုပြီး ပြောတယ်။ ဖြစ်သွားတာတော့ ညနေပိုင်းပေါ့ ကြိုးစားခဲ့ပေမယ့် ကျွန်မလည်း မတတ်နိုင်လိုက်ဘူး” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည့် ထိုဖြစ်စဉ်နှင့်တစ်နေ့တည်းဖြစ်ပွားခဲ့သည့် တာမွေလမ်းဆုံ ငြိမ်းချမ်းရေးဆန္ဒပြပွဲတွင် လည်း အရပ်ဝတ်များကိုသုံးကာ ဆန္ဒပြသူများကို ရိုက်နှက် ဖမ်းဆီးခဲ့ခြင်းကြောင့် ဝေဖန်ခံနေရသည်။

ဝင်းနန္ဒာသည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading