လက်ချောင်းဆုံးရှုံးသည့် အလုပ်သမားအတွက် ဆပ်ကန်ထရိုက်မှာသာ တာဝန်ရှိဟု မူလကုမ္ပဏီကပြော

ကုမ္ပဏီသည် လျော်ကြေးဥပဒေကို မလိုက်နာ၍မရဟု အလုပ်သမားအရာရှိဆို

(ရန်ကုန်)- လေအေးပေးစက်ပိ၍ လက်ချောင်းလေးချောင်း ဆုံးရှုံးခဲ့သည့်အပေါ် ကုမ္ပဏီထံမှ နစ်နာကြေးရလိုမှုဖြင့် လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားထားသည့် အလုပ်သမားသည် ၎င်းတို့ကုမ္ပဏီက တိုက်ရိုက်ခန့်ထားသည့် ဝန်ထမ်းမဟုတ်ဘဲ တစ်ဆင့်ခံလုပ်ငန်းရှင် ဆပ်ကန်ထရိုက်တာက ပုတ်ပြတ်ငှားရမ်းထားသည့် ဝန်ထမ်းသာ ဖြစ်ခြင်းကြောင့် ၎င်းကို ငှားရမ်းသည့် ဆပ်ကန်ထရိုက်တာကသာ တာဝန်ယူဖြေရှင်းရမည်ဟု အဆိုပါကုမ္ပဏီ၏ ဒါရိုက်တာ ဦးလွင်ကိုကိုဦးက မေလ ၁၈ ရက်နေ့တွင် ပြောသည်။

“ကျွန်တော်တို့က သူ့ကို တိုက်ရိုက် အလုပ်ခန့်ထားတာမဟုတ်ဘူး။ ကုမ္ပဏီဝန်ထမ်းတစ်ယောက်လည်း မဟုတ်ဘူး။ သူ့ကို လုပ်ခလစာ ကျွန်တော် တိုက်ရိုက် ရှင်းပေးထားတာ မဟုတ်ဘူးလေ။ ကျွန်တော့် အလုပ်သမားမဟုတ်ဘူး။ ကုမ္ပဏီဘက်က ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ မလိုအပ်တဲ့ မေးခွန်းပါပဲ။ ဘာလို့လဲဆိုတော့ သူက သတင်းစာရှင်းလင်းပွဲမှာ အမှားတွေချည်းပြောခဲ့ပြီး မျက်ရည်ဝအောင်ချူခဲ့ပြီးပြီ” ဟု ၎င်းက ပြောသည်။

အသက် ၂၈ နှစ်ရှိ ကိုဇော်လွင်သည် SS and P Engineering ကုမ္ပဏီက တည်ဆောက်နေသည့် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ၂၄ ထပ်အမြင့်ရှိ အဆောက်အဦးအတွင်း လေအေးပေးစက်များ လိုက်လံတပ်ဆင်ရင်း ဖေဖော်ဝါရီလအတွင်း လေအေးပေးစက်ပိကာ ညာဘက်လက်တွင် လက်မမှလွဲ၍ ကျန်လက်ချောင်းများ ပြတ်ထွက်ခဲ့ခြင်းအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သလို လူ့အခွင့်အရေးကော်မရှင်ထံသို့လည်း ဖြေရှင်းပေးရန် အကြောင်းကြားထားခြင်းဖြစ်သည်။

SS and P ကုမ္ပဏီဘက်ကမူ ဖြစ်စဉ်ဖြစ်ဖြစ်ချင်း ၎င်းတို့ထံ ကာယကံရှင်က လာရောက်ပြောပြ အကူအညီတောင်းခဲ့ပါက လူမှုရေးအရ ပြန်လည် ကူညီနိုင်ခဲ့မည်ဖြစ်ကြောင်း၊ ၎င်းဘက်က ကုမ္ပဏီနှင့် ပတ်သက်ပြီး မဟုတ်မမှန် လွန်လွန်ကဲကဲ ပြောဆိုလာပါက ပြန်လည်တရားစွဲရလိမ့်မည်ဖြစ်ကြောင်း ထိုကုမ္ပဏီ၏မန်နေဂျင်းဒါရိုက်တာ ဒေါ်တူးတူးအောင်က Myanmar Now ကို ပြောသည်။

“တကယ်ဖြစ်သွားတဲ့ အဲ့ဒီအချိန်မှာ ကျွန်မတို့ကုမ္ပဏီကို သူ လာပြောလို့ရတယ်။ ‘ကျွန်တော်က ဘယ်သူပါ ကျွန်တော့်မှာ အခက်အခဲဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော့်ကို ကူညီပေးပါ၊ ငွေအားဖြင့်ဖြစ်စေ အလုပ်ဖြစ်စေ။’ ဥပမာ စားဝတ်နေရေးခက်ခဲတယ်ဆိုရင် ကျွန်မတို့ဆီ ရောက်လာရမှာပေါ့။ ဒါပေမဲ့ သူက အဲ့ဒီလိုရောက်မလာဘဲ ရောက်လာတဲ့အချိန်က လွှတ်တော်အမတ်ရဲ့စာကြီးနဲ့ ရောက်လာတာ။ အပြင်မှာ မီဒီယာတွေနဲ့လည်း သူ့ကုမ္ပဏီကို သိက္ခာကျအောင် သူပြောထားပြီးပြီ ဖြစ်တဲ့အတွက် ကျွန်မသည် လူမှုရေးအရ သူ့ကို ထောက်ထားစရာ မလိုတော့ဘူးလို့ ထင်တယ်” ဟု ၎င်းက ပြောသည်။

ထိုမတော်တဆဖြစ်စဉ်နောက်ပိုင်း ကိုဇော်လွင်သည် လူ့အခွင့်ရေးကော်မရှင်ထံသို့ ဧပြီလ ၉ ရက်နေ့က အသနားခံစာတင်ပြခဲ့ပြီး လူ့အခွင့်ရေးကိစ္စဖြစ်သဖြင့် ကော်မရှင်က နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနသို့ စိစစ်ဖြေရှင်းပေးရန် လွှဲပြောင်းခဲ့သည်။ ဝန်ကြီးဌာနက ယင်းကိစ္စအပေါ် အလုပ်ရှင်အလုပ်သမား နှစ်ဖက်ညှိနှိုင်းဆွေးနွေးရန် ကုမ္ပဏီထံ အကြောင်းကြားစာ ပေးပို့ခဲ့ ပြီး မေလ ၁၂ ရက်နေ့တွင် ကုမ္ပဏီဘက်က ကိုဇော်လွင်နေထိုင်ရာ ရွှေပြည်သာမြို့နယ်ရှိ အလုပ်သမားဦးစီးဌာနရုံးသို့ သွားရောက် တွေ့ဆုံခဲ့သည်။

လက်ရှိတွင် နစ်နာသူအလုပ်သမားအား ဆေးစစ်မှုပြုလုပ်နေပြီး ဆေးစာထွက်ရှိပါက မူကြမ်းကို ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီးဌာနသို့ ပေးပို့မည်ဖြစ်သည်။ အဆိုပါကိစ္စကို ၁၉၂၃ ခုနှစ် အလုပ်သမားလျော်ကြေး အက်ဥပဒေအရ ကိုင်တွယ်နေပြီး ဆေးစာထွက်ရှိပါက သက်ဆိုင်ရာ ဆေးစစ်ဆရာဝန်ကြီးများ၏ လုပ်အားဆုံးရှုံးမှုရာခိုင်နှုန်းတွက်ချက်မှုအတိုင်း SS and P ကုမ္ပဏီက နစ်နာကြေးပေးရမည်ဟု ရွှေပြည်သာမြို့နယ် အလုပ်သမားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီမောင်ရွှေက ပြောသည်။

“ဥပဒေအရ သူတို့ မလိုက်နာလို့မရပါဘူး။ …ဒီကိစ္စ (ခုလို မီဒီယာနဲ့တွေ့ဆုံပြောတဲ့ကိစ္စ) အရတော့ သူတို့က အရေးယူလို့မရပါဘူး။ ဆုံးဖြတ်ချက်လည်း မထွက်သေးပါ ဘူး။ နစ်နာသူကာယကံရှင်ပဲဖြစ်ဖြစ် နှစ်ဖက်ကာယကံရှင်ပဲဖြစ်ပါစေ ဥပဒေအရဆုံးဖြတ်ချက်ထွက်ပြီးမှ ရက်ပေါင်း ၆၀ အတွင်း အယူခံခွင့် ရှိတယ်ဆိုတာပဲပါတယ်။ အဲ့ဒီအရပဲ သူတို့ ဆောင်ရွက်လို့ရမယ်။ လျော်ကြေးဥပဒေအရ ဆရာဝန်ကြီးတွေရဲ့ ဆေးစာအရထွက်လာတဲ့အပေါ် လုပ်အားဆုံးရှုံးမှုရာခိုင်နှုန်းနဲ့ တွက်ပေးတာပါ။ ဒါလည်းဥပဒေအရ သူတို့ မလိုက်နာလို့ မရပါဘူး” ဟု ၎င်းက မေလ ၁၈ ရက်နေ့က ပြောသည်။

SS and P Engineering ကုမ္ပဏီသည် ကျော်ကျော်ဌေး ကန်ထရိုက်လုပ်ငန်းကို လေအေးပေးစက်များ တပ်ဆင်ရန် ထပ်ဆင့်ပုတ်ပြတ် အလုပ်အပ်ခဲ့ပြီး အဆိုပါကန်ထရိုက်က အဆောက်အဦးအတွင်း လေအေးပေးစက် တပ်ဆင်ရန် လုပ်သား ခုနစ်ဦးပါသည့် အစုကို ပုတ်ပြတ် ငှားရမ်းခဲ့ခြင်းဖြစ်သည်။

၎င်းတို့အနေနှင့် လုပ်ငန်းခွင်ဆိုက်(ဧရိယာ) ကြီးသော်လည်း ကုမ္ပဏီဘက်က လုပ်ကွက် နည်းနည်းချင်း ခွဲပေးခြင်းကြောင့် အလုပ်စာချုပ် မချုပ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ကိုဇော်လွင်က ပြောသည်။

“လုပ်ကွက်နည်းနည်းချင်း ခွဲပြီးပေးတာဆိုတော့ စာချုပ် မချုပ်ဖြစ်တော့ဘူး။ အလုပ်ရရင်ပြီးရောဆိုပြီး နာလည်မှုနဲ့ပဲ ဝင်လုပ်လိုက်တာ။ လုပ်ကွက်က ၅၀၊ ၁၀၀ လောက်ဆိုရင်တော့ ကျွန်တော်တို့လည်း စာချုပ် ချုပ်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အလုပ်သမားအခွင့်အရေးအရ တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် ဥပဒေ အားကောင်းခိုင်မာဖို့ လိုအပ်နေပြီဖြစ်ကြောင်း ယခင် မြန်မာနိုင်ငံအလုပ်သမားခုံသမာဓိကောင်စီတွင် သုံးနှစ်တိုင် လုပ်ကိုင်ခဲ့ပြီး လက်ရှိမှာလည်း အလုပ်သမားအရေး လိုက်လံဆောင်ရွက်နေသည့် ဦးဌေးက အကြံပြုသည်။

လုပ်ငန်းခွင်ဝင်ရောက်မည့် အလုပ်သမားများအနေဖြင့် လုပ်ခလစာကို ပင်မအလုပ်ရှင်က ရှင်းပေးသလား တဆင့်လုပ်ငန်းရှင်က ရှင်းပေးသလား စသည့်အချက်များကို ကြိုတင်သိရှိရန် လိုအပ်ပြီး အလုပ်ခန့်ထားရေးသဘောတူစာချုပ်တွင် အလုပ်သမားရပိုင်ခွင့် အခွင့်အရေးများကို သိရှိနားလည်ရန် လိုအပ်ကြောင်း ဥပဒေနှင့်ညီညွတ်မှု ရှိမရှိတို့ကို လုပ်ငန်းခွင်မဝင်ရောက်မီ အသေအချာ လေ့လာသင့်ကြောင်း ဦးဌေးက ဆိုသည်။

“စာချုပ်အရမဟုတ်ဘဲ နှုတ်သဘောနဲ့နားလည်မှုနဲ့ (လုပ်ကြတာ။) အရပ်သဘော စာချုပ်စာတမ်းမရှိတော့ လက်တွေ့ရှင်းတဲ့အခါ အခက်အခဲတွေ ဖြစ်ပါတယ်။ တချို့ကုမ္ပဏီတွေက အတွေ့အကြုံရှိပြီး ရှောင်ကြတယ်။ ဒါကို စနစ်တကျဖြေရှင်းဖို့ စဉ်းစားလောက်တဲ့အထိ ဆပ်ကန်ထရိုက်တွေနဲ့ပတ်သက်ပြီး ဥပဒေမှာလည်း အားနည်းချက်ရှိတဲ့အခါ ကျွန်တော်တို့ နောက်ပိုင်း အလုပ်သမားနဲ့ပတ်သက်လို့ တာဝန်ယူမှု တာဝန်ခံမှု ပီပြင်တဲ့အခြေအနေကို ရောက်လာအောင် လုပ်ဖို့ လိုအပ်နေပြီလို့ ယူဆပါတယ်” ဟု ၎င်းက ပြောသည်။

၁၉၂၃ ခုနှစ် အလုပ်သမားလျော်ကြေးအက်ဥပဒေအရ အလုပ်သမားတိုင်းသည် လုပ်ငန်းခွင်အတွင်းဖြစ်စေ၊ သို့မဟုတ် လုပ်ငန်းခွင်သို့လာရင်းဖြစ်စေ ၊ ယင်းသို့ဆက်စပ်၍ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသော အလုပ်သမားတိုင်း နစ်နာကြေး ရရှိပိုင်ခွင့်ရှိသည်ဟု ယင်းဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း ၎င်းက ပြောသည်။

 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading