တက္ကသိုလ်နယ်မြေတွင် နိုင်ငံရေးဆွေးနွေးပွဲ ခွင့်မပြုရန် ပညာရေးဌာန၏ညွှန်ကြားစာကို အွန်လိုင်းတွင် ဖြန့်ဝေကာ ဝေဖန်ပြစ်တင်နေကြသည်
(ရန်ကုန်) — တက္ကသိုလ်နယ်မြေတွင် နိုင်ငံရေးနှင့်ဆက်နွယ်သော ဆွေးနွေးဟောပြောပွဲများ ခွင့်မပြုရန် ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားခြင်းကို ကျောင်းသားအဖွဲ့များ၊ နိုင်ငံရေးသမားများက ကန့်ကွက်လိုက်ကြသည်။
ပညာရေးဌာန၏ မေ ၂၁ ရက်စွဲတပ် ဌာနတွင်းညွှန်ကြားချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက် ဒီမိုကရေစီမဆန်သည့် လုပ်ရပ်တစ်ခုဖြစ်သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဗဟိုလုပ်ငန်းကော်မတီ အထွေထွေအတွင်းရေးမှူး ကိုကောင်းထက်ကျော်က ပြောသည်။

“ဒါဟာ အာဏာရှင်ဆန်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီလုပ်ရပ်ကို ဒီမိုကရက်တစ်အစိုးရအမည်ခံတဲ့ NLD အနေနဲ့ လုပ်ဆောင်တဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်” ဟု ကိုကောင်းထက်ကျော်က ပြောသည်။
ထုတ်ပြန်ချက်ကို ပြင်ဆင်ခြင်းမပြုပါက ပြင်းပြင်းထန်ထန် ဆက်လက် ဆန့်ကျင်သွားမည်ဟု သူက ဆိုသည်။


ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၏ အတွင်းရေးမှူး ဒေါ်သူသူမာက တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေးနှင့် ပညာရေးစနစ်များကို ဝေဖန်ဆွေးနွေး ထောက်ပြခြင်းသည် သင်ယူရေးစနစ်ကို အထောက်အကူဖြစ်စေသည်ဟု ဆိုသည်။
“ဒီမိုကရေစီတန်ဖိုးတို့ ဒီမိုကရေစီအလေ့အကျင့်တို့ကို အထောက်အကူပြုတဲ့ ဒီလိုဆွေးနွေးပွဲတွေကို ပိတ်ပင်တာကို တော်တော်လေးလည်း စိတ်ပျက်မိတယ်” ဟု ဒေါ်သူသူမာက ပြောသည်။


အဆိုပါထုတ်ပြန်ချက်သည် ဒီမိုကရေစီပညာရေးစနစ်နှင့် ဆန့်ကျင်နေကြောင်း School of Law Gender and Politics ကျောင်းအား တည်ထောင်သူ ဒေါ်ညိုညိုသင်းက မှတ်ချက်ချသည်။
“အရင်တုန်းက နှုတ်နဲ့ညွန်ကြားချက်တွေကိုပဲ ကြားဖူးတာလေ။ အခုလို သေသေချာချာ စာနဲ့ ညွှန်ကြားချက်ထုတ်တဲ့ဟာမျိုးကို တွေ့လိုက်ရတော့ တော်တော်လည်း အံ့သြတုန်လှုပ်မိတယ်” ဟု ၎င်းက ပြောသည်။
ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်ကလည်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်မှာ လက်ခံနိုင်စရာမရှိဟု ဝေဖန်လိုက်သည်။
“တက္ကသိုလ်တွေမှာ နိုင်ငံရေးသိပ္ပံကျောင်းသားတွေ မရှိရတော့ဘူးလား။ အနာဂတ်မှာ လူငယ်နိုင်ငံရေး ခေါင်းဆောင်တွေ မပေါ်လာအောင် လုပ်နေသလိုကို ဖြစ်နေပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။
ညွှန်ကြားချက်
-----------
ကွန်မြူနစ်အယူအဆကို စတင်ဖော်ထုတ်သူ ကားမာ့ခ် နှစ် ၂ဝဝ ပြည့် မွေးနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို မေ ၅ ရက်နေ့က ရန်ကုန်သက္ကသိုလ်တွင် ပြုလုပ်ခဲ့ကြောင်း၊ ယခု ထွက်ပေါ်လာသည့် တားမြစ်ချက်သည် အဆိုပါစာတမ်းဖတ်ပွဲနှင့် ဆက်စပ်ဖွယ် ရှိကြောင်း ကျောင်းသားအဖွဲ့တချို့က ယူဆကြသည်။
"တက္ကသိုလ်နယ်မြေတွင် နိုင်ငံရေးနှင့်ပတ်သက်သည့် စာတမ်းဖတ်ပွဲများ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ ခွင့်မပြုရန်" ညွှန်ကြားစာတွင် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၏ အမည်နှင့် လက်မှတ်ကို တွေ့ရသည်။
အွန်လိုင်းတွင် ပေါက်ကြားလာသည်ဆိုသော ညွှန်ကြားစာနှင့် ပတ်သက်ပြီး ပညာရေးဌာနက တုန့်ပြန်ခြင်း မရှိသေးသကဲ့သို့ ဒေါက်တာသိန်းဝင်းကို Mynamar Now က ဆက်သွယ်၍ မရသေးပေ။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












