ဆိုင်ကယ်နှင့်ပိုက်ဆံလုယက်ရာတွင် ကျောင်းသားတစ်ဦး သေဆုံးသည်အထိ ဖြစ်ခဲ့ရသည့် အမှုသည် တက္ကသိုလ်နယ်မြေအနီးတွင် နေ့ခင်းကြောင်တောင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မန္တလေး - နည်းပညာကျောင်းသားတစ်ဦးကို ပစ္စည်းလုပြီး လူသတ်မှုတစ်ခုတွင် ပါဝင်ကျူးလွန်ခဲ့သူများကို နှစ်လခန့်စစ်ဆေးပြီးနောက် ပြစ်မှုဖြစ်ပွားခဲ့သည့် မန္တလေးတိုင်း ပြင်ဦးလွင်နယ်မြေမှ ခရိုင်နှင့်မြို့နယ် တရားရုံးများက ယနေ့ အမိန့်ချမှတ်ခဲ့ရာ အမြင့်ဆုံးအဖြစ် သေဒဏ်အထိ ပါဝင်ခဲ့သည်။
ရတနာပုံဆိုင်ဘာစီးတီးဟု လူသိများသည့် နည်းပညာတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသား မောင်ထက်လင်းခန့်နှင့် မဇူးဇူးဟန်ကိုတို့ စီးနင်းလာသည့်ဆိုင်ကယ်ကို ၎င်းတို့ကျောင်းအနီးတွင် အမျိုးသား သုံးဦးက တွန်းလှဲကာ ၎င်းတို့နှစ်ဦးကို တုတ်ဖြင့်ရိုက်နှက်၊ ဆိုင်ကယ်၊ ပိုက်ဆံအိတ်နှင့် ငွေသားများ လုယက်သွားခဲ့သည့် အမှုမှာ ဒီဇင်ဘာလ ၆ ရက်နေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တုတ်ဖြင့်ရိုက်နှက်ခံခဲ့ရသဖြင့် ဧရာဝတီတိုင်း ပုသိမ်မြို့ဇာတိ မောင်ထက်လင်းသန့် သေဆုံးခဲ့ပြီး မဇူးဇူးဟန်ကိုမှာ ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ တက်ရောက်ကုသခဲ့ရသည်။
ပြစ်မှုကျူးလွန်သူ ငါးဦးအနက် သုံးဦးကို ဒီဇင်ဘာလ ၉ ရက်၊ နောက်တစ်ဦးကို ၁၀ ရက်နေ့တွင် ဖမ်းမိပြီး တစ်ဦးလွတ်မြောက်နေဆဲ ဖြစ်သည်။


ဖမ်းဆီးရမိသူ လေးဦးဖြစ်သည့် မှုံကြီး(ခ)နေသူအောင်၊ ကုဋေစိုး(ခ)ငစိုးနှင့် နှစ်တစ်(ခ) ကိုကိုမောင်၊ စူးရှ(ခ)ကျော်ကျော်သင်းတို့ကို ရာဇသတ်ကြီးပုဒ်မ ၃၉၆ (လူသတ်မှုပါဝင်သော ဓားပြမှု) ၊ ၃၉၇ (အပြင်းအထန် နာကျင်စေရန် သေစေရန် အားထုတ် လုယက်မှု၊ ဓားပြမှု) တို့ဖြင့် စွဲချက်တင်ခဲ့သည်။
အဓိကတရားခံဖြစ်သည့် မှုံကြီး(ခ)နေသူအောင်အား သေဒဏ်နှင့် ထောင်ဒဏ် ၁ဝ နှစ်၊ ကုဋေစိုး(ခ)ငစိုး အား အလုပ်နှင့်ထောင်ဒဏ် နှစ်၂၀၊ စူးရှ(ခ)ကျော်ကျော်သင်းအား အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီကို ပြင်ဦးလွင်ခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ပြီး အသက် ၁၅ နှစ်အောက်ဖြစ်သည့် မောင်နှစ်တစ်(ခ) ကိုကိုမောင်အား ပြင်ဦးလွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ခုနစ်နှစ်ကို တစ်နေ့တည်း ချမှတ်ခဲ့သည်။


ထွက်ပြေးလွတ်မြောက်နေသည့် ငမိုး(ခ)မိုးကြီးအား လက်ရှိစွဲဆိုထားသည့် ပုဒ်မများအပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၁၁ ဖြင့် ထပ်မံစွဲဆိုထားသည်ဟု ပြင်ဦးလွင်ခရိုင်တရားရုံးက ပြောသည်။
မှုခင်းဖြစ်စဉ်က သုံးဦးက လုယက်ကာ နှစ်ဦးက ကင်းစောင့်ခဲ့ကြောင်း၊ ထို့အတွက် ပြစ်ဒဏ်များလည်း မတူရခြင်းဖြစ်သည်ဟု နားလည်ကြောင်း၊ တစ်ဦးလွတ်မြောက်နေဆဲ ဖြစ်သဖြင့် အမှုစစ်ရာတွင် အခက်အခဲ ရှိသည်ဟု သိထားကြောင်း အမိန့်ချသည်ကို လာနားထောင်သည့် နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မောင်ခွန်နိုင်ပြည့်ထွန်းက ပြောသည်။
“သေဒဏ်ပါတဲ့အတွက်တော့ ကျေနပ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့စိတ်ဆန္ဒအရ ဒီငါးဦးလုံးသည် ပူးပေါင်းဆောင်ရွက်တာဖြစ်တဲ့အတွက် ငါးဦးလုံးကို သေဒဏ်ကျခံစေချင်တယ်။ ဒါပေမဲ့ လက်ရှိ ဥပဒေအရ အဲဒီလိုချမှတ်လို့ မရဘူးဖြစ်နေတယ်။ ကျောင်းသားမိဘတွေကို ကျေနပ်၏ မကျေနပ်၏မေးပြီးမှ အယူခံဆက်တက် မတက် ဆုံးဖြတ်သွားမယ်” ဟု ၎င်းက ပြောသည်။
ပြင်ဦးလွင်ခရိုင်တရားရုံး တရားသူကြီး ဒေါ်သန္တာရှင်က မှုံကြီးသည် အဓိကဦးဆောင်ရိုက်နှက် လုယက်သူဖြစ်သဖြင့် ၎င်းကို သေဒဏ်နှင့်ထောင်ဒဏ် ၁၀ နှစ်ချကြောင်း၊ စူးရှသည် ၁၈ နှစ် မပြည့်သေးသဖြင့် ကလေးသူငယ်ဥပဒေပုဒ်မ ၇၁ အရ အများဆုံး ၁၀ နှစ်ထက် ပိုချ၍မရကြောင်း ရှင်းပြသည်။
သေဆုံးခဲ့သည့် မောင်ထက်လင်းသန့်၏မိဘများ တရားရုံးသို့ လာရောက်နားထောင်ခဲ့သော်လည်း ငိုယို နေခဲ့သဖြင့် မေးမြန်း၍မရခဲ့ပါ။ ထိုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် မဇူးဇူးဟန်ကို လည်း လာရောက်ခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












