အလုပ်ရှင်နှင့်ပြေလည်မှုရသဖြင့် လဝက်ကြာဖွင့်ထားသည့် သပိတ်စခန်း ပိတ်သိမ်းလိုက်သည်
(ရန်ကုန်) – စက်ရုံပိုင်ရှင်နှင့် သဘောတူညီမှု ရခဲ့ပြီးနောက် ရန်ကုန် ဒဂုံဆိပ်ကမ်းစက်မှုဇုံရှိ ဘာလာလာ အာလူးကြော်စက်ရုံ အလုပ်သမားများသည် စက်ရုံရှေ့တွင် နှစ်ပတ်ကျော်ကြာ ဖွင့်ထားခဲ့သည့် သပိတ်စခန်းကို ဇွန်လ ၆ ရက်နေ့တွင် ပိတ်သိမ်းလိုက်သည်။
ယမန်နေ့(ဇွန် ၆)ရက် ညနေပိုင်းတွင် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့မှ အရာရှိများရှေ့မှောက် ဆွေးနွေး သဘောတူညီမှုရပြီးနောက် အလုပ်မှ ထုတ်ခံထားရသည့် အလုပ်သမားသမဂ္ဂ ခေါင်းဆောင် ၂ ဦးကို အလုပ်ပြန်လည်ခန့်လိုက်ကြောင်း စက်ရုံဘက်မှ အရောင်းမြှင့်တင်ရေး မန်နေဂျာဖြစ်သူ ဦးကိုကိုမောင်က ပြောသည်။

အလုပ်သမားကိုယ်စားလှယ်များထဲတွင် သပိတ်မှောက်ခဲ့သူများသာမက သပိတ်တွင် ပါဝင်မှုမရှိဘဲ လုပ်ငန်းခွင်ဝင်ခဲ့သူများလည်း ပါဝင်သည်။
ယခုဖြစ်စဉ်သည် အလုပ်ရှင်နှင့် အလုပ်သမားတို့အကြား ဖြစ်ပွားသော ပြဿနာမဟုတ်ဘဲ လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားအချင်းချင်း မပြေလည်မှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည်ဟု သူကပြောသည်။


စက်ရုံအတွင်းရှိ လုပ်ငန်းခွင်သို့ ဝင်နေကြသည့် အလုပ်သမား ၃ဝ နီးပါး၏ တောင်းဆိုမှုကြောင့် အလုပ်ရှင်ဘက်က ထို ၂ ဦးကို ထုတ်ခဲ့ရခြင်းဖြစ်ကြောင်း Myanmar Now ကို ပြောထားသည်။
စက်ရုံအလုပ်သမားများအကြား စည်းလုံးမှုပြန်လည်ရရှိရန်၊ ပြဿနာ ထပ်မံ မဖြစ်ပွားရန် စည်းကမ်းပိုင်းကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ဦးကိုကိုမောင်က ပြောသည်။


“အခု အဲ့ဒီစည်းကမ်းအတိုင်း လုပ်ငန်းခွင်ထဲမှာ နေကြရမယ်၊ နှစ်ဖက်လုံးပဲ။ အရင်လိုနားလည်မှု၊ အားနာမှုတွေ ရှိတော့မှာ မဟုတ်ဘူး။ ဘယ်သူမှ သာစေ၊ နာစေလည်း မရှိဘူး။ ဘယ်သူ မလိုက်နာလဲ၊ မလိုက်နာတဲ့သူ အလုပ်ထွက်ပဲ။ ကျွန်တော်တို့က ချက်ချင်းအရေးယူမယ်” ဟု သူက ပြောသည်။
သပိတ်မှောက်ခဲ့ကြသည့် ၁၅ရက်တာ ကာလအတွင်း လုပ်ခများအနက် ၅ ရက်ခကို အလုပ်ရှင်က ထုတ်ပေးမည်ဟုလည်း သဘောတူခဲ့ကြသည်။
ယခင် သဘောတူထားကြသည့် လုပ်ငန်းခွင်ခံစားခွင့်များ၊ ကျွမ်းကျင်မှုနှုန်းများ၊ ရက်မှန်ကြေးများကိုလည်း အလုပ်ရှင်ဘက်က လိုက်လျောပေးကြောင်း သပိတ်မှောက်အလုပ်သမား
သမဂ္ဂဥက္ကဋ္ဌ မနှင်းနှင်းအောင်က ပြောသည်။
“ကျွမ်းကျင်မှုနှုန်းကိုတော့ ကျွန်မတို့က တစ်လ ကျပ် ၂ဝ,ဝဝဝ တောင်းတယ်။ အလုပ်ရှင်ဘက်က ၁ဝ,ဝဝဝ ကျပ်ပဲ ပေးတယ်။ ဒါပေမယ့် ကျွန်မတို့ လက်ခံလိုက်ပါတယ်” ဟု သူက ဆိုသည်။
ယနေ့ (ဇွန် ၇)တွင် လုပ်ငန်းခွင်သို့ ပြန်လည် အလုပ်ဆင်းသော်လည်း မိမိတို့နှင့် သဘောထားခြင်း မတိုက်ဆိုင်သည့် အလုပ်သမားများက စက်ရုံသို့ရောက်ပြီးမှ ခွင့်ယူကာ ပြန်သွားကြကြောင်း၊ အလုပ်ရှင်ဘက်ကလည်း ၎င်းတို့ကို လုပ်ခ မဖြတ်ဘဲ ခွင့်ပေးလိုက်ကြောင်း သူက ဆက်ပြောသည်။
မေလ ၂၂ ရက်ကစပြီး ဘာလာလာစက်ရုံရှိ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌနှင့် အတွင်းရေးမှူးကို အကြောင်းပြချက်မဲ့ အလုပ်ထုတ်ခဲ့သည်ကို ကန်ကွက်သည့်အနေဖြင့် စက်ရုံလုပ်သား ၂၆ဦးက စက်ရုံဝင်ပေါက်အနီးတွင် သပိတ်စခန်း ဖွင့်ခဲ့ခြင်းဖြစ်သည်။ အလုပ်သမားများသည် ဇွန်လ ၄ ရက်နေ့တွင် စက်ရုံဝင်ပေါက်တခုလုံးကို ပိတ်ဆို့ကာ သပိတ်စခန်းဖွင့်ခဲ့သည်။
ဝင်ပေါက်ကိုပိတ်ပြီး သပိတ်စခန်း ဖွင့်ခဲ့သည့်အတွက် စက်ရုံအလုပ်သမားသမဂ္ဂ ခေါင်းဆောင် နှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၄၁ ဖြင့် အမှုဖွင့်ထားမှုကိုလည်း စက်ရုံဘက်က ကျေအေးပေး သွားမည်ဟု သဘောတူညီချက်ထဲတွင် ပါဝင်သည်။
အဆိုပါအမှုကို ကျေအေးရန်အတွက် တရားရုံး လုပ်ထုံးလုပ်နည်းများ ဆက်လက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်မှူး ရဲမှူးမောင်မောင်က ပြောသည်။
“ကျေအေးတာက ကျွန်တော်တို့ စခန်းမှာ လုပ်လို့မရဘူး။ အမှုဖွင့်ထားပြီးသား ဆိုတော့ ကျွန်တော်တို့က တရားရုံးကိုတော့ တင်ပေးရမယ်။ တရားရုံးကျမှ သူတို့ နှစ်ဘက်က ကျေအေးကြောင်း လက်မှတ်ထိုးပြီးမှ ဒီအမှုက ပြီးသွားမှာပါ။ ဒီအမှုက အခုထိ ကျွန်တော်တို့က တရားရုံးမတင်ရသေးတော့ အမြန်ဆုံးပြီးပြတ်အောင် ခပ်မြန်မြန် တင်ပေးလိုက်မှာပါ” ဟု သူက ဆိုသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












