(ရန်ကုန်) — ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ ရဲကင်းစခန်းများ တိုက်ခိုက်ခံနေရသည်ဟု Facebook ပေါ်တွင် သတင်းမှားရေးသားမှုဖြင့် နယ်မြေခံသတင်းထောက်တစ်ဦးကို မြောက်ဦးရဲစခန်းက ဇွန်လ ၁၁ ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈(က) ဖြင့် အမှုဖွင့်လိုက်သည်။
ပြည်တွင်းသတင်းဌာနများဖြစ်သည့် DVB၊ 7Day နှင့် The Voice တို့တွင် သတင်းထောက် လုပ်ကိုင်ခဲ့ဖူးသည့် ကိုဖိုးသီဟ ခေါ် ကိုမြတ်သူထွန်းကို ခေါ်ယူစစ်ဆေးခဲ့ခြင်းပြီး အာမခံကြေး ကျပ်သိန်း၂၀ ဖြင့် အာမခံပေးလိုက်ကြောင်း မြောက်ဦးမြို့မ ရဲစခန်းမှူးက Myanmar Now ကို ဇွန်လ ၁၂ ရက်တွင် ပြောသည်။

"သတင်းမှားတွေကို တင်လို့ အရေးယူတာပါ" ဟု မြောက်ဦးမြို့မ ရဲစခန်းမှူးက ပြောသည်။
သူ့ကိုယ်သူ အလွတ်တန်းသတင်းထောက် တယောက်ဟုပြောသည့် ကိုဖိုးသီဟသည် Follower သုံးသောင်းကျော်ရှိသည့် “Myat Thu Tun” (မြတ်သူထွန်း) အမည်ရှိသည့် Facebook Account တွင် ရေးသားထားသည့် သတင်းမှားများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရခြင်းဖြစ်သည်။


အဆိုပါAccountတွင် ဇွန်လ ၁၀ ရက် ညနေပိုင်းက "မောင်တောရှိ အင်းဒင်စခန်းကို အကြမ်းဖက်သမားများ လာရောက်ပစ်ခတ် …အနည်းဆုံး ရဲတပ်ဖွဲ့လေးဦးသေဆုံး” ဟူသော သတင်းမှားအပြင် မောင်တောဒေသနှင့် သက်ဆိုင်သည့် မဟုတ်မမှန်သည့် သတင်းတို လေးပုဒ်ခန့် ရေးတင်ခဲ့သည်။
အဆိုပါသတင်းမှားကို Facebook အသုံးပြုသူ အများအပြားက ယုံကြည်ပြီး မိနစ်ပိုင်းအတွင်း Facebook ပေါ်တွင် ပြန်လည်ဝေမျှခဲ့ကြသည်။


သတင်းမှားဖြန့်ဝေမှုဖြင့် စွပ်စွဲခံနေရသည့် ကိုဖိုးသီဟက အဆိုပါသတင်းမှားများကို သူရေးသားခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပြီးသူ၏ Facebook Account ကို တစ်စုံတယောက်က ထိန်းချုပ်သုံးစွဲခဲ့သည်ဟု Myanmar Now ကို ပြောသည်။
"Account က အဲဒီနေ့ကတည်းက (ကျွန်တော်) သုံးတာမဟုတ်ဘူး။ အဲဒီနေ့ကတည်းက အဟက် (ခိုးသုံး) ခံနေရတာ။ အခုတော့ Account (အကောင့်) ပါ ပျက်သွားပြီ" ဟု ပြောသည်။
အဆိုပါAccountတွင် သတင်းမှားများတင်ခဲ့ပြီး မိနစ်အနည်းငယ်အကြာတွင် "ရည်းစားနဲ့ ရန်ဖြစ်လို့ တင်ချင်တာ တယ်တယ်၊ အကောင့်ဖျက်တော့မှာမို့ အမှတ်တရပေါ့" ဟုရေးသားခဲ့ပြီးနောက် သူ၏ Facebook အကောင့် ပျက်သွားသည်ကို တွေ့ရသည်။
စာဖတ်ပရိသတ်များသည် သတင်းသမားများပြောကြားသည့် သတင်းစကားများကို ပိုမိုယုံကြည်လေ့ရှိသဖြင့် သတင်းသမားများ၏Facebook တွင် သတင်းမှားခြင်းက သာမန်သူများသတင်းမှားခြင်းထက် ပိုမိုကြီးမားသည့် အကျိုးဆက်ကြုံရနိုင်ကြောင်း မြန်မာသတင်းပညာသိပ္ပံသင်တန်း ညွှန်ကြားရေးမှူး ဦးစိန်ဝင်းက ပြောသည်။
“လူအများက မီဒီယာသမားတွေတင်တဲ့ သတင်းတွေဆိုရင် မှန်တယ်လို့ ယူဆထားကြတယ်။ အဲဒီအမှားတစ်ခုကို ဖြန့်ချီတယ်ဆိုရင် အင်မတန်မှ ဆိုးရွားတဲ့ ထိခိုက်မှု တစ်ခုပေါ့ "ဟု ဦးစိန်ဝင်းက ပြောသည်။
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၈(က)သည် သတင်းအချက်ကို မရိုးမဖြောင့်သော သဘောဖြင့် ဆက်သွယ်ခြင်း၊ဖမ်းယူခြင်း၊ ပို့လွှင့်ခြင်း၊ ဖြန့်ချိခြင်း (သို့မဟုတ်) ပေးဝေခြင်း (သို့မဟုတ်) ပါဝင်ဆောင်ရွက်ခြင်းတို့အတွက် အရေးယူသည့်ပုဒ်မဖြစ်သည်။
ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ်မှာ တစ်နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်တို့ဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












