သတင်း

စစ်သင်တန်းတက်သည်ဟု ဆိုကာ ဖျာပုံမြို့ခံတစ်ဦးကို ထောင် ၁၅ နှစ်ချ

ဖျာပုံတရားရုံးက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်သင်တန်း တက်ရောက်ခဲ့သည်ဟု ဆိုသော ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှ အမျိုးသားတစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မနှစ်ခုဖြင့် နိုဝင်ဘာ ၃၀ တွင် ထောင် ၁၅ နှစ် ချလိုက်သည်။

အသက် ၃၉ နှစ်အရွယ် ကိုကျော်မိုးသည် ပုဒ်မ  ၅၀(ည)၊ ၅၂(က) တို့ဖြင့် ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်ပြီး ၅၀(ဈ) ကို ဆက်လက်အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။ 

ယမန်နှစ် စက်တင်ဘာ ၇ တွင် ဖျာပုံမြို့၊ ၁၉ ရပ်ကွက်ရှိ နေအိမ်တွင် ကိုကျော်မိုး ရှိနေစဉ် စစ်တပ်က စစ်ကား ၄ စီးဖြင့် လာရောက် ဖမ်းဆီးခဲ့ကာ အကြမ်းဖက်ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ခြင်း ဖြစ်သည်၊ 

စွဲထားသည့်အမှုများ ပြီးပြတ်လျှင် စစ်ကောင်စီက သူ့ကို ဖျာပုံထောင်မှ အခြားထောင်သို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု သူက ဆက်ပြောသည်။

“နောက်အမှု ကပ်ထားလို့ ထောင်မပြောင်းရသေးဘူး။ ဒီအမှုကို သူတို့ချပြီးမှ  ဆုံးဖြတ်မှာ ထင်တယ်။ နောက်ထပ်အမှုကို ရင်ဆိုင်ရတာပါ” ဟု သူက ဆိုသည်။ 

မိသားစု၏နေအိမ်ကိုလည်း ယမန်နှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီက ချိပ်ပိတ်ထားသောကြောင့် မိသားစုဝင်များ အခြားနေရာတွင် နေထိုင်နေရသည်ဟု သိရသည်။ 

ဖျာပုံမြို့တွင် အီကြာကွေးနှင့် ပဲပလာတာ ရောင်းချသူ ကိုကျော်မိုးသည် သားသမီးနှစ်ဦးရှိကာ စစ်ကောင်စီကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် တက်တက်ကြွကြွပါဝင်ခဲ့ကြောင်း သူက ဆက်ပြောသည်။

စစ်ကောင်စီသည် နိုင်ငံအနှံ့ ဆန္ဒပြပွဲသူများကို ဖမ်းဆီးသဖြင့် ကိုကျော်မိုးလည်း ယမန်နှစ် ဧပြီလကုန်မှစတင်၍ တိမ်းရှောင်ခဲ့ပြီး ရံဖန်ရံခါမှသာ နေအိမ်ကို ဝင်ထွက်သွားလာကြောင်း ထိုသူထံမှ သိရသည်။

စစ်ကောင်စီက ချိပ်ပိတ်ထားသည့် ဖျာပုံမြို့၊ ၁၉ ရပ်ကွက်ရှိ ကိုကျော်မိုး၏ နေအိမ်။ (ဓာတ်ပုံ-ပေးပို့) 

စက်တင်ဘာလတွင်မူ စစ်ကောင်စီတပ်က လိုက်လံစုံစမ်း ဖမ်းဆီးသည်ဟု ဆိုသည်။

“ဓာတ်ပုံနဲ့ လာရှာတယ်။ လာရှာပြီး ရပ်ကွက်လူကြီးကို ပြတာတဲ့။ ရှေ့လူက ဖော်သလိုမျိုး ဒီလူကို သိလား။ ဒီရက်ကွက်ကလား။ သူတို့ပြောတာ နာမည်တစ်ခု။ ရပ်ကွက်လူကြီးက အဲဒီနာမည်တော့ မရှိဘူး။ ဒီကောင်ရှိတယ် ဆိုပြီးတော့ ပြတာတဲ့” ဟု သူက ပြောသည်။

ဖမ်းဆီးခံရပြီး ဖျာပုံရှိ စစ်ကြောရေးသို့ ခေါ်ဆောင်၍ ရိုက်နှက်စစ်ဆေးခံရကာ လက်ရှိတွင် နားနှစ်ဖက် ကောင်းစွာ မကြားရတော့သလို မျက်ကြောကိုက်သည့်ဒဏ်ရာများရရှိခဲ့ကြောင်း ထိုအမျိုးသားက ဆက်ပြောသည်။

သူ့ကို အရေးယူရန် ဖျာပုံမြို့မရဲစခန်းမှူး ဒုရဲမှူးဌေးဇော်က တိုင်တန်း၍ ဒုရဲအုပ်အောင်နိုင်သူက အမှုစစ်ဆေးကာ ဖျာပုံတရားရုံးတွင် စွဲဆိုခဲ့ကြောင်း Myanmar Now က ကြည့်ရှုခွင့်ရရှိခဲ့သည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၏ ပထမ သတင်းပေးတိုင်ကြားချက်မှတ်တမ်းတွင် တွေ့ရသည်။ 

ကိုကျော်မိုးအပါအဝင် ဖျာပုံမြို့ပေါ်နှင့် ကျေးရွာမှ ကိုမိုးဝင်း၊ ကိုထက်ပိုင်သူ၊ ကိုထက်လင်း၊ ကိုစံလင်းစံ၊ ကိုအောင်သူ၊ ကိုနောင်နောင်၊ ကိုဝဏ္ဏထွန်း၊ ကိုတရုတ်လေး၊ ကိုပြောင်ကြီးနှင့် ကိုထွန်းထွန်းတို့ ၁၁ ဦးကို PDF သင်တန်း တက်ရောက်ခြင်း၊ ငွေကြေးထောက်ပံ့စည်းရုံးခြင်း ကျူးလွန်သည်ဟု စွပ်စွဲထားကြောင်း ရဲမှတ်တမ်းတွင် တွေ့ရသည်။

အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို ဖိနှိပ်ရန် စစ်ကောင်စီက လက်ကိုင်တုတ်သဖွယ် စွဲဆို အမှုဖွင့်နေသည့် အကြမ်းဖက်ပုဒ်မများသည် အမြင့်ဆုံးထောင်ဒဏ် ဆယ်နှစ်အထိ ချမှတ်နိုင်သော ပုဒ်မများဖြစ်သည်။ 

ဆက်လက်ရင်ဆိုင်ရမည့် ဗုံးခွဲတိုက်ခိုက်မှုဆိုင်ရာ ပုဒ်မ ၅၀(ဈ) သည် ထောင် ၁၀ နှစ်မှ တစ်သက်အထိ ချမှတ်နိုင်ကာ ငွေဒဏ်လည်း ချနိုင်သည်ဟု ထိုဥပဒေတွင် ပြဋ္ဌာန်းထားသည်။ 

စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူများအား ပစ်ခတ်သတ်ဖြတ်နေသလို ဖမ်းဆီးထားသူများကိုလည်း ပုဒ်မအမျိုးမျိုးတပ်၍ နှစ်ရှည်ထောင်ဒဏ်ချမှတ်ကာ နေအိမ်များကိုလည်း ချိပ်ပိတ်လျက်ရှိသည်။

အာဏာသိမ်းချိန်မှစ၍ ၂၀၂၂ ဒီဇင်ဘာ ၁ အထိ နိုင်ငံတစ်ဝန်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသူ ၁၃,၀၁၇ ဦး၊ ထောင်ဒဏ်ချမှတ်ခံရသူ ၁,၆၆၆ ဦး၊ သေဒဏ်ချခံရသူ ၉၀ ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ သိရသည်။

ထိုအပြင် နွေဦးတော်လှန်ရေးကာလအတွင်း အပြစ်မဲ့ပြည်သူ ၂၅၅၃ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း လက်လှမ်းမီသမျှ ကောက်ယူထားသည့် AAPP ၏ စာရင်းက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button