ဆောင်းပါး

“ရပ်ကွက်လေးဟာ ကမ္ဘာပျက်သွားသလိုပါပဲ”၊ စစ်ကောင်စီကြောင့် နေစရာမဲ့သွားသူများ

၂၀၂၂၊ နိုဝင်ဘာ ၁၉ ဝေလီဝေလင်း အချိန်တွင်ဖြစ်သည်။ ရန်ကုန်မြို့ ပြည်လမ်းအနီး သိန်းသောင်းချီ တန်ကြေးရှိသည့် မင်းဓမ္မအိမ်ရာနောက်မှ အိမ်ထောင်စု ၁၀၀ ကျော်၊ လူဦးရေ ငါးထောင်ကျော် နေထိုင်သည့် ကံသာဇေယျုံကျောင်းလမ်းကို စစ်တပ်နှင့် ရဲအင်အား ၁၀၀ ကျော်က ပိတ်ဆို့လိုက်သည်။ 

ရပ်ကွက်အတွင်းမှ ၁ နာရီအတွင်း ထွက်ခွာသွားရန် စစ်ကောင်စီတပ် လက်နက်ကိုင်တို့၏ သတိပေး အော်ဟစ်သံများနှင့်အတူ ဆောက်လုပ်ရေးသုံး ဝန်ချီစက်များသည်လည်း ထိုရပ်ကွက်လေးအတွင်းသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာသည်။

မရှေးမနှောင်းမှာပင် ဝန်ချီစက်များဖြင့် အဆောက်အအုံများကို ဖျက်ဆီးနေသည့် အသံများ၊ ရပ်ကွက်နေပြည်သူတို့၏ မကျေမနပ် ဆဲဆို ငိုယို အော်ဟစ်သံများက ကမ္ဘာပျက်သည့်အလား ပေါ်ထွက်လာသည်။ 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံရသူ အများအပြားရှိသည့် ထိုရပ်ကွက်လေးအတွင်းသို့ စစ်ကောင်စီ လက်နက်ကိုင်တပ်သားများက လွန်ခဲ့သည့် ၃ ရက်အကြာကပင် ရောက်ရှိလာခဲ့ပြီး ကျူးကျော်နေထိုင်သူများဖြစ်၍ နိုဝင်ဘာ ၁၉ တွင် အပြီးဖယ်ရှားပေးရန် အတင်းအကျပ် လက်မှတ်ထိုးစေခဲ့သည်။  

သို့သော်လည်း ဒေသခံအများစုက လက်မှတ်မထိုးပေးကြပေ။ ထိုသို့ လက်မှတ်မထိုးပေးသည့် မိသားစုများတွင် အသက် ၅၀ ကျော်အရွယ် ဒေါ်ဇင်မာ ( အမည်လွှဲ) တို့ မိသားစုလည်း အပါအဝင်ဖြစ်သည်။

 သူတို့မိသားစုနေထိုင်သည့် ပေ ၅၀ ပေ ၁၀၀ ကျယ်ဝန်းသည့် ခြံမှာ လွန်ခဲ့သည့် နှစ် ၁၀၀ နီးပါးခန့်ကပင် ဘိုးစဉ်ဘောင်ဆက် တောင်ယာလုပ်ကိုင်ခဲ့သည့် မြေနေရာဖြစ်သည်၊ ဂရန်အထောက်အထားများလည်းရှိသည်ဟု ဒေါ်ဇင်မာက အခိုင်အမာဆိုသည်။ 

“ကျွန်မတို့တွေ ဒီလိုဖြစ်မယ်ဆိုတာ အိပ်မက်တောင် မမက်ခဲ့ဖူးဘူး။ သူတို့ ဘူဒိုဇာနဲ့ ထိုးတဲ့နေ့မှာ တုံးလုံးတွေလဲပြီးတော့ မေ့တဲ့သူကမေ့၊ ရောဂါတွေတက်တဲ့သူကတက်။ ဆေးခန်းပို့ရတဲ့ သူတွေကိုလဲ ပို့ရနဲ့ ကျွန်မတို့ ရပ်ကွက်လေးဟာ ကမ္ဘာပျက်သွားသလိုပါပဲ” ဟု သူက ပြောသည်။ 

သိန်းငါးထောင်ကျော်ဖြင့် ကမ်းလှမ်းလာသော်လည်း ရောင်းချခြင်းမပြုခဲ့သည့် မိဘအမွေအနှစ် ထိုခြံဝင်းနှင့် အိမ် ဘူဒိုဇာဖြင့် ထိုးခြေဖျက်ဆီးခံနေရသည့်မြင်ကွင်းကို ရင်နာနာဖြင့် ရပ်ကြည့်နေရပြီး ပိုင်ဆိုင်သမျှအရာအားလုံးမှာ နာရီဝက်အတွင်းတွင် အမှိုက်ပုံဖြစ်ခဲ့ရသည်ဟု သူက ဆက်ပြောသည်။ 

“ကျွန်မတို့ ခံစားချက်တွေကို သူတို့ မသိဘူး။ သူတို့လုပ်ချင်တာ လုပ်သွားကြတာ။ ကျူးမဟုတ်ဘူး၊ ကျွန်မတို့ အနှစ် ၈၀ ကျော် နေခဲ့ကြတာ။ အဖေသေတော့ အမှတ်တရ တည်ခဲ့တဲ့ အဖေ့ရဲ့ သောက်ရေအိုးစင်လေးတောင် ၁၃ နှစ်ဖြစ်သွားပြီ” ဟု သူက ဝမ်းနည်းဆို့နင့်စွာ ပြောသည်။

မဲစာရင်းအကြောင်းပြ အာဏာသိမ်းထားသည့် စစ်တပ်က လက်နက်ကိုင်ခုခံမှု အားကောင်းသည့် မြန်မာပြည်အလယ်ပိုင်းတွင် ကျေးရွာအများအပြားကို မီးရှို့ဖျက်ဆီးနေသလို ဆန့်ကျင်သူများ နေထိုင်ရာ ရန်ကုန်၊ မန္တလေး မြို့ပြဒေသရပ်ကွက်များကိုလည်း ကျူးကျော်ဟု စွပ်စွဲပြီး သန်းနှင့်ချီသည့် နိုင်ငံသားများကို အိမ်ရာမဲ့ ဖြစ်စေခဲ့သည်။ 

နိုဝင်ဘာ တစ်လထဲတွင်ပင် ရန်ကုန်ရှိ မြေဧက ၁ ထောင်နီးပါးကို ကျူးကျော်ရပ်ကွက်ဟုဆိုကာ မြို့ခံ ၆ သောင်းနီးပါးကို အိမ်ရာမဲ့ ဘဝသို့ တွန်းပို့လိုက်ကြောင်း Myanmar Now ၏ စောင့်ကြည့်လေ့လာမှုအရ သိရသည်။ 

ကမ္ဘာပျက်သည့်နေ့ 

စစ်ကောင်စီက လက်နက်အားကိုး အတင်းအဓမ္မ ဖယ်ရှားခိုင်းခဲ့သည့် မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့် အောင်သိဒ္ဓိလမ်းထောင့်ရှိ မြေနေရာများမှာ မင်းဓမ္မလမ်း မဖောက်ခင်ကပင် တောင်ယာမြေများဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။ 

၁၉၈၈ စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်၏ အချက်အချာ ပြည်လမ်းနှင့် အင်းစိန်လမ်းကြားရှိ နေအိမ်အများအပြားနှင့် သင်္ချိုင်းကို စစ်ဗိုလ်ချုပ်များက ဖယ်ရှားကာ သိန်းသောင်းချီ တန်ကြေးရှိသည့် အိမ်ရာစီမံကိန်း ဖော်ဆောင်ခဲ့သည်။ 

ထိုအချိန်က ဖယ်ရှားခြင်းမခံခဲ့ရသည့် နေအိမ်များကို လက်ရှိဗိုလ်ချုပ်ကြီးများက ဘူဒိုဇာဖြင့် ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ ထိုရပ်ကွက်အတွင်း မွေးဖွား၊ ထိုဒေသအကြောင်း ခရေစေ့တွင်းကျ မှတ်မိပြောဆိုနိုင်သူများထဲတွင် ၇၄ နှစ်အရွယ် ဒေါ်ခင်လှ (အမည်လွှဲ) သည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ 

နိုဝင်ဘာ ၁၉ နံနက် ၆ နာရီခန့်တွင် စစ်ကောင်စီလက်နက်ကိုင်များ ရောက်ရှိလာပြီး နေအိမ်မှ ထွက်ခွာကြရန် ခြိမ်းခြောက်ပြောဆိုရာ ငိုယိုတောင်းပန်သော်လည်း အကြောင်းမထူးခဲ့ဟု ဒေါ်ခင်လှက ပြောသည်။ 

“နာရီဝက် အချိန်ပေးမယ်ဆိုပြီး အဘွားကိုပြောတယ်။ အဲဒီနာရီဝက်အတွင်းမှာ ကသောကမျောနဲ့ဆိုတော့ ကိုယ့်ပစ္စည်းတွေလည်း ဘာမှ မရခဲ့ဘူးပေါ့” ဟု သူက ပြောသည်။ 

ပိုင်ဆိုင်မှု အထောက်အထားများလည်းရှိသည့် ဘိုးဘွားပိုင် ခြံဝင်းထဲတွင် သား၊သမီးများ စုစုစည်းစည်း နေထိုင်နိုင်ရန် အိမ်များ ဆောက်ပေးထားခဲ့ပြီးနောက် မကြာမီအချိန်တွင် ဖျက်ဆီးခံလိုက်ရခြင်းဖြစ်ရာ သူ့မိသားစုဝင် ၂၀ ကျော်မှာ နာရီဝက်အတွင်း အိုးမဲ့အိမ်မဲ့ ဘဝရောက်ခဲ့ရသည်ဟု အဘွားအိုက ဝမ်းနည်းစွာ ရှင်းပြသည်။

“မျှော်လင့်ချက်ကလေးနဲ့ပေါ့။ ငါသေသွားရင်တောင်မှ ငါ့သားသမီးတွေ အိုးမဲ့အိမ်မဲ့ မဖြစ်ဘူးဆိုပြီးတော့ မျှော်လင့်ချက်ကလေးနဲ့ ဆောက်ပေးခဲ့တဲ့ဟာက နာရီဝက်အတောအတွင်းမှာ အမှိုက်ပုံဖြစ်သွားခဲ့တာ မြင်တဲ့အတိုင်းပါပဲ” ဟု သူက မျက်ရည် သုတ်ရင်း ပြောသည်။ 

ဦးဝင်းဌေးက ပေးသည့် အမှန်တရား

အသက် ၅၄ နှစ်အရွယ် ဦးဝင်းဌေးသည် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်း အဆင်မပြေသည့်အပြင် ချူချာလာ၍ ဆေးကုသရန် ဇနီးနှင့် သားသမီးများရှိရာ ရန်ကုန်သို့ တက်လာသည်။ 

မိုးအကုန် ဆောင်းအကူး နိုဝင်ဘာလလယ်ပိုင်း နံနက်ခင်းတစ်ခုမှာ သာယာ၏။ သို့သော်လည်း ထိုသာယာမှုကို အကျည်းတန်စေသည့် သတင်းစကားတစ်ခုက မင်္ဂလာဒုံမြို့နယ် ပြည်လမ်းနှင့် အမှတ် ၃ လမ်းကြားရှိ မြဝတီစိုက်ကွင်း (၁) ရပ်ကွက်ရှိ ဦးဝင်းဌေးတို့ မိသားစုနေထိုင်ရာ ပေ ၂၀ ပေ ၄၀ ခြံဝင်းလေးအတွင်းသို့ မဖိတ်ခေါ်ဘဲ ရောက်လာသည်။ 

စစ်ကောင်စီ လက်နက်ကိုင်များ စစ်ကား ၅ စီးဖြင့် ရပ်ကွက်အတွင်း ရောက်ရှိလာပြီး နိုဝင်ဘာ ၁၈ နောက်ဆုံးထားပြီး နေအိမ်မှ အပြီးသတ် ပြောင်းရွှေ့ကြရန် ကြေညာသွားခဲ့သည်။ 

ကျန်းမာရေး မကောင်း၍ စိတ်ဓာတ်ကျနေသည့် ဦးဝင်းဌေးသည် ထိုနေ့မှစ၍ မစားနိုင်မသောက်နိုင် တမှိုင်မှိုင် ဖြစ်လာတော့သည်။ 

နိုဝင်ဘာ ၁၉ နံနက်ခင်းတွင်တော့ စစ်တပ်က အတင်းအကျပ်ဖယ်ရှားခိုင်းနေသည့် နေအိမ်ရှေ့ ဗာဒံပင်တွင် ကြိုးဆွဲချ အဆုံးစီရင်ကာ တရားမျှတမှုမရှိသည့် လောကကို ဦးဝင်းဌေး ဆန္ဒပြ နှုတ်ဆက်သွားတော့သည်။ 

ဖခင်ဖြစ်သူသတင်းကို ကြားကြားချင်း အပြေးအလွှားရောက်ရှိခဲ့ပြီးနောက် သစ်ပင်တွင် ရှိနေသည့် ဖခင်ဖြစ်သူ၏ ရုပ်အလောင်းပုံမြင်ကွင်းမှာ သူ့တစ်သက်တွင် ဖျောက်ဖျက်၍ ရနိုင်မည်မဟုတ်ဟု အသက် ၃၆ နှစ်အရွယ် သားဖြစ်သူက ပြောသည်။ 

“ကိုယ့်အဖေကို ဒီလိုမျိုးကြီးတွေ့လိုက်ရတော့ ရင်ထဲမှာ ဘယ်လိုမှ မခံစားနိုင်တော့ဘူး။ ကျွန်တော် တစ်ခါလောက်ပဲ ကြည့်လိုက်တယ်။ ခပ်လှမ်းလှမ်းမှာပဲ သွားနေလိုက်တော့တယ်။ ရင်ထဲမှာ ဆို့သွားတာပေါ့” ဟု သူက ဆို့နင့်ကြေကွဲစွာပြောသည်။

သို့သော်လည်း စစ်တပ်နှင့် ပတ်သက်သည့် သူ့၏ နာကြည်းချက်များကိုတော့ ထုတ်ဖော်မပြောလိုကြောင်း သူက ငြင်းဆန်သည်။ 

“အဲဒီ စစ်တပ်နဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ မဖြေချင်ပါဘူး။ ကျွန်တော့် ရင်ထဲမှာ ရှိတဲ့ စကားတွေကို ရင်ထဲမှာ ထားလိုက်တော့မယ်” ဟု သူက နာနာကြည်းကြည်းပြောသည်။ 

ထွက်ပေါက်မဲ့စွာ ကိုယ့်ကိုယ်ကိုယ်သတ်သေ၍ ဆန္ဒပြခဲ့သူ ဦးဝင်ဌေး၏ဖြစ်ရပ်မှာ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုရှိ ဧက ၅၀၀ ကျော်တွင် နေထိုင်သည့် မိသားစု ၁ သောင်းကျော်၏ ဘဝကို ထင်ဟပ်စေသည်။ 

ကျူးကျော်နေထိုင်သူတို့ကို ဖယ်ရှားခြင်းမှာ တရားဥပဒေစိုးမိုးရေးအတွက် အဓိကထားလုပ်ဆောင်ခြင်းဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA သတင်းဌာနကို မတ်လတွင် ပြောဆိုထားသည်။

အရပ်သားများကို အနိုင်ကျင့်ခြင်းနှင့် ပတ်သက်ပြီး ကနဦးတွင် နိုင်ငံတကာက စစ်ကောင်စီကို ကန့်ကွက်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဖမ်းဆီး၊ သတ်ဖြတ်၊ ဖျက်ဆီးမှုများ ပိုမိုများပြားလာသလို နိုင်ငံတကာဖိအားလည်း ထူးထူးခြားခြား ထပ်မံများပြားလာခြင်း မရှိပေ။

ရန်ကုန်၏ အချက်အချာနေရာများကို ရယူနေသည့် စစ်တပ် 

၁၉၆၂ ခုနှစ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက ရန်ကုန်ရှိ အချက်အချာနေရာများတွင် နေထိုင်သူတို့ကို ကျူးကျော်ဟု စွပ်စွဲသတ်မှတ်ကာ ဖယ်ရှားသလို ၁၉၈၈ ခုနှစ် အာဏာသိမ်းစစ်ခေါင်းဆောင်များကလည်း ကမာရွတ်၊ လှိုင်၊ အလုံနှင့် မရမ်းကုန်းတို့တွင် အလားတူ ပြုမူခဲ့သည်။

ထိုအချိန်က အာဏာသိမ်း စစ်ခေါင်းဆောင်များသည့် ရန်ကုန်အနီးဝန်းကျင်ရှိ လယ်မြေများကို မြို့သစ်ဖော်ကာ ပြန်လည် နေရာချထားပေးခဲ့သည်။

ယခင် စစ်အာဏာရှင်များထက် ပိုမို ရက်စက်ကြမ်းကြုတ်သူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခေတ်တွင်မူ နေအိမ်များကို အဓမ္မသိမ်းယူ ဖယ်ရှားခဲ့သော်လည်း နေရာအစားထိုးပေးခြင်း မရှိသေးပေ။

ပိုမိုဆိုးရွားသည်မှာ စစ်တပ်အရာရှိများကို မြေကွက်ပါမစ် ချပေးကာ ၎င်းအပေါ် သစ္စာစောင့်သိစေရန် စည်းရုံးနေသည်၊ ထိုသို့ ပေးအပ်သော မြေကွက်များထဲတွင် သိမ်းယူထားသည့် ကျူးကျော်မြေယာများလည်း ပါဝင်နေသည်ဟု သိရသည်။

စစ်ကောင်စီက ကျူးကျော်ဟု စွပ်စွဲကာ မြေယာသိမ်းပိုက်နေမှုများနှင့် ပတ်သက်ပြီး ပါတီတွင်း အစည်းအဝေးပြုလုပ်ကာ တုံ့ပြန်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးထွန်းမြင့်က ပြောသည်။

“၁၉၆၂ တုန်းကဆိုရင် ပိုဆိုးတာပေါ့။ ပြည်သူပိုင်သိမ်းတာတွေလည်း အများကြီးလုပ်ခဲ့တယ်။ ပြည်သူ့တွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကိုလည်း အများကြီး ဖျက်ဆီးခဲ့တယ်။ ၁၉၈၈ မှာလည်း ဒီလိုပါပဲ။ အခုလည်း ၂၀၂၁ လည်း အလားတူပါပဲ” ဟု သူက ပြောသည်။

ရန်ကုန်၊ ဗဟန်းမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်သည် စစ်အာဏာမသိမ်းမီက နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီဝင်လည်းဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် ပြန်လည်စုဖွဲ့ထားသည့်ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တွင် အတွင်းရေးမှူးဖြစ်လာသည်။

ပြည်သူ့ အိုးအိမ် စည်းစိမ်ကို ဖျက်ဆီးနေပြီး ၎င်းတို့ အကျိုးစီးပွားအတွက် အသုံးပြုနေသည်မှာ အာဏာသိမ်း စစ်တပ်တိုင်း၏ ဓလေ့စရိုက်ဖြစ်ပြီး တစ်နည်းနည်းဖြင့် တုံ့ပြန်သွားမည်ဟု ဦးထွန်းမြင့်က ပြောသည်။

လတ်တလော စစ်တပ်က ကျူးကျော်ဟု စွပ်စွဲကာ သိမ်းယူနေသည့် မြေယာများမှာလည်း စစ်တပ်ပိုင်မြေများ၊ စစ်ခရိုနီအသိုင်းအဝိုင်း သိမ်းယူထားသည့် မြေနေရာများနှင့် တစ်ဆက်တည်းဖြစ်နေသည်ကို တွေ့ရသည်။

တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားတပ်အရာရှိများကို မြေပါမစ်ပေးခြင်းသည် အစဉ်အလာစည်းရုံးရေးတစ်ခုဖြစ်သည်ဟု အာဏာသိမ်းပြီးနောက်ပိုင်း စစ်တန်းလျားကို စွန့်ခွာခဲ့သူ ဗိုလ်ကြီးထက်မြက်က ဆိုသည်။ 

“သူတို့နဲ့ တည့်အောင်၊ အဆင်ပြေအောင်နေတဲ့သူတွေ၊ သူတို့အကျိုးစီးပွားကို ပူးပေါင်းပြီး လုပ်ဆောင်ပေးတဲ့ သူတွေဆိုရင် စစ်တပ်က ဒါမျိုးအခွင့်အရေးတွေ ပေးတယ်” ဟု သူက ပြောသည်။

မင်းဆိုးဘေးမှ သုံးကြိမ်ပြေးရသူ 

၂၀၂၂ နိုဝင်ဘာ ၃၀ နံနက်ခင်းတွင်ဖြစ်သည်။ စစ်ကောင်စီ လက်နက်ကိုင်တပ်များ၊ အရပ်ဝတ် လူဆိုးလူမိုက်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဝန်ချီယန္တရားစက်များသည် ဘုရင့်နောင် ကားပစ္စည်းဝင်းနောက်ဘက် ဆင်ခြေဖုံးရပ်ကွက်၊ ဘောလုံးကွင်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။ 

ထို့နောက် နေအိမ်များအတွင်းမှ နာရီဝက်အတွင်း ဖယ်ရှားပေးရန် သတိပေးကြေညာသံများ ထွက်ပေါ်လာခဲ့ပြီး နေအိမ်များကို စတင်ဖျက်ဆီးတော့သည်။ 

အသက် ၃၆ နှစ်အရွယ် မထရေဇီ (အမည်လွှဲ) က မရမ်းကုန်း (၁) ရပ်ကွက်ရှိ သူတို့မိသားစု၏ ပေ ၂၀ ပေ ၄၀ နှစ်ထပ်အိမ် ဘူဒိုဇာဖြင့် ထိုးဖျက်ခံရသည့် မြင်ကွင်းကို တစ်သက် မေ့ပျောက်နိုင်မည် မဟုတ်ပေ။  

 

သူ ၂ နှစ်သမီးအရွယ်က ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) အနီး ကောလိပ်ကုန်းရှိ သူနှင့် မိဘများနေထိုင်ရာ ပေ ၄၀ ပေ ၆၀ နေအိမ်မှာ အလားတူဖြစ်ရပ်နှင့် အဆုံးသတ်ခဲ့ဖူးသည်။ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်တံတားအနီးရှိ ရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်ရာတွင်လည်း ၁၉၉၆ တွင် ဗိုလ်ချုပ်ကြီးများက ကျူးကျော်ဟု စွပ်စွဲပြီး ထပ်မံဖျက်သိမ်းပြန်သည်။ 

သူမ၏ ငယ်ဘဝတစ်လျှောက်လုံး စစ်တပ်၏ အနိုင်ကျင့် စော်ကားမှုများကို အထပ်ထပ် ရင်ဆိုင်ခဲ့ရပြီးနောက် စစ်အာဏာရှင်စနစ်ကို မုန်းတီးသည့် စိတ်ဖြင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်လာခဲ့သည်။ သို့သော်လည်း လက်နက်ရှိသည့် စစ်တပ်က သူ့ဘဝကို အမြဲလိုပင် လိုက်ပါဖျက်ဆီးနေလေသည်။ 

၂၀၂၁ တွင်လည်း တစ်ကျော့ပြန် စစ်အာဏာသိမ်းမှုဖြင့် ရင်ဆိုင်ခဲ့ရပြီး မထရေဇီ ချွေးနှဲစာဖြင့် ဝယ်ယူထားသည့် နေအိမ်ကို စစ်တပ်က ထပ်မံဖျက်ဆီးလိုက်ပြန်သည်။ 

မထရေဇီ နေထိုင်သည့် ရပ်ကွက်ကို ကျူးကျော်ဟု စွပ်စွဲကာ ဖျက်ဆီးနေပုံ

“ဘဝတစ်ခုလုံး ပျက်သွားသလိုပါပဲ။ အသစ်က ပြန်စလို့ရတယ်ဆိုတာကိုတော့ သိပါတယ်။ ဒါပေမဲ့ ဒီဟာလေး မနည်းကြိုးစားပြီးတော့ လုပ်ထားရတာလေ။ အနှစ် ၂၀ လောက်နေပြီးတော့မှ အိမ်ကောင်းလေးနဲ့ တစ်နှစ်လောက်ပဲ နေရသေးတာလေ” ဟု မထေရေဇီက ကြွေကွဲစွာ ပြောသည်။ 

နေအိမ်မှ အဓမ္မဖယ်ရှားခံရသည့် ရန်ကုန်မြို့ခံများထဲတွင် ဖြစ်ရပ်ဆိုးကို ၃ ကြိမ်တိုင်တိုင် ကြုံခဲ့ရသည့် မထရေဇီတို့ဘဝမှာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့၏ ရက်စက်ကြမ်းကြုတ်မှုကို ပိုမိုထင်ဟပ်စေသည်။ သို့သော်လည်း မထရေဇီက အားမလျှော့ပေ။ မိသားစုဘဝကို ပြန်လည်တည်ဆောက်နိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ပြောသည်။ 

“ဒီလိုလုပ်လေ သူတို့ကို ပြည်သူက မုန်းတီးလေပါပဲ။ ကျွန်မတို့လို နဂိုမုန်းပြီးသားသူတွေက ၂ ဆ ပိုမုန်းတယ်။ ကျွန်မတို့တွေ ဘယ်လောက်ခက်ခဲနေပါစေ အာဏာရှင်ကို ရအောင်တိုက်မှာပါ” ဟု မထရေဇီက မျက်ရည်များကြားမှ အားတင်းရင်း ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button