သတင်း

ဒီးမော့ဆိုမြောက်ဘက်တိုက်ပွဲအပြီး စခန်းတစ်ခုကို စစ်ကောင်စီတပ် စွန့်ခွာ

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့ မြောက်ဘက်တွင် ၈ လခန့် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်စခန်းမှ တပ်သားများ ယမန်နေ့ (နိုဝင်ဘာ ၂၉) တိုက်ပွဲအပြီးတွင် ပြန်လည်ဆုတ်ခွာသွားသည်ဟု ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (DMO-Local PDF) က ဆိုသည်။

မြို့ နှင့် ၅ မိုင်ကျော်အကွာ သေးဆူလဲကျေးရွာတွင် အခြေစိုက်ထားသည့် ထိုစခန်းကို DMO-Local PDF က သွားရောက်တိုက်ခိုက်ရာ နံနက် ၆ နာရီမှ ညနေ ၆ နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ အင်အား ၃၀ နှင့် ၅၀ ကြားရှိသော စစ်ကောင်စီတပ်သားများ သေးဆူလဲကျေးရွာတောင်ဘက် ၁ မိုင်ကျော်အကွာရှိ ကုန်းသာကျေးရွာသို့ ပြန်ဆုတ်သွားကြောင်း DMO-PDF ပြန်ကြားရေးတာဝန်ခံ ခွန်းဖရန်စစ်က ပြောသည်။

“ကုန်းသာမှာလဲ သူတို့ (စခန်း) တစ်ခုရှိတယ်၊ ဘုန်းကြီးကျောင်းမှာ။ ဒါပေမဲ့ ညအချိန်ဆုတ်တော့ ဘယ်လိုဘယ်လိုဆုတ်လဲ ကျွန်တော်တို့ မသိဘူးပေါ့နော်” ဟု ၎င်းက ပြောသည်။

ဆုတ်သွားသည့် စခန်းကို နောက်တစ်နေ့တွင် သွားရောက်ကြည့်ရှုရာ စစ်သားအလောင်းတစ်လောင်း မြှုပ်ထားသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။

သေးဆူလဲကျေးရွာအတွင်း လူနေအိမ်ကြားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က မြေမြှုပ်မိုင်း အများအပြားထောင်ထားကြောင်း၊ နိုဝင်ဘာ ၃၀ တွင် ကရင်နီပူးပေါင်းတပ်မှ ၃ ဦး မိုင်းထိခဲ့ပြီး ဒဏ်ရာအခြေအနေ အသေးစိတ် မသိရကြောင်းလည်း ခွန်းဖရန်စစ်က ပြောသည်။

“လောလောဆယ်တော့ လက်နက်တွေမရဘူး။ သူတို့က အထိနာတာများတော့ မနေ့ညကတည်း အေးဆေးဆုတ်တယ်။ သူတို့က လူအင်အား မရှိတော့ဘူးလေ၊ လက်နက်အင်အားပဲ ရှိတော့တယ်။ ယာယီဆုတ်တဲ့ အနေအထားလို့ပဲ မြင်တယ်” ဟု  ၎င်းက ပြောသည်။

စစ်ကောင်စီတပ် ပြန်ဆုတ်သွားသည့် သေးဆူလဲကျေးရွာရှိစခန်းကို ယနေ့ (နိုဝင်ဘာ ၃၀) တွင် တွေ့ရစဉ်

ပါဝင်တိုက်ခိုက်ခဲ့သည့် ကရင်နီပူးပေါင်းတပ်များတွင် ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ PDF နှင့် Karenni Revolution Union (KRU) တို့ ပါဝင်သည်ဟု သိရသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရသူများကိုလည်း Myanmar Now က ဆက်သွယ်မေးမြန်း၍ မရနိုင်သေးပါ။

ယခုနှစ် ဖေဖော်ဝါရီလတွင် ရှမ်း-ကယားနယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှစတင်ကာ စစ်တပ်က အပြင်းအထန်ထိုးစစ်ဆင်ခဲ့ပြီး မိုးဗြဲ-ဒီးမော့ဆို လမ်းပိုင်းကို ဧပြီလတွင် ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သားများ ပြန်ဆုတ်သွားသော်လည်း သေးဆူလဲရွာ တောင်ဘက်နှင့် မြောက်ဘက်ရှိ မိုးဗြဲ-ဒီးမော့ဆိုလမ်းပိုင်း နန်းမယ်ခုံမြို့၊ ဒီးမော့ဆိုမြို့ပေါ်အထိ စခန်းများတွင်မူ နေရာယူထားဆဲဖြစ်ကြောင်း DMO-Local PDF ပြန်ကြားရေးတာဝန်ခံကဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် သဲတောင်ကျေးရွာတွင် DMO-Local PDF နှင့် DMO PDF (အမှတ် ၁၁၀၆ တပ်ရင်း) ပူးပေါင်းပြီး စစ်ကောင်စီစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button