သတင်း

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲ ရက်ဆက်ဖြစ်၊ ဒေသခံတို့ တိမ်းရှောင်ရ

နိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာအနီး၌ ဒေသကာကွယ်ရေးတပ်နှင့် အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီ၏ လက်နက်ကိုင်များကြား ၄ ရက်ဆက် တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိကြောင်း သိရသည်။

တနင်္သာရီနှင့် ကျွန်းစုမြို့နယ်အစပ် လယ်သစ်ရွာတွင် တပ်စွဲထားသည့် စစ်ကြောင်းနှင့် နိုဝင်ဘာ ၂၅ မှ စတင်ပြီး တိုက်ပွဲ နေ့စဉ် ဖြစ်ခဲ့ကြောင်း၊ နိုဝင်ဘာ ၂၈ ရက်တွင် တပ်ပြန်ဆုတ်သွားပြီး အင်အားဖြည့်သည့် စစ်ကောင်စီတပ် နောက်တစ်နေ့နံနက်တွင် ထပ်မံဝင်ရောက်လာစဉ် လက်ဦးမှုယူတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“တိုက်ပွဲသုံးပွဲဖြစ်ပြီးတော့ ပြန်ဆုတ်သွားတယ်ဗျ။ ပြန်ဆုတ်သွားပြီးတော့ နောက်မနက်(နိုဝင်ဘာ ၂၉) မှာ စစ်ကြောင်းပြန်ထိုးတဲ့အချိန်မှာ ကျွန်တော်တို့က လက်ဦးမှုရသွားတာပေါ့” ဟု ၎င်းက ပြောသည်။

တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့၊ မြိတ်နှင့် ကျွန်းစု ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ဘက်မှ ၁ ဦး၊ စစ်ကောင်စီဘက်မှ ၁၀ ဦး သေဆုံးသည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သားများနှင့်အတူ အရေအတွက် မသိရသေးသော ပြည်သူ့စစ် ခေါ် ပျူစောထီးများ ပါဝင်နေသည်။

တနင်္သာရီအခြေစိုက် အမှတ် ၅၅၈၊ ၅၅၇၊ ၅၆၁၊ ၅၅၆ ခြေမြန်တပ်ရင်းများမှ တပ်သားများ စုစည်းထားသည့် ထိုစစ်ကြောင်းတွင် တနင်္သာရီမြို့နယ် တပ်နယ်မှူးနှင့် အမှတ်(၃၀၅) အမြောက်တပ် တပ်ရင်းမှူးဖြစ်သူက ကွပ်ကဲသည်ဟု ယူဆရကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ဘက်က ရဲဘော်တွေကို တူမီးသေနတ်တွေနဲ့လို့ သူတို့က ထင်တယ်။ အရဲစွန့်ပြီးလာတယ်။ တကယ်ရင်ဆိုင်တော့ မောင်းပြန်နဲ့ပစ်တော့ အဲ့ဒီမှာ ခံလိုက်ရတယ်။ ပြည်သူကာကွယ်ရေး ရဲဘော်တစ်ဦးကတော့ လက်နက်ကြီးထိပြီး ကျသွားတာပါ” ဟု ၎င်းက ဆက်ပြောသည်။ 

ကပ္ပလီပင်လယ်ပြင်နှင့် နီးကပ်သည့် လယ်သစ်ကျေးရွာ၏ အရှေ့ဘက်ကမ်းဒေသသည် တော်လှန်ရေးအဖွဲ့များအားကောင်းပြီး စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုးလေ့ရှိကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီးရှိ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်း မြို့နယ်များ

တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီကလည်း တိုက်ပွဲသတင်း ထုတ်ပြန်လေ့မရှိပေ။

ကျွန်းစုမြို့နယ် ဝါးရစ်ကျေးရွာမှ လယ်သစ်ရွာဘက်ကို စစ်ကြောင်းထိုးလာချိန် ကျေးရွာဒေသခံများက ဘေးလွတ်ရွာထွက်ပြေးတိမ်းရှောင်ကြရသည်ဟုလည်း ကျွန်းစုမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။ 

စစ်ကောင်စီဘက်မှ ထိခိုက်သူအများစုမှာ ပျူစောထီးများဖြစ်ကြောင်း၊ သွေးစွန်းနေသည့် စစ်ဝတ်စုံများ တိုက်ပွဲအပြီးတွင် တွေ့ရကြောင်း  ၎င်းက ဆိုသည်။ 

“သူတို့ပြန်ဆုတ်ခွာသွားတဲ့အချိန် မြေပြင်ကွင်းဆင်းကြည့်တော့ ပြည်သူတွေအိမ် ရိုက်ဖျက်ပြီးတော့ အထဲမှာရှိတဲ့ပစ္စည်းတွေကိုယူ၊ နွားတွေသတ်တယ်၊ မွေးဖွားခါနီးနွားကအစ သတ်ဖြတ် စားသောက်တာတွေ၊ အမျိုးမျိုးပေါ့။ နေအိမ်တွေဖျက်ဆီးပြီး ဆေးဆိုင်ကဆေးတွေ ယူသွားတာ” ဟု ၎င်းက ဆိုသည်။ 

အိမ်ခြေပေါင်း ၅၀၀ ကျော် ရှိသည့် လယ်သစ်ရွာတွင် ဒေသခံ ၃,၀၀၀ ကျော် နေထိုင်ပြီး စစ်တပ်ရန်ကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရသည်ဟု သိရသည်။

ကာကွယ်ရေးအဖွဲ့များလှုပ်ရှားသည့် လယ်သစ်ရွာ အရှေ့ကမ်းကို ဦးတည် စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲဆက်လက်ပြင်းထန်နိုင်သည်ဟု ကာကွယ်ရေးအဖွဲ့များက ခန့်မှန်းနေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button