သတင်း

ရန်ကုန်တွင် စစ်တပ် အရာရှိအရာခံများကို မြေကွက်ချပေးနေ

ကျူးကျော်ဆိုသည့် အကြောင်းပြချက်ဖြင့် ဆယ်စုနှစ်ချီ နေထိုင်လာသူများကို အင်အားသုံးဖယ်ရှားနေသည့် စစ်ကောင်စီက တစ်ချိန်တည်းမှာပင် တာဝန်ထမ်းဆောင်ဆဲ စစ်တပ်အရာရှိများနှင့် စစ်မှုထမ်းဟောင်းများကို မြေကွက်ပါမစ် ချပေးနေပြီး ကျူးမြေလည်း ပါဝင်သည်ကို တွေ့ရသည်။ 

Myanmar Now က ရရှိထားသည့် အထောက်အထားအရ ရွှေပြည်သာမြို့နယ် အပါအဝင် ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် တောင်ပိုင်းမြို့နယ်တို့ရှိ မြေကွက်များကို ဆက်သွယ်ရေးတပ်ရင်းနှင့် ခြေမြန်တပ်ရင်းများမှ တာဝန်ထမ်းဆောင်ဆဲ အရာရှိများနှင့် အငြိမ်းစားစစ်မှုထမ်းများကို ပါမစ်ချပေးနေသည်ကို တွေ့ရသည်။​

စစ်တပ်အရာရှိများကို မြေကွက်ပါမစ်ချပေးရန် ရန်ကုန်တိုင်းစစ်ဌာနချုပ်က အကြောင်းကြားလာခြင်း ဖြစ်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ပေးနေရသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်က အကြောင်းကြားလာသည့် မြေနေရာများတွင် ရွှေပြည်သာမြို့နယ် အမှတ် ၁၁ နှင့် ၁၈ ရပ်ကွက်၊​ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်မှ ၁၃ ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှ အမှတ် ၇၀ ရပ်ကွက်တို့ရှိ မြေကွက်များပါဝင်သည်ကို တွေ့ရသည်။

စည်ပင်သာယာရေးကော်မတီက ယခုလ ၁၁ ရက်စွဲဖြင့် ရန်ကုန်တိုင်းအစိုးရထံ ပေးပို့သည့်စာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရပ်ကွက်အမှတ်(၇၀) ရှိ မြေကွက်အမှတ် (၁၅၅၈) ကို အရာခံဗိုလ် ကျော်မောင်ဆိုသူအား “မြေစည်ပင်စရိတ်ငွေ ပေးသွင်းခွင့်နှင့် မြေပါမစ်ပြုလုပ်ပေးရန်” အကြောင်းကြားထားသည်။

အထက်ပါ မြေနေရာသည် “မြို့မြေစာရင်း (Town Land Roll) တွင်လည်း အမည်ပေါက် ပါဝင်ခြင်းမရှိ ကြောင်း၊ မြေပြင်တွင် ကျူးကျော်အဆောက်အအုံ (၇) လုံး ရှိပါကြောင်း” ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ညွှန့်ဖေဆိုသူက စာအမှတ်၊ ၁၀၃/၀၃(၅၃၁၀)/စသကဖြင့် အကြောင်းကြားစာ ပေးပို့ထားသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်က ရန်ကုန်မြို့တော်စည်ပင်ထံ ပေးပို့သည့် နောက်ထပ် အကြောင်းကြားစာတစ်ခုတွင်လည်း ရွှေပြည်သာမြို့နယ်မှ မြေကွက်များကို အငြိမ်းစားတပ်အရာရှိများဖြစ်သော ဆက်သွယ်ရေးတပ်ရင်းမှ တပ်ကြပ်ကြီးခင်ဝင်း၊ တပ်ကြပ်ကြီးလှထွန်း၊ ခြေမြန်တပ်ရင်းမှ အရာခံဗိုလ် ဝင်းမြင့်၊ တပ်ကြပ်ကြီးတင်မိုးနှင့် တာဝန်ထမ်းဆောင်ဆဲ အရာခံဗိုလ် အောင်စိုးမြင့်၊ အရာခံဗိုလ်လှအောင်၊ တပ်ကြပ်ကြီးသောင်းအေး၊ တပ်ကြပ်ကြီးမြင့်သိန်းတို့ကို မြေပါမစ်ချပေးရန် ရေးသား ထားသည်။

စစ်ကောင်စီက ၎င်း၏တပ်ဖွဲ့ဝင်များကို မြေကွက်ချပေးနေသည့် တစ်ချိန်တည်းမှာပင် ရန်ကုန်နှင့် မန္တလေးမြို့ရှိ လူနေရပ်ကွက်အချို့ကို တပ်ပိုင်မြေဟုဆိုကာ အင်အားသုံးဖယ်ရှားနေသည်။

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ် ပြည်လမ်းဘေးရှိ ရပ်ကွက်ငါးခုမှ အိမ်ခြေတစ်သောင်းကျော်ကို ငါးရက်အတွင်း ပြောင်းရွှေ့ပေးရန် အကြောင်းကြားပြီးနောက် နိုဝင်ဘာ ၂၅ ရက်တွင် အင်အားသုံးဖျက်ဆီးခဲ့သည်။ တပ်ပိုင်မြေပေါ်တွင် ရှိနေသည်ဆိုကာ မြေဧက ၅၆၀ ကျော်ပေါ်ရှိ နေအိမ်များကို အတင်းအကျပ် ဖျက်သိမ်းစေခဲ့ခြင်းဖြစ်သည်။​

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စံသမာဓိ၊ မြဲမြံအောင်၊ ဂုံညင်းနီ၊ ဓမ္မပါလ၊ မြဝတီစိုက်ခင်း စသည့် ရပ်ကွက်ငါးခုတွင် နေထိုင်သည့် လူဦးရေ ငါးသောင်းခန့်မှာ နေအိမ်များ ဖျက်သိမ်းခံရသဖြင့် စားဝတ်နေရေး အခက်ကြုံနေကြသည်။

“တစ်နေ့စာ တစ်နေ့ ရှာစားနေရတဲ့ ဘဝကြီးမှာ ဒီလိုမျိုး ဆုံးရှုံးမှုတွေက ဒုက္ခတွေ၊ အခက်အခဲတွေ အများကြီးပဲ” ဟု မင်္ဂလာဒုံမြို့နယ်၊ ဓမ္မပါလရပ်ကွက်တွင် ၁၀ နှစ်ကျော် နေထိုင်ခဲ့သည့် အသက် ၅၀ အရွယ် ဒေါ်ဇင်မာက ပြောသည်။

သား၊ သမီး နှစ်ယောက်နှင့်အတူ မိသားစုစားဝတ်နေရေးအတွက် ဈေးရောင်းရသည့် ဒေါ်ဇင်မာသည် စစ်တပ်၏ ဖိအားပေးမှုကြောင့် ကိုယ့်အိမ်ကို ကိုယ်တိုင်ဖျက်ပြီး မြောက်ဥက္ကလာပမြို့နယ်တွင် အိမ်ငှားဘဝဖြင့် ပြောင်းရွှေ့နေထိုင်နေရသည်။

ယခုရက်ပိုင်းအတွင်း၌ပင် မရမ်းကုန်းမြို့နယ်ရှိ ရပ်ကွက်အချို့တွင်လည်း ကျူးကျော်ဟုဆိုကာ စစ်တပ်က နေအိမ်များကို အင်အားသုံးဖျက်ဆီးခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကလည်း လှိုင်သာယာစက်မှုဇုန်အနီး ရန်ကုန်-ပုသိမ်လမ်းမ တစ်လျှောက်ရှိ ကျူးကျော်နေအိမ်များကို စစ်ကောင်စီက အင်အားသုံးဖျက်သိမ်းခဲ့ရာ လူဦးရေ သိန်းနှင့်ချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ 

တပ်အရာရှိများ၊ အငြိမ်းစားများကို ဈေးသက်သက်သာသာဖြင့် မြေကွက်ပါမစ်များ ချပေးနေသလို တစ်ဖက်တွင်လည်း စစ်ကောင်စီလက်အောက်ခံ စည်ပင်၊ အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့တွင် စစ်တပ်အရာရှိအများအပြား ပြောင်းရွှေ့လာသည်ဟု သိရသည်။ 

အသေးစိတ်ကိုမူ မသိရပေ။ 

တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားတပ်အရာရှိများကို မြေပါမစ်ပေးခြင်းသည် အစဉ်အလာ စည်းရုံးရေးတစ်ခုဖြစ်သည်ဟု အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကို စွန့်ခွာခဲ့သူ အရာရှိတစ်ဦးဖြစ်သည့် ဗိုလ်ကြီးထက်မြက်က ဆိုသည်။ 

“ဒီလို ပါမစ်တွေ ပေးတာက သူတို့လုပ်နေကျ အလုပ်ပဲ။ သူတို့နဲ့ တည့်အောင်၊ အဆင်ပြေအောင်နေတဲ့သူတွေ၊ သူတို့အကျိုးစီးပွားကို ပူးပေါင်းပြီး လုပ်ဆောင်ပေးတဲ့ သူတွေဆိုရင် စစ်တပ်က ဒါမျိုး အခွင့်အရေးတွေ ပေးတယ်” ဟု ၂၀၂၁ ဇွန်ကတည်းက စစ်တပ်ကို စွန့်ခွာခဲ့သူ ဗိုလ်ကြီးက ပြောသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button