ရန်ကုန်မြစ်အတွင်း ဒလ-ရန်ကုန်သို့ ကူးသည့် သမ္ဗာန်တိမ်းမှောက်မှု မကြာခဏ ဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း ဒလမြို့နယ် ကမာကဆစ်ဆိပ်ကမ်းမှ ရန်ကုန် စဉ့်အိုးတန်း ဆိပ်ကမ်းသို့ ထွက်ခွာသည့် သမ္ဗာန်တစ်စင်း တိမ်းမှောက်ကာ လူသုံးဦး သေဆုံးခဲ့ဖူးသည်။
ရန်ကုန် - ယမန်နေ့ညပိုင်းက ရန်ကုန်နှင့် မြစ်တစ်ဖက်ကမ်း ဒလတို့ကို သယ်ယူပို့ပေးသည့် စက်တပ်သမ္ဗာန် ကူးတို့တစ်စင်း နစ်မြုပ်ရာတွင် ပျောက်ဆုံးနေသူ လေးဦးကို ဆက်လက်ရှာဖွေ နေကြပြီး ပျောက်းဆုံးနေသူနှစ်ဦး၏ မိသားစုက ၎င်းတို့ကို အသက်ရှင်လျက် ပြန်တွေ့နိုင်မည်ဟု မျှော်လင့်နေသည်ဟု ပြောသည်။
ကြည့်မြင်တိုင်မြို့နယ်နေ သမ္ဗာန်မောင်း ဦးကျော်မင်း မောင်းနှင်လာသည့် ခရီးသည် ၁၁ ဦးပါ သမ္ဗာန်သည် ယမန်နေ့ည ၈ နာရီ ၂ဝ ခန့်က ရန်ကုန်မြို့၊ စဉ့်အိုးတန်းလမ်းသမ္ဗာန်ဆိပ်မှ ဒလဘက်ခြမ်းသို့ ထွက်ခွာခဲ့အပြီး မိနစ်ပိုင်းအတွင်း နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ ယခုအထိ ခရီးသည် ခုနစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ခရီးသည်လေးဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်။ သမ္ဗာန်မောင်းသူမှာ ကမ်းပေါ်ထိ ပြန်ရောက်ပြီးမှ ပျောက်ဆုံးနေသည်။

အသက်ရှင်လျက် လွှတ်မြောက်လာသူများ၏အဆိုအရ ကမ်းမှထွက်ခွာပြီး မိနစ်ပိုင်းအကြာ ရေအောက် နစ်မြုပ်နေသည့် ဆာလာအိတ်နှင့် ပန်ကာ ငြိကာ စက်ရပ်သွားခဲ့ကြောင်း၊ ထို့နောက် ရေစီးနှင့်မျောပါသွားပြီး ရန်ကုန်ဘက်ခြမ်း ကမ်းကပ်ထားသော သင်္ဘောဘေးတွဲနှင့် တိုက်မိကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း အသက်မသေဘဲ လွတ်မြောက်လာသူတစ်ဦးက ပြော သည်။
“တိုက်ပြီ မြုပ်ပြီနဲ့ အကုန်လုံး ဆူညံနေကြတယ်။ လှေသမားကလည်း ရေထဲခုန်ချပြီး ကြိုးနဲ့ သမ္ဗာန်ဦးကို ဆွဲတယ်။ ခပ်တက်ကလည်း ဘယ်တစ်ချောင်းပဲပါတယ်။ မှောင်ပြီး ရေစီး တအားကြမ်းနေတော့ နောက်ဆုံး ဘေးတွဲနဲ့တိုက်မိပြီး လူတွေကိုသွန်ချသလိုပဲ မှောက်သွားတယ်။ ကျွန်တော်တောင် ရေကူးတတ်လို့ လွတ်လာတာ” ဟု အသက်ရှင်ကျန်ရစ်သည့် ဒလမြို့နယ် ကမာကသွယ်ရပ်ကွက်နေ ဦးသန်းဝင်းက Myanmar Now ကို ပြောသည်။


ကမ်းမှ ပေ ၂ဝ ခန့်အကွာတွင်ဖြစ်ခဲ့သည့် အဆိုပါမတော်တဆဖြစ်ရပ်ကို မြင်တွေ့သည့် အနီးအနားရှိ သမ္ဗာန်များက လာရောက်ကယ်ဆယ်ခဲ့ကြသည်။
ခရီးသည်များအနက်မှ သုံးဦးမှာ ထိခိုက်ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ရရှိသွားသည့်အတွက် ညတွင်းချင်း ရန်ကုန်ပြည်သူဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရကာ ပြင်ပလူနာအဖြစ် ကုသမှုခံယူနေ ပြီး အခြေအနေ မစိုးရိမ်ရဟု ကမာကသွယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းလွင်က ပြောသည်။


ပျောက်ဆုံးသူလေးဦးကို ရန်ကုန်မြစ်အတွင်း မြစ်ရေစီးကြောင်းအလိုက် သက်ဆိုင်ရာအဖွဲ့အစည်းများက လိုက်လံရှာဖွေနေသော်လည်း ဇွန်လ ၁၄ ရက် (ယနေ့) ညနေအထိ မတွေ့ရှိသေးပေ။
ရှာဖွေရေး လုပ်သားများက ပျောက်ဆုံးသွားသူများကို အသက်ရှင်လျက်ပြန်တွေ့ရန် မျှော်လင့်ချက် နည်းပါးကြောင်းဆိုသည်။
“ဒီနေ့ကတော့ လုံးဝမြင်နိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့အတွေ့အကြုံအရ နစ်မြုပ်ပြီးပထမနေ့လောက်မှ ဆံပင်လေးပေါ်လာတာ၊ ဒုတိယနေ့လောက်မှ ခါးပေါ်တာတို့ ဖြစ်တတ်တယ်။
တတိယနေ့လောက်မှ တစ်ကိုယ်လုံးပေါ်တာများပါတယ်” ဟု ပျောက်ဆုံးသူများကို လိုက်လံရှာဖွေနေသည့် ဒလမြို့နယ် ကြက်ခြေနီအဖွဲ့မှ ဒုတိယအဖွဲ့ခွဲမှူး ဦးသက်ဇော်ဦးက ပြောသည်။
သို့သော် ပျောက်ဆုံးနေသူများ အသက်ရှင်လျက်အိမ်ပြန်လာမည်ဟု ယုံကြည်ကြောင်း လေးဦးစာရင်းထဲမှ ပျောက်ဆုံးနေသူနှစ်ဦးကို စောင့်မျှော်နေသည့် ဒေါ်ပါးပါးက ပြောသည်။
သူသည် သမ္ဗာန်နစ်မြုပ်ပြီး ပျောက်ဆုံးနေသည့် အသက် ၃ဝအရွယ် ဦးရာဂျား၏မိခင်ဖြစ်ပြီး ၎င်း၏သားသည် ပြီးခဲ့သည့်နှစ်ကမှ အိမ်ထောင်ပြုထားသူဖြစ်သည်။
၎င်း၏သားနှင့်အတူ ချွေးမဖြစ်သူ အသက်၂၅ နှစ်အရွယ် မဒါးနီလည်း ပျောက်ဆုံးနေသည်။
“ကျွန်မစိတ်ထဲမှာ သားနဲ့သမီး အရှင်ပြန်ရမယ်လို့ပဲ မျှော်လင့်ထားတယ်။ လှေတစ်စီးစီးကပဲ ကယ်သွားလို့ တစ်နေရာရာမှာ ရောက်နေတာလည်း ဖြစ်မှာပါ” ဟု သားဖြစ်သူ မင်္ဂလာဆောင် တွင် ရိုက်ထားသည့် ဓာတ်ပုံကို ကိုင်ရင်းပြောသည်။
အခြားနှစ်ဦးမှာ ဒလမြို့နယ်နေ အသက် ၂၅ နှစ်နှင့် ၂၆ နှစ် အရွယ် အမျိုးသမီးများ ဖြစ်သည်။
အသက် ၄၄ နှစ်အရွယ် စက်လှေမောင်း ဦးကျော်မင်းကို ရဲက ထွက်ပြေးနေသည်ဟု ယူဆပြီး လိုက်လံရှာဖွေနေသည်။ ၎င်းသည် ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်ပြီး ကလေးလေးဦးဖခင် ဖြစ်ကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။
ဦးကျော်မင်းကို ရာဇသတ်ကြီးပုဒ်မ ၂၈၀ မဆင်မခြင်မောင်းနှင်မှု၊ ၃၃၇ သာမန်ထိခိုက်ဒဏ်ရာရရှိစေမှု တို့ဖြင့် အမှုဖွင့်ထားကြောင်း ဆိပ်ကမ်းမြို့မရဲစခန်းက ဒုရဲအုပ် မြင့်စိန်က ပြောသည်။
အကယ်၍ ပျောက်ဆုံးသူလေးဦး အလောင်းရရှိပါက ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က) လူသေစေမှုဖြင့်ပါ ဦးကျော်မင်းကို ထပ်မံအမှုဖွင့်မည် ဖြစ်သည်။
ရန်ကုန်မြစ်အတွင်း ဒလ-ရန်ကုန်သို့ ကူးသည့်သမ္ဗာန်တိမ်းမှောက်မှု မကြာခဏဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း ဒလမြို့နယ် ကမာကဆစ်ဆိပ်ကမ်းမှ ရန်ကုန် စဉ့်အိုးတန်း ဆိပ်ကမ်းသို့ ထွက်ခွာသည့် သမ္ဗာန်တစ်စင်း တိမ်းမှောက်ကာ လူသုံးဦး သေဆုံးခဲ့ဖူးသည်။
ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ပန်းဆိုးတန်း နန်းသီတာကမ်းအနီးတွင် Yangon Water Bus တစ်စင်းနှင့် ခရီးသည် ၁၀ ဦးပါ သမ္ဗာန်တစ်စင်းတို့ တိုက်မိခဲ့ပြီး ခရီးသည်အချို့ ဒဏ်ရာရရှိခဲ့သည်။
သို့သော်လည်း နေ့စဉ် ခရီးသည် ၆၀,၀၀၀ ခန့်သည် သမ္ဗာန် ၅၀၀ ကျော်ကို အသုံးပြုပြီး နေ့စဉ် ဒလနှင့်ရန်ကုန် သွားလာနေကြသည်။
“ကျွန်တော်တို့ ဒလသားတွေက ရာသီအကူးအပြောင်းကို အကြောက်ဆုံးပဲ” ဟု ဒလမြို့နေ ဦးဆန်းတင့်က ပြောသည်။
ကိုရီးယားနိုင်ငံချေးငွေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းမှာ ပုဂ္ဂလိကဆိပ်ကမ်းအချို့၏ ကန့်ကွက်မှုကြောင့် ကြန့်ကြာနေရပြီး ဒလဒေသခံများကမူ တံတား စီမံကိန်းကို အမြန်ဆုံး စတင်စေချင်နေကြသည်။ လာမည့် ဇွန်လ ၁၇ ရက်နေ့တွင် ဒလမြို့အပါအဝင် ရန်ကုန်မြစ်တစ်ဖက်ကမ်း မြို့ငါးမြို့နေ ပြည်သူများက တံတား အမြန်ဆုံး တည်ဆောက်ရေးအတွက် ဒလမြို့တွင် လမ်းလျှောက်ဆန္ဒထုတ်ဖော် ကြမည်ဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












