သတင်း

မုံရွာ-မန္တလေးလမ်းပေါ် စစ်တပ်ကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း မုံရွာ-မန္တလေးလမ်းပေါ်တွင် ဖြတ်သန်းသွားလာသည့် စစ်ကား များနှင့် စစ်သားများကို ၇ ကြိမ်ထက်မနည်း ပဒေသာမိုင်း သုံးဒါဇင်နီးပါးဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ရှိသူတို့က ပြောသည်။

မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် စစ်ကိုင်းမြို့ရှိ အမှတ် ၃၃ ခြေမြန် တပ်မဌာနချုပ် မှ စစ်ကားများဖြတ်သန်းသွားလာစဉ် ယမန်နေ့ (နိုဝင်ဘာ ၂၅) နံနက်မှညပိုင်းအထိ အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ၂၁ ဦးသေဆုံးကာ ကားရှစ်စီးပျက်စီးသည်ဟု ဆိုသော်လည်း သီးခြား အတည်မပြုနိုင်ပေ။

ယမန်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် ချောင်းဦးမြို့မြောက်ဘက် ၃ မိုင်အကွာရှိ ခင်မွန်ဘက်စုံခြံတွင် အထိုင်ချထားသည့် စစ်သားများစစ်ကြောင်းထိုးလာစဉ် စတင်မိုင်းဆွဲတိုက်ခိုက်ရာ ၆ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရသည် ဟု ချောင်းဦး PDF တာဝန်ရှိသူက ပြောသည်။

ထို့နောက် နံနက် ၁၀ နာရီခန့်တွင် မုံရွာမှထွက်လာသည့် စစ်တပ်သုံး သံပြားကာကားနှစ်စီးနှင့် ၁၂ ဘီးကား လေးစီးကို ပဒေသာမိုင်းလေးလုံးဖြင့် ထပ်မံတိုက်ခိုက်စဉ် ထိိခိုက်သေဆုံးမှု မည်မျှရှိသည်ကိုမူ မသိရဟု ၎င်းက ပြောသည်။​

မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ မှလာသည့် စစ်ကားအချို့ကို ပဒေသာမိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း၊ နာရီဝက်အကြာတွင် နောက်တက်လာသည့် စစ်ကား ၁၄ စီးကို မြင်းမူနှင့် ချောင်းဦးအကြား နတ်ရေကန်ရွာအနီးတွင် မိုင်းငါးလုံးဖြင့် ထပ်မံတိုက်ခိုက်သည်ဟု ဆိုသည်။ 

စစ်ကား ၁၄ စီးကို မိုင်းဆွဲတိုက်ခိုက်စဉ် ကားတစ်စီးပျက်စီးသွားကာ ဗျူဟာမှူးအဆင့်ရှိသူ တစ်ဦးအပါဝင် စစ်သား ၈ ဦး သေဆုံးသွားသည်ဟု ချောင်းဦး PDF တာဝန်ရှိသူက ပြောသည်။ 

ဆက်တိုက်ဆိုသလိုပင် မွန်လွဲ ၃ နာရီခွဲခန့်တွင်လည်း မုံရွာသို့ ဦးတည်နေသည့် ဆီဘောက်ဆာကား အပါ အဝင် စစ်တပ်ယာဉ်တန်းကို ခင်မွန်ရွာနှင့် အောင်ချမ်းသာရွာအကြားတွင်လည်းကောင်း၊ ကင်းပုန်းဝပ်နေ သည့် စစ်သားများကိုလည်းကောင်း ပဒေသာမိုင်းများဖြင့် ထပ်မံတိုက်သည်ဟု ဆိုသည်။​

“အရပ်သုံးကားတွေနဲ့ ဆီဘောက်ဆာကားတွေက ရံလာတာ။ ထိပ်ပိတ်၊ နောက်ပိတ်ရံလာတာ” ဟု ချောင်း ဦး PDF တာဝန်ရှိသူက ပြောသည်။

ထိုတိုက်ခိုက်မှုအတွင်း ဆီဘောက်ဆာကားမှာ ပေါက်ပြဲသွားကာ ယခုအချိန်ထိ ထိုနေရာတွင် ရှိနေသေး ကြောင်း၊ စစ်သား ၇ ဦးထက်မနည်း သေဆုံးသည်ဟုလည်း ၎င်းက ပြောသည်။

ညနေ ၅ နာရီနှင့် ည ၉ နာရီခန့်တွင် မုံရွာနှင့် ချောင်းဦးအကြားတွင် စစ်ကားများကို ပဒေသာမိုင်းများဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။​

မိုင်းဆွဲတိုက်ခိုက်မှုများအတွင်း PDF ရဲဘော်များထိခိုက်မှု မရှိခဲ့သော်လည်း မတိုင်မီတစ်ရက်က ပဒေသာ မိုင်းပြင်ဆင်ရင်း မတော်တဆပေါက်ကွဲကာ ထိခိုက်ဒဏ်ရာရသည့် တပ်ဖွဲ့ဝင် ၉ ဦးအနက် ၅ ဦးသေဆုံး သွားကြောင်း သိရသည်။ 

နိုဝင်ဘာ ၂၅ တွင် တပ်မ ၃၃ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နမခသို့ သွားရောက်ရန်ရှိသည်ဟု ကြိုတင် သတင်းရသဖြင့် ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်ကြစဉ် မတော်တဆပေါက်ကွဲခြင်းဖြစ်သည်ဟု ဆိုသည်။

ပေါက်ကွဲမှုကြောင့် တပ်ဖွဲ့ဝင် ၂ ဦး နေရာမှာပင် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများအနက်မှ အခြား သုံးဦး ဆေးကုသရင်း ထပ်မံသေဆုံးခဲ့သည်ဟု ချောင်းဦး PDF ခေါင်းဆောင် ကိုဇာနည်သိန်းက ပြောသည်။ 

“ကျွန်တော်တို့မိုင်းတွေက အသက်မသွင်းရသေးဘူး ဖြစ်နေတာ။ ဖြစ်စဉ်အသေးစိတ်ကတော့ စုံစမ်းနေ တုန်းပါ။ အခုတော့ ကျန်ခဲ့တဲ့ ရဲဘော်တွေကို ဆေးကုသဖို့ လုပ်နေပါတယ်” ဟု ၎င်းက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button