သတင်း

ဖမ်းပြီးတစ်လအကြာတွင် သံတွဲမှ ကားလိုင်းပိုင်ရှင် ၁၇ (၁) ဖြင့် အမှုဖွင့်ခံရ

ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်သည်ဆိုသော စွပ်စွဲချက်ဖြင့် ရခိုင်ပြည်နယ်ရှိ ဒေသခံများကို ဖမ်းဆီးအရေးယူနေသည့် စစ်ကောင်စီက သံတွဲမြို့မှ အဝေးပြေးယာဉ်လိုင်းပိုင်ရှင်တစ်ဦးကိုလည်း ဖမ်းပြီး တစ်လအကြာတွင် မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်လိုက်သည်။ 

ရခိုင့်အားမာန် အဝေးပြေးယာဉ်လိုင်းပိုင်ရှင် ဦးစန်းကိုအား နာမည်ကျော် ငပလီကမ်းခြေအနီး သံတွဲမြို့ နယ် ဆပ်လည်မျှော်ရွာရှိ နေအိမ်တွင် အောက်တိုဘာ ၂၃ ရက်က လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

ယမန်နေ့ (၂၄) တွင် ၁၇ (၁) ဖြင့် တရားရုံးထုတ်ခံရသည့် ဦးစန်းကိုအား ငပလီမြို့အခြေစိုက် အမှတ် ၅၅ ခြေလျင်တပ်ရင်း (ခလရ ၅၅) မှ ဗိုလ်ကြီးရဲလင်းထွန်းက တရားလိုလုပ်ကာ အမှုဖွင့်ထားသည်ဟု သိရသည်။​ 

“မနေ့က သံတွဲမြို့နယ်တရားရုံးမှာ ရုံးထုတ်ပါတယ်။ အမှုဖွင့်ပြီးတဲ့နောက်ပိုင်းမှာ သံတွဲထောင်ချုပ်မှာ ထိမ်းသိမ်းထားတာဖြစ်တယ်။ ရုံးထုတ်ပြီးတော့ ထောင်ချုပ်ကိုပဲ ပြန်ခေါ်သွားတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်တပ်နှင့် AA တို့အကြား တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်နေသည့်အပြင် နှစ်ဖက်အပြန်အလှန် ဖမ်းဆီးများလည်း ဆက်တိုက်ဖြစ်ပေါ်နေသည်။

စစ်ကောင်စီက နိုင်ငံ့ဝန်ထမ်းများအပါအဝင် တက်ကြွလှုပ်ရှားသူများနှင့် ဒေသခံများကို အဆက်မပြတ် ဖမ်းဆီးလျက်ရှိပြီး ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း ၂ ဦးအပါအဝင် ဒေသခံ ၉ ဦးကို ဖမ်းဆီးကာ ပုဒ်မ ၁၇ (၁)၊ ပုဒ်မ ၅၀၅ (က) တို့ဖြင့် အမှုဖွင့်ထားသည်။​

ယမန်နေ့တွင် ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ခံလိုက်ရသည့် ကားလိုင်းပိုင်ရှင် ဦးစန်းကိုမှာ သီချင်းရေးသူတစ်ဦးလည်းဖြစ်ပြီး ရခိုင်လူမှုကွန်ရက်( သံတွဲကမ်းခြေ) ဦးဆောင်ညှိနှိုင်းရေးမှူးများအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူဖြစ်သည်ဟုလည်း သိရသည်။​

အဖမ်းခံရပြီးနောက် ဦးစန်းကို ပိုင်ဆိုင်သည့် သံတွဲမြို့နယ်၊ ဂျိတ္တောရွာရှိ ရခိုင့်အားမာန်ကားဂိတ်ကို ခလရ ၅၅ တပ်ရင်းမှ စစ်သားများက ဝင်ရောက်ရှာဖွေခဲ့သေးသည်ဟုလည်း သိရသည်။​

ထို့နောက် သံတွဲခရိုင်အုပ်ချုပ်ရေးဦးစီးဌာနက ကားဂိတ်ပိတ်ထားရန် ညွှန်ကြားခဲ့သည်ဟု ထို​ယာဉ်လိုင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။​

“ကားတွေကတော့ သံတွဲ၊ ကျောက်ဖြူ၊ တောင်ကုတ် ၊ မြောက်ဦး၊ စစ်တွေကို ပြေးဆွဲနေတာပါ။ အခုတော့ ယာယီ ရပ်ထားဖို့ အကြောင်းကြားလာတဲ့အတွက် ရပ်ထားရတာပါ” 

AA နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ဒေသခံများကို အာဏာသိမ်းစစ်တပ်က မနားတမ်း ဖမ်းဆီးနေရာ စက်တင်ဘာလမှ ယခုလလယ်အထိ သံတွဲမြို့နယ်တစ်ခုတည်း၌ပင် အဖမ်းခံထားရသူ ၃၀ နီးပါးရှိသည်။​

ယခုလ ၁၅ ရက်တွင် ငပလီအခြေစိုက် အမှတ် ၅၆၆ ခြေမြန်တပ်ရင်းမှ ဗိုလ်မှူးကြီးသက်ရွှေဝင်းက အုပ်ချုပ်ရေးမှူးများကို အစည်းအဝေးခေါ်ယူပြီး AA ၏ လှုပ်ရှားမှုများအကြောင်း သတင်းမပို့လျှင် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်းလည်း သိရသည်။​

“အခုတလော စစ်ကောင်စီတပ်ဖွဲ့တွေဟာ အရပ်ဝတ်တွေနဲ့ ရွာတွေထိ လာရောက် စုံစမ်းနေတာရှိနေတယ်။ တချို့ဆို ရှောင်တိမ်းနေကြရပြီ။ စီးပွားရေးသမားတွေမှ မဟုတ်ဘူး။ အားလုံးက စိုးရိမ်နေရတဲ့အနေအထားပါ” ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button