သတင်း

ထီးလင်းမြို့နယ် ဝါးရင်းချိုင်ရွာ ထက်ဝက်နီးပါး မီးရှို့ဖျက်ဆီးခံရ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဝါးရင်းချိုင်ရွာကို ယမန်နေ့ (နိုဝင်ဘာ ၂၄ ရက်) က မီးရှို့ရာ အိမ်ခြေ ၃၄ လုံး ပျက်စီးသွားသည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

စစ်သား ၉၀ ကျော်က နိုဝင်ဘာ ၂၁ ရက်မှစ၍ ရွာစဉ်လှည့် စစ်ကြောင်းထိုးနေရာမှ မြို့အရှေ့ဘက် ၄ မိုင်ခန့်အကွာမှ အိမ်ခြေ ၆၀ ကျော်သာရှိသည့် ထိုရွာကို ဝင်ဖျက်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ရွာအနီး ကျွဲ၊နွားကျောင်းနေသည့် ဒေသခံ ၂ ဦးသည်လည်း ရှေ့ပြေးလုံခြုံရေးထွက်လာသည့် စစ်ကောင်စီကင်းအဖွဲ့နှင့် တိုးကာ ဖမ်းဆီးခံခဲ့ရပြီး အဖမ်းခံထားရသည်ဟု ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ထီးလင်းမြို့နယ်တွင် ခလရ ၅၀ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့က မြို့နှင့် ငါးမိုင်ပတ်လည်အကွာရှိ ရွာများကို စက်တင်ဘာလလယ်မှ စတင်ကာ နှစ်လကျော်ကြာ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ရွာကို မီးရှို့သည့် ရည်ရွယ်ချက်တစ်ခုမှာ ရွေးကောက်ပွဲလုပ်ဖြစ်လျှင် မြို့ပြဒေသ လုံခြုံစေရန် မြို့နှင့်နီးသည့်ရွာများကို ရှင်းလင်းထားခြင်းဖြစ်နိုင်သည်ဟု ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက ယူဆသည်။

“ထီးလင်းမြို့ပတ်ချာလည်မှာ အရင်က ဘာမှမလုပ်ပေမဲ့ အခုနောက်ပိုင်းမှာ ကတုတ်ကျင်း အခိုင်အမာတူးတယ်။ ထွက်ပြီဆိုတာနဲ့ ရဲတွေဘာတွေကို အစောင့်ချန်ခဲ့တယ်။ ပြီးတော့ ၅ မိုင်ပတ်လည်ကိုပဲ စစ်ကြောင်းထိုးတာ ကြည့်ခြင်းအားဖြင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်တယ်၊ ထိန်းချုပ်နိုင်တဲ့ နယ်မြေဧရိယာကို ချဲ့ထွင်တဲ့သဘောလည်းဖြစ်မယ်” ဟု သူက သုံးသပ်သည်။

အာဏာသိမ်းစစ်တပ်က ၂၀၂၃ ဩဂုတ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကနဦးက လေသံပစ်ခဲ့သော်လည်း ထိုရွေးကောက်ပွဲ ကျင်းပနိုင်ရန် မသေချာ၊ မရေရာသေးကြောင်း စစ်ခေါင်းဆောင်က စက်တင်ဘာလ ရုရှားခရီးစဉ်အတွင်း ပြောဆိုထားသည်။

စစ်ကောင်စီတပ်သားတို့ မီးရှို့ခဲ့သည့် ဝါးရင်းချိုင် ကျေးရွာအတွင်းမြင်ကွင်း

ဤအတောအတွင်း ထီးလင်းဒေသ ခုခံသူတို့သည် လက်နက်ခဲယမ်းအခက်အခဲကြောင့် တိုက်ပွဲဖော်ဆောင်ခြင်းထက် မိုင်းဆွဲတိုက်ခိုက်သည့်နည်းကို အသုံးပြုနေသည်ဟု သိရသည်။

စစ်ကောင်စီတပ်က နေ့စဉ်နီးပါး စစ်ကြောင်းထိုးနေသည့်အတွက် ထီးလင်းမြို့အနီးတဝိုက်ကျေးရွာ ၇ ရွာမှ ဒေသခံ ၃၀၀၀ ကျော် နီးစပ်ရာကျေးရွာများတွင် ထွက်ပြေးခိုလှုံနေရပြီး စားဝတ်နေရေးအခက်အခဲ ကြုံနေရသည်ဟုလည်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက ပြောသည်။

“ရွာတွေကို တောက်လျှောက်ဝင်ပြီး နေ့ခင်းမှာ အေးဆေးနားတယ်။ ရိက္ခာစုတယ်။ အားယူတယ်။ ညဘက် ၁၂ နာရီ ၁ နာရီလောက်ကျမှ စပြီးလှုပ်ရှားတာ။ အဲ့ဒီတော့ ပြည်သူတွေက အကုန်လုံး တထိတ်ထိတ်တလန့်လန့်နဲ့ နေရတာ။ ညဆိုလည်း ကောင်းကောင်းမအိပ်ရဘူး။ ပိတ်မိသွားရင်လည်း မလွယ်ဘူး၊ ရှောင်ရတော့တာပေါ့” ဟုလည်း ၎င်းက ဆက်ပြောသည်။

ထီးလင်းမြို့နယ်နှင့် နယ်နိမိတ်ချင်းဆက်စပ်နေသည့် ကျောက်ထုနှင့် ဆောမြို့တို့တွင်လည်း စစ်တပ်က တပ်မ ၃ ခုမှ တပ်များကို ထုတ်နုတ်ပြီး ရွာစဉ်လှည့်စစ်ကြောင်းထိုးနေသည်မှာလည်း လနှင့်ချီ ကြာမြင့်နေပြီ ဖြစ်သည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက အောက်တိုဘာလကုန်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် နိုင်ငံတစ်ဝန်းမှ လူဦးရေ ၁ ဒသမ ၁ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည်။ 

ထိုအထဲတွင် စစ်ကိုင်းတိုင်းအတွင်း ဒုက္ခသည်အရေအတွက် အများဆုံးဖြစ်ပြီး ၆၁၂,၀၀၀ ဖြစ်သည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။

နေအိမ်မီးရှို့ခြင်းမှာ ၎င်းတို့၏လက်ချက်မဟုတ်ကြောင်း ရံဖန်ရံခါ တုံ့ပြန်တတ်ပြီး ပြည်သူလူထုကို အကာအကွယ်ပေးနေသည်ဟုလည်း ပြောဆိုတတ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button