သတင်း

ခင်ဦးဝန်းကျင် ရွာများ မီးရှို့မှု၊ လေကြောင်းပစ်ခတ်မှုတို့နှင့် ရင်ဆိုင်နေရ

ယမန်နေ့ (နိုဝင်ဘာ ၂၃) တွင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်း မုံလှကျေးရွာအနီးတွင် စစ်ကောင်စီတပ်က မြေပြင်မှ စစ်ကြောင်းထိုးသလို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ကြောင်း ဒေသအခြေစိုက် KSO တပ်ဖွဲ့ ပြန်ကြားရေးက ပြောသည်။

ယခုလ ၁၇ ရက်နေ့မှစပြီး ခင်ဦးနှင့် ထိစပ်နေသော မြို့နယ်များရှိ ရွာများကို ဝင်ရောက်စီးနင်း မီးရှို့နေသည့် စစ်ကောင်စီစစ်ကြောင်း ၃ ကြောင်းခန့် ရှိသည်ဟု သိရသည်။

ကန့်ဘလူနှင့် ရေဦးမြို့နယ်များမှ ထွက်လာသော စစ်ကြောင်းသည် ခင်ဦးမြို့နယ်အတွင်း ဝင်ရောက်လာပြီး မုံလှကျေးရွာသို့ ယနေ့ စီးနင်းရာ တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲဖြစ်ပွားကြောင်း၊ မွန်းလွဲ ၁း၅၀ ခန့်တွင် စစ်ရဟတ်ယာဉ်တစ်စီး ရောက်လာကာ တစ်နာရီ နီးပါး ပစ်ခတ်ခဲ့ကြောင်း KSO တပ်ဖွဲ့ ပြန်ကြားရေးက ဆိုသည်။

“ဒီနေ့ တိုက်ပွဲမှာကိုက ၁၀ ကောင်ထက်မနည်း ထပ်သေတယ်။ အဲဒီလို အထိနာနေတော့ နောက်ဆုတ်သွားပြီး လေကြောင်းက ချတော့တာ၊ ပစ်ခံရတဲ့ရွာမှ အထိအခိုက်များနိုင်တယ်၊ သေချာတော့ ဘာကိုမှ မသိရသေးဘူး။ စစ်ကူသွားတဲ့ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေလည်း ပိတ်မိနေတဲ့သဘောဖြစ်နေတယ်” ဟု ထိုသူက ယမန်နေ့ ညနေ ၅ နာရီခန့်က ပြောသည်။ 

MI35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးသည် ရေဦး၊ ကန့်ဘလူ၊ ခင်ဦးအစပ်မှ ကျေးရွာများဖြစ်သော ကျောက်တိုင်၊ ကြည်စု၊ ပင်စိမ်းခင်း၊ မုံလှတို့ကို တရစပ်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါလေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံး၊ ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရှိရသေးပေ။ 

စစ်ကောင်စီတပ်သည် မူးမြစ်တစ်လျှောက်ရှိ ကန့်ဘလူ၊ တန့်ဆည်၊ ခင်ဦး၊ ရေဦးမြို့နယ်များတွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး အဆိုပါဒေသရှိကျေးရွာများကို နေ့စဉ် မီးရှို့နေခြင်းဖြစ်သည်။

မီးရှို့ခံရသော ခင်ဦးမြို့နယ်၊ လက်ပံကြီးရွာကို နိုဝင်ဘာ ၂၁ က တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

ယမန်နေ့ နိုဝင်ဘာ ၂၂ က စစ်သားအင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းသည် ကန့်ဘလူမြို့နယ် ကြည်စုရွာ၊ ကျောက်တိုင်ရွာကို ဝင်ရောက်စီးနင်းမီးရှို့ပြီး ပြန်ထွက်လာသော စစ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက အကြိမ်ကြိမ်ပိတ်ဆို့တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

ယနေ့ နံနက်တွင် ကြည်စုရွာနှင့် တစ်မိုင်အကွာ ရေဦးမြို့နယ် ပင်စိမ်းခင်းရွာကို မီးရှို့ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ 

ထို့နောက် ခင်ဦးမြို့နယ် မုံလှရွာဘက်သို့ ထွက်လာသည့်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝိုင်းဝန်း ပိတ်ဆို့ထားစဉ် စစ်တပ်က လေကြောင်းမှ လာရောက်ပစ်ခတ်ခဲ့ကြောင်း ကြည်စုရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ယောက်က ပြောသည်။

“နည်းနည်းပြင်းထန်တယ် ၊ လေယာဉ်နဲ့ကို တအားပစ်နေတာ။ သူတို့က ပင်စိမ်းခင်းနဲ့ မုံလှကြားကို ရောက်နေတာဗျ၊ တစ်ဖက်မှာ ရေအများကြီးရှိတဲ့ မူး (မြစ်) ရှိနေတော့ ပိတ်သလိုဖြစ်နေတော့ သူတို့ စစ်ကူတောင်းတာ၊ လေယာဉ်နဲ့ လာပစ်တာ” ဟု ထိုသူက ဆိုသည်။

ယမန်နေ့က စစ်ကောင်စီတပ်သည် စစ်ကြောင်းများဖြန့်ခွဲကာ ရေဦးမြို့နယ်ပင်စိမ်းခင်းရွာများကိုလည်းကောင်း၊ တန့်ဆည်မြို့နယ် နနွင်းတောရွာကိုလည်းကောင်း မီးတင်ရှို့ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ 

ထို့အတူ ခင်ဦးမြို့နယ်မြောက်ပိုင်းနှင့် တောင်ဘက်ခြမ်းတွင်လည်း အင်အားရာနှင့်ချီသည့် စစ်ကြောင်းနှစ်ခုရှိနေပြီး နေ့စဉ် ကျေးရွာများကို မီးရှို့နေကြောင်း၊ ယမန်နေ့ကလည်း ခင်ဦးမြောက်ပိုင်းမှ သောက်ကန်ရွာကို မီးတင်ရှို့ကြောင်း သိရသည်။

ယမန်နေ့နံနက် ၁၀ နာရီခန့်မှစတင်ကာ PDF တပ်ရင်းများအပါအဝင် ဒေသခံကာကွယ်ရေးပူး ပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ ထိခိုက်မှုများရှိကြောင်း အဆိုပါ တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် ဒေသခံကာကွယ်ရေးအဖွဲ့ဖြစ်သည့် Kantbalu Underground Warriors အဖွဲ့မှ ကိုဝေကြီးက ပြောသည်။

“အဲရွာကနေအထွက်ကို ပစ်ကွင်းထဲ ရောက်လာတော့ မိုင်းဆွဲပြီး ပစ်ကွင်းထဲရောက်အခါ ဝိုင်းပစ်တယ်၊ ဒီက လက်နက် ကြီးတွေ ကူပစ်တယ်။ ဆယ်ယောက်လောက်ထိ ကျနိုင်တယ်။ ကျန်တဲ့ဟာတွေကတော့ လက်နက်တွေ ကောက်သွားတယ်၊ တစ်ယောက်ကတော့ ဗိုလ်ဖြစ်ဖို့များတယ်။ လူကိုပါ ရအောင် ဆွဲသွားတယ်။ ကျန်တဲ့သူ ဆွဲထုတ်မသွားဘူး” ဟု သူက ဆိုသည်။

ကာကွယ်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုခံရသည့် စစ်သားများသည် ပင်စိမ်းခင်းရွာထဲသို့ ပြန်လည်ဝင်ရောက်သွားပြီးနောက် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်သဖြင့် မုံလှရွာမှ အသက်၄၀ ခန့်အရွယ် မမြဆိုသည့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိသည်။

မီးရှို့ခံရသော ခင်ဦးမြို့နယ်၊ ပေါင်းလဲကုန်းရွာအတွင်း နိုဝင်ဘာ ၂၁ က တွေ့ရသော ရွာခံအမျိုးသားတစ်ဦး။ (ဓာတ်ပုံ- Myanmar Now)

စစ်သားများ နိုဝင်ဘာ ၂၂ တွင် မီးရှို့သည့် ကြည်စုရွာသည် ကန့်ဘလူမြို့နယ်တောင်ဘက် ၂၆ မိုင်အကွာတွင်ရှိသည့် မွတ်စလင်ကျေးရွာတစ်ခုဖြစ်သည်။ ယခင်ကလည်း မီးရှို့ခံရဖူးကာ အိမ်‌ခြေ ၁၀၀၀ရှိသည့်အနက် နေအိမ် ၃၀၀ ကျော် ပြာကျခဲ့သည် ။ ယခုတစ်ကြိမ်မီးရှို့မှုတွင် လက်ကျန်အိမ်အားလုံးနီးပါး ပြာကျနိုင်ကြောင်း ကြည်စုရွာဒေခံတစ်ဦးက ပြောသည်။

“ဘာမှကို မကျန်တော့ဘူး။ ပထမတစ်ခေါက်က မီးရှို့လို့ လူနေတဲလေးတွေ ဝါးလေးတွေ ထန်းလက်လေးတွေနဲ့ လုပ်ထားတာ၊ အဲဒါကို အကုန်မီးရှို့သွားတာ” ဟု ကြည်စုရွာ ဒေသခံတစ်ဦးက နိုဝင်ဘာ ၂၃ တွင် ပြောသည်။

အဆိုပါရွာအတွင်းသို့ ယမန်နေ့ညနေက မီးဝင်ရောက်ငြှိမ်းရန် ကြိုးစားသည့် ဒေသခံကာကွယ်ရေးအဖွဲ့များ စစ်ကောင်စီ၏ နောက်ချန် ကင်းပုန်းနှင့် ထိပ်တိုက်တိုးကာ တိုက်ခိုက်ခံရပြီး အဖွဲ့ဝင်နှစ်ဦး အဆက်အသွယ်ပြတ်နေကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုစောက ပြောသည်။

“(စစ်သားတွေ) အထွက်ပြတော့ ကျွန်တော်တို့အဖွဲ့က သွားပြီးတော့ ကယ်တယ်၊ သွားပြီးတော့ မီးငြှိမ်းဖို့လုပ်တော့ ကျွန်တော်တို့အဖွဲ့တွေ အနီးကပ်ဆော်ခံရတယ်၊ အကုန် ဒဏ်ရာတွေရကုန်တာ။ နှစ်ယောက်ကတော့ လုံးဝ အဆက်အသွယ်ပြတ်သွားပြီ”

ယခု လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခံခဲ့ရသည့် နေရာများကို ဇူလိုင်လက လေကြောင်းနှင့် မြေပြင်စစ်ကြောင်းများဖြင့် တိုက်ခိုက်ရာ အရပ်သားများအပါအဝင် ကာကွယ်ရေးအဖွဲ့ဝင် ၁၂ ဦးအထိ သေဆုံးခဲ့သည်။

ကန့်ဘလူမြို့နယ်အတွင်းမှ စတင်စစ်ကြောင်းထိုးလာသည့် ၁၀၀ ဝန်းကျင်ခန့်ပါ စစ်ကြောင်းနှစ်ခုသည် ခင်ဦးမြို့နယ်မှ ဆီဆုံလေး၊ မဒေါင်းကြီး၊ ရွှေကာ၊ ကန့်ဘလူမြို့နယ်မှ ကျောက်တိုင် စသည့်ရွာများကို ရွာလုံးကျွတ် မီးတင်ရှို့ခဲ့သည်။

စစ်ကြောင်းထိုးရာတစ်လျှောက်တွင် ဒေသခံ တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွဲဖြစ်သလို မိုင်းဒဏ်ကြောင့် စစ်ကောင်စီ တပ်သားအများအပြား သေဆုံးခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ 

ကန့်ဘလူမြို့နယ်မှ ခင်ဉီးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်က ခင်ဦးနယ် နဒေါင်းလှရွာတွင် တပ်စွဲထားသည့် ပြည်သူ့စစ် ခေါ် ပျူစောထီးတပ်နှင့် ပေါင်းကာ စစ်ကြောင်း နှစ်ကြောင်းခွဲထိုးနေသည်။

စစ်ကိုင်းတိုင်းသို့ မကြာသေးမီက သွားရောက်ခဲ့သော ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ၎င်း၏ မိဘဘိုးဘွားများ၏ဇာတိ ရေစကြိုမြို့တွင် နေအိမ်များမီးရှို့ခံနေရပုံအကြောင်းကို သူ၏ ဘလော့စာမျက်နှာတွင် ရေးသားခဲ့သည်။

“ပြီးခဲ့တဲ့ တစ်နှစ်ကျော်အတွင်း အဖြစ်အပျက်တွေကတော့ ဂျပန်ခေတ်မီခဲ့သူတွေရော၊ လွတ်လပ်ရေးရပြီးစ စစ်မက်ထူပြောတဲ့အချိန်ကို ဖြတ်သန်းခဲ့သူတွေရောအားလုံးကို တုန်လှုပ်ချောက်ချားသွားစေတယ်” ဟု သူက ရေးထားသည်။

ဖက်ဆစ်ဂျပန်ခေတ်တွင် ရွာမီးရှို့မခံခဲ့ရသလို လွတ်လပ်ရေးခေတ်နောက်ပိုင်း စစ်ပွဲများတွင်လည်း ရွာများ မီးမသင့်ခဲ့ဟု သူက ရေးထားသည်။

မြန်မာပြည်သူတို့ အသုံးများသည့် facebook တွင်လည်း သူက ထိုဆောင်းပါး ဖော်ပြထားရာ စစ်အရာရှိဟောင်းဟု ယူဆရသူ ဦးထင်အောင်ကျော်က သက်သေရှိမှ ရေးသားရန် မှတ်ချက်ပေးထားသည်။

ဦးရဲထွဋ်က သက်သေများ ရနိုင်သည့် နည်းလမ်းရှိသည်ဟု ပြန်လည် တုံ့ပြန်ထားသည်။

“သက်သေအထောက်အထားလိုချင်ရင် လွယ်ပါတယ်။ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရှိတာပဲ။ ကော်မရှင်က ပေ့ချ်တစ်ခုဖွင့်ပြီး မီးရှို့တာနဲ့ ပတ်သက်တဲ့ ဗီဒီယိုဖိုင်တွေ တင်ပေးလို့ရတယ်၊ တင်တဲ့အတွက် အရေးယူမခံရဘူးလို့ ကတိပေးတယ်၊ ဗီဒီယိုဖိုင်တွေက ပေါ်ထွက်လာတဲ့ အထောက်အထားများအရ စုံစမ်းစစ်ဆေးမယ်လို့ ကြေညာလိုက်ရင် ရပါတယ်” ဟု  ဦးရဲထွဋ်က မှတ်ချက်ပြန်ရေးထားသည်ကို တွေ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button