သတင်း

မင်းအောင်လှိုင် သေဘေးဆိုက်မည့်ကိစ္စ မျှဝေမိသူ မီးရထားဝန်ထမ်း ဖမ်းခံထားရ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ယာဉ်တန်းကို ရထားတစ်စီးက ဝင်တိုက်လုနီးပါး ဖြစ်ခဲ့ကြောင်း Facebook တွင် မျှဝေခဲ့သည့် မီးရထားဝန်ထမ်းတစ်ဦးကို ဖမ်းဆီးကာ ထောင်သုံးနှစ် ချနိုင်သည့် ဆူပူစေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ – က ဖြင့် အမှုဖွင့်ထားသည်။

စစ်ကောင်စီ ဖမ်းဆီးထားသူမှာ နေပြည်တော်ဘူတာကြီးတွင် အငယ်တန်းစာရေး တာဝန်ထမ်းဆောင်နေသည့် အသက် ၃၅ နှစ်အရွယ် ဦးရဲကိုကိုဖြစ်ကြောင်း၊ ၎င်းနေထိုင်သည့် ပုဗ္ဗသီရိမြို့နယ်ရှိ ဝန်ထမ်းလိုင်းခန်းသို့ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ရောက်လာ ပြီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“အဖွဲ့လိုက်စစ်ဆေးမယ်ဆိုပြီး လာခေါ်သွားတာပဲ။ စစ်ပြီး ပြန်လွှတ်မယ်ပြောတော့ ဒီလိုပဲ ပြီးသွားမယ်ထင်တာ။ ခု ရဲစခန်းမှာ အဖမ်းခံထားရပြီ” ဟု မိသားစုနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ဗုဗ္ဗသီရိမြို့နယ် ထုံးဖိုရဲစခန်း၌ ဖမ်းခံထားရသည့် ဦးရဲကိုကိုမှာ အဆုတ်ကူးစက်ရောဂါ၊ တီဗီပိုးရှိသူဖြစ်၍ ပုံမှန်ဆေးကု၊ ဆေးသောက်နေရပြီး ဝန်ထမ်းလိုင်းခန်းတွင် ကျန်ရစ်သည့် ဇနီးနှင့် သမီးမှာလည်း မရေရာမှုများနှင့် စိတ်သောကရောက်နေရသည်ဟု ၎င်းက ဆိုသည်။

“(နေမကောင်းဖြစ်ရာမှ) ထူထူတောင်ထောင်ဖြစ်လာတာ တစ်လလောက်ပဲရှိသေးတယ်။ ခု ဒီလိုဖြစ်တာပဲ။ မိသားစုက တစ်ပူပေါ် နှစ်ပူဆင့်မှာလည်း ကြောက်နေတယ်။ မိန်းမဆို အရူးမီးဝိုင်းပဲ။ သမီးလေးတစ်ယောက်ရှိတယ်။ ငယ်ငယ်လေးပဲ။ ခုဆို လိုင်းခန်းကနေ ဖယ်ရှားခံရတော့မလား။ ယောက်ျားကလည်း ထောင်ထဲမှာဆိုတော့လေ” ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၁၉ ညနေ၆နာရီခန့်က ကားလမ်းနှင့် မီးရထားလမ်းဆုံရာ နေပြည်တော် ပျဉ်းမနားဘူတာအနီး မိုင်တိုင် ၂၂၆/၁၆-၁၇တွင် မင်းအောင်လှိုင်၏ ယာဉ်တန်းဖြတ်သန်းစဉ် ရထားတစ်စင်း ဝင်တိုက်လုနီးပါးဖြစ်ခဲ့ရာ ရထားမောင်းသူ ဖိုးလပြည့် ဖမ်းဆီးခံရသည်ဆိုသော သတင်းကို ဦးရဲကိုကိုက Facebook တွင် မျှဝေခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်ကို အသေးစိတ်အတည် မပြုနိုင်သေးပါ။

“နိုင်ငံရေးသတင်းတွေ၊ စစ်တပ်မကောင်းပြောတာတွေ၊ တော်လှန်ရေးလူငယ်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပတ်သက်တာမျိုးဆိုရင် ဘယ်(အစိုးရ)ဝန်ထမ်းကိုမှ အလွတ်မပေးဘူး” ဟု နေပြည်တော်ရှိ ဝန်ကြီးဌာနတစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် အမျိုးသားဝန်ထမ်းတစ်ဦးက ပြောသည်။

“လူမှုကွန်ရက်(Facebook)ကရော ရုံးတွင်းမှာရော စောင့်ကြည့်ခံနေရတာ။ သူတို့နဲ့ ပတ်သက်တယ်၊ သတင်းထွက်တယ်၊ သံသယရှိရင်တော့ တန်းခေါ်ပြီး စစ်ဆေးမေးမြန်းတော့တာပဲ။ ဝန်ထမ်းအချင်းချင်းလည်း မယုံရဘူး” ဟု ၎င်းက ဆက်ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် အစိုးရဝန်ထမ်းအများအပြား လုပ်ငန်းခွင်ကို စွန့်ခွာ၍ CDM တွင် ပါဝင်နေကြရာ မီးရထားဝန်ထမ်းများလည်း ထိပ်ဆုံးမှ ပါဝင်နေသည်။

စစ်ကောင်စီ သက်တမ်း နှစ်နှစ်ပြည့်ခါနီးအထိ တစ်နိုင်ငံလုံးတွင် မီးရထားခရီးစဉ်များစွာ ရပ်ဆိုင်း၊ ရွှေ့ဆိုင်းထားဆဲဖြစ်ပြီး မီးရထားဝန်ထမ်းတို့၏ အာဏာဖီဆန်မှု မည်မျှသက်ရောက်မှုကြီးမားသည်ကို တွေ့နိုင်သည်။

စစ်ကောင်စီကလည်း CDM မီးရထားဝန်ထမ်းများကို ပစ်မှတ်ထား နှိပ်ကွက်နေပြီး နေအိမ်လိုင်းခန်းများမှ အတင်းအကျပ် ဖယ်ရှားခိုင်းခြင်း၊ ဖမ်းဆီးအမှုဖွင့်ခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button