မြန်မာနိုင်ငံသည် အာရှတွင် နိုင်ငံရပ်ခြားရောက် အိမ်အကူအလုပ်သမား အများဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။
(ရန်ကုန်) – လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုများ တားဆီးရေး အပါအဝင် အိမ်အကူများ၏ အခွင့်အရေးများကို အကာအကွယ်ပေးနိုင်သည့် ဥပဒေတစ်ရပ် ရေးဆွဲပေးရန် အလုပ်သမား အဖွဲ့အစည်းများက အစိုးရကို ယနေ့(ဇွန်လ၁၆ရက်)တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အိမ်အကူအလုပ်သမားများနေ့တွင် တောင်းဆိုလိုက်သည်။
“အိမ်အကူတစ်ယောက် ငှားလိုက်ပြီဆိုကတည်းက အလုပ်ရှင်က ပုဒ်ပြတ်ငှားလိုက်ပြီး ခေါ်ထားလိုက်တာ အိမ်အကူဆိုတော့ အလုပ်ရှင်အိမ်မှာပဲအိပ်၊ အဲ့မှာပဲနေဆိုတော့ တကယ့်တကယ် သိလိုက်ရတဲ့အချိန်မှာ သူတို့တွေမှာ နှိပ်စက်ခံရပြီးတဲ့ အချိန်တွေပဲ ဖြစ်နေတယ်။ ဒါက သူတို့အတွက် လုံခြုံတဲ့ဥပဒေတစ်ရပ် မရှိလို့ ဒီလိုအနှိပ်စက်ခံရပြီးမှ ကျွန်မတို့တွေက သိရတာပဲ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားများအဖွဲ့ချုပ် ရွေ့ပြောင်းအလုပ်သမား၊ ကလေးအလုပ်သမားနှင့် အိမ်တွင်းအလုပ်သမားဌာန (CTUM) မှ ဌာနမှူး ဒေါ်ထွေးထွေးသိန်းက Myanmar Now သို့ ပြောသည်။

အိမ်အကူများသည် တစ်ရက်လျှင် ၈နာရီထက် ကျော်လွန်လုပ်ကိုင်မှုများ၊ နှိပ်စက်ခံနေရမှုများသည် အိမ်အကူများအတွက် သီးခြားဥပဒေ မရှိသည့်အတွက် ဖြစ်ကြောင်း အလုပ်သမား အဖွဲ့အစည်းများက ထောက်ပြခဲ့သည်။
အဆိုပါဥပဒေ ပြဌာန်းပြီးပါက အိမ်အကူအလုပ်သည် အလုပ်အကိုင်တစ်ခုအဖြစ် ဖြစ်လာမည်ဖြစ်ပြီး သိန်းနှင့်ချီသည့် ပြည်တွင်းပြည်ပမှ မြန်မာအိမ်အကူလုပ်သားများ၏ အခွင့်အရေးကို အကာအကွယ်ပေးနိုင်မည်ဖြစ်ဟု အလုပ်သမားအဖွဲ့အစည်းများက မျှော်လင့်နေကြသည်။


မြန်မာသည် အာရှတိုက်တွင် ဖိလစ်ပိုင်နောက် ပြည်ပသို့ အိမ်အကူအလုပ်သမား သွားရောက်မှု ဒုတိယအများဆုံး နိုင်ငံလည်းဖြစ်သည်။
“အာရှမှာဆိုရင် အိမ်အကူတင်ပို့မှုအများဆုံးက ဖိလစ်ပိုင်နိုင်ငံ အများဆုံးဖြစ်တယ်။ အာရှမှာပဲ ဖိလစ်ပိုင်ပြီးရင် ဒုတိယအများဆုံးက မြန်မာနိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဥပဒေစောင့်ရှောက်မှု မရှိတာကိုတော့ ကျွန်မအနေနဲ့ စိတ်ကူးလို့တောင်မရဲဘူး” ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဆက်သွယ်ရေး အရာရှိချုပ် Piyamal Pichawonge က အခမ်းအနားတွင် ပြောသည်။


အိမ်အကူများအတွက် ဥပဒေတစ်ရပ်သာ ပြဌာန်းသတ်မှတ်လိုက်မည်ဆိုပါက အလုပ်သမားများအတွက်သာ အခွင့်အရေးနှင့်လုံခြုံမှုကို ရရှိမှာမဟုတ်ဘဲ အလုပ်ရှင်တွေအတွက်ပါ အကျိုးသက်ရောက်မှုများ ရှိသည်ဟု သူက ပြောသည်။
အိမ်အကူအလုပ်သမားများကို အလုပ်သမားအဖြစ် အသိအမှတ်ပြုခြင်း၊ အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ်များ ချုပ်ဆိုခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် အိမ်အကူအလုပ်သမားနှင့် အလုပ်ရှင်အကြား ပြသနာဖြစ်ပွားမှု လျော့နည်းလာနိုင်မည်ဟု အနာဂါတ်အလင်းတန်းအဖွဲ့မှ ဥက္ကဌ ဒေါ်သက်သက်အောင်က ပြောသည်။
“ညှင်းဆဲမှုတွေဖြစ်လာပြီး ဖြေရှင်းရတိုင်း ကျွန်မတို့က ရာဇဝတ်ကြောင်းအရပဲ ဖြေရှင်းနေရတယ်။ ဖိလစ်ပိုင်လိုမျိုးဆိုရင် သူ့နိုင်ငံက အိမ်အကူတွေနဲ့ပတ်သက်လို့ ခံစားခွင့်၊ ရပိုင်ခွင့် အပြည့်အဝ ပေးထားတဲ့အတွက် သိပ်ကောင်းတယ်။ တစ်နည်းအားဖြင့် အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုများတာပေါ့။ ဒီအတွက် အိမ်အကူအားလုံးကိုယ်စား တောင်းဆိုရခြင်း ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
အလုပ်သမားအဖွဲ့အစည်းများက မြန်မာနိုင်ငံတွင် အိမ်အကူအလုပ်သမားများ၏အခွင့်အရေးအတွက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ပြဌာန်းချက်အမှတ် (၁၈၉) အား အစိုးရမှ အတည်ပြု လက်မှတ်ရေးထိုးရန်လည်း တောင်းဆိုခဲ့ကြသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












