သတင်း

လောင်းလုံးတွင် စစ်တပ်က ဆိုင်ကယ်စီးလူငယ် ၂ ဦးကို ပစ်သတ်

နိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်က ဆိုင်ကယ်စီး လူငယ် ၂ ဦးကို နိုဝင်ဘာ ၂၀ မွန်းလွဲပိုင်းက ပစ်သတ်သွားပြီး ၁ ဦးကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရသည်။

သေဆုံးသူတို့မှာ  သဗျာရွာမှ ၁၄ နှစ်အရွယ် မောင်အောင်ဝေယံ၊ ပဥ္စသီမော်ရွာမှ အသက် ၃၁ အရွယ် ကိုကျော်လွင်ဦးတို့ဖြစ်သည်ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ 

လောင်းလုံမြို့အဝင် ဆိုင်ကယ် ကိုယ်စီး စီးနင်းလာသူနှစ်ဦးကို ဗွေဆော်ဦး ပစ်ခတ်ခြင်းဖြစ်ပြီး ကိုကျော်လွင်ဦး သေဆုံးကာ အခြား တစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း၊  ရိုက်နှက် ဖမ်းဆီးခံရသူမှာ အသက်နှစ်ဆယ်ခန့်အရွယ်လူငယ်ဖြစ်သည်ဟုသာ သိရကြောင်း  ၎င်းက ဆိုသည်။

သဗျာရွာမှ ဆိုင်ကယ်နှင့် လာကြသော မောင်အောင်ဝေယံနှင့် နှမဖြစ်သူမှာ ထိုပစ်ခတ်မှုကြောင့်  ရှေ့ဆက်မသွားရဲ၍ နောက်ပြန်လှည့်စဉ် အပစ်ခံရကာ မောင်အောင်ဝေယံသေဆုံးကြောင်း ၎င်းက ပြောသည်။

“စစ်ဆေးနေတာကို အစစ်မခံဘဲ ပြေးတဲ့ပုံစံလည်းမဟုတ်ဘူး။ အဲဒီနားမှာ စစ်ဆေးနေတာလည်း မဟုတ်ဘူး။ သူတို့လာတယ်။ လာတာကို နောက်က လိုက်ပစ်တယ်” ဟု မျက်မြင်များကို ကိုးကား၍ ၎င်းက ဆိုသည်။

မောင်အောင်ဝေယံ၏ နှမဖြစ်သူမှာ ကျည်ထိမှန်သော်လည်း ဒဏ်ရာမစိုးရိမ်ရဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။  

လောင်းလုံမြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးရုံးတွင် တပ်စွဲသည့် ရဲနှင့် စစ်သား ၁၀ ဦးခန့်က ကားနှစ်စီးဖြင့် လိုက်လံပစ်ခတ်ခြင်းဖြစ်ကာ ယခုလုပ်ရပ်သည် စစ်ကောင်စီတပ်၏ ပြည်သူလူထုကို လူသိရှင်ကြား အကြမ်းဖက် အနိုင်ကျင့်သည့်လုပ်ရပ်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကိုကျော်လွင်ဦးသည် လမ်းဘေးမြောင်းတွင်သေဆုံးခဲ့ပြီး မောင်အောင်ဝေယံမှာ ထားဝယ်ဆေးရုံသို့ပို့စဉ် သွေးထွက်လွန်သေဆုံးခဲ့ကြောင်း ထားဝယ်အခြေစိုက် Dawei Watch သတင်းဌာနက နိုဝင်ဘာ ၂၀ တွင် ရေးသားဖော်ပြထားသည်။ 

ကိုကျော်လွင်ဦးကို မနက်ဖြန် (နိုဝင်ဘာ ၂၂) မွန်းလွဲ ၁၂ နာရီအချိန် ပဥ္စသီမော်ရွာ သုသာန်တွင် မီးသင်္ဂြိုလ်မည်ဟု သိရသည်။

ပစ်ခတ်မှုတွင် သေဆုံးသွားသည့် ကိုကျော်လွင်ဦး၏ နာရေးဖိတ်စာ

လူငယ်များကို နေ့ခင်းဘက် လမ်းပေါ်တွင် ပစ်ခတ်မှု၊ ဖမ်းဆီးမှုများနှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသလို Myanmar Now အနေဖြင့် စစ်ကောင်စီ တာဝန်ရှိသူတို့ကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပါ။ 

အာဏာသိမ်းချိန်မှစ၍ ၂၀၂၂ အောက်တိုဘာလကုန်အထိ အပြစ်မဲ့ပြည်သူ ၂၅၂၅ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က လက်လှမ်းမီသမျှ ပြုစုထားသည့် မှတ်တမ်းများအရ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button