သတင်း

ဖလမ်းတွင် စစ်စခန်းသိမ်းရန် CNDF ကြိုးပမ်း၊ လေတပ်ပစ်ခတ်မှုနှင့် ရင်ဆိုင်နေရ 

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းတစ်ခုကို ၆ ရက်ကြာ ထိုးစစ်ဆင်နေသော်လည်း စခန်းအတွင်းမှ ခုခံမှုအပြင် လေတပ်၏တိုက်ခိုက်မှုကိုပါ ရင်ဆိုင်နေရသဖြင့် စခန်းမသိမ်းနိုင်သေးကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။ 

မြို့မြောက်ဘက် မိုင် ၅၀ ခန့်အကွာရှိ သီးဘွာလ် စစ်ကောင်စီစခန်းကို CNDF က နိုဝင်ဘာ ၁၅ ရက် နေ့ကတည်းက တိုက်ခိုက်နေခြင်း ဖြစ်သည်။ 

မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းအနီး အဆိုပါစခန်းသည် စစ်တပ် အာဏာမသိမ်းမီက အင်အား ၁၀ ဦးခန့်သာ စခန်းချတပ်စွဲသည့် နေရာဖြစ်သော်လည်း ယခုတွင် ၃၄ ဦး တပ်စွဲထားကြောင်း သိရသည်။

ခြံစည်းရိုးသုံးထပ်ဖြင့် အခိုင်အမာဆောက်ထားသည့် ထိုစခန်းကို သိမ်းနိုင်ရေး CNDF နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့ဖြစ်သည့် Mountain Eagle Defence Force အဖွဲ့တို့ ဒရုန်းဖြင့် အကြိမ် ၃၀၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲယခင်ရက်များက အရွယ်စုံဒရုန်းများဖြင့် အဆက်မပြတ် တိုက်ခိုက်ခဲ့သည်။ 

နိုဝင်ဘာ ၁၉ ရက်မှစတင်၍ စစ်တပ်က ဂျန်မာ ခေါ် ဆက်သွယ်ရေးလိုင်းဖြတ်တောက်စက်များ သုံးလာသည်ဟု CNDF ပြောရေးဆိုခွင့် ရှိသူ ကိုကျုံးငိုင်းက ပြောသည်။

“၁၉ ရက်နေ့မတိုင်ခင်ထိ ဒရုန်းနဲ့ချတယ်။ သူတို့စခန်းလည်း တော်တော်ပျက်သွားပါပြီ။ ၁၉ ရက်နေ့ နောက်ပိုင်းမှာ သူတို့မှာ ဂျန်မာ ပါလာတော့ ဒရုန်းသုံးလို့မရတော့ဘူး ဖြစ်သွားတယ်။ ဒရုန်းနဲ့က သူတို့ တော်တော်များများ အထိနာတယ်။ စခန်းကလည်း ခြံစည်းရိုး သုံးထပ်ကာထားတော့ စခန်းထိတက်လို့ သိပ်မလွယ်တော့ ဒရုန်းကို ပိုအသုံးချဖြစ်တယ်”

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ နီးပါး သေဆုံးကြောင်း၊ အများစုမှာ ဒရုန်းဖြင့်တိုက်ခိုက်မှုအတွင်း ထိခိုက် သေဆုံးခြင်းဖြစ်ကြောင်း CNDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

“အထိနာတဲ့အတွက် အရင် ၃၄ ယောက်ထဲမှာ ၉ ယောက်လောက်ပဲ အသက်ရှင်ကျန်ရစ်တယ်။ အဲဒါတောင် အကောင်းအတိုင်းမဟုတ်ဘူး။ ဒဏ်ရာအပြင်းအထန်တွေနဲ့ဆိုတော့ ဒရုန်းကြောင့် တော်တော်များများ ၉၀ ရာခိုင်နှုန်းလောက်က အသာရခဲ့တယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုအရေအတွက်နှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။ 

Mountain Eagle Defence Force အဖွဲ့အဆိုအရ ဒလက် ၆ ခု ပါဝင်ပြီး ၁၅ ကီလိုခန့်အထိ သယ်နိုင်သည့် အကြီးစားဒရုန်း၊ ၄ ကီလိုခန့်အထိ သယ်ဆောင်နိုင်သည့် အလတ်စားဒရုန်းနှင့် တစ်ကီလိုခန့်အထိ သယ်ဆောင်နိုင်သည့် အသေးစားဒရုန်းများ အသုံးပြုခဲ့သည်ဟု သိရသည်။ 

“အသေးတွေကကျတော့ စစ်ကူသဘောမျိုးနဲ့ အချိန်မရွေး အမြဲတမ်းပျံဝဲနေတာ။ အဓိက အချက်အချာကျတဲ့ ဘန်ကာတွေ၊ သူတို့နေအိမ်တွေ ဖြိုခွဲတာကျတော့ ဒလက် ၆ ခုပါတဲ့ ဒရုန်းတွေနဲ့ အကြီးတွေနဲ့ ဖြိုခွဲတာ ဖြစ်တယ်” ဟု MEDF တာဝန်ရှိသူက ပြောသည်။ 

“တိုက်ပွဲမှာ ၈၀ ရာခိုင်နှုန်းလောက်အထိ ဒရုန်းက စွမ်းဆောင်ပေးခဲ့တာဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။ 

သို့ရာတွင် စက်ချို့ယွင်းမှုကြောင့် ဒလက် ၆ ခုပါ ဒရုန်းအကြီးတစ်ခုနှင့် ဒရုန်းအသေး ၃ ခု ဆုံးရှုံးခဲ့သည်ဟု အဆိုပါ တာဝန်ခံက ပြောသည်။ 

စစ်တပ်စခန်းဝင်းအတွင်း ကတုတ်ကျင်းများအလယ်ရှိ အဆောက်အအုံ ၃ ခုထက်မနည်း ခေါင်မိုးများ ပျက်စီးနေသည်ကို ‌ချင်းအမျိုးသားအဖွဲ့ချုပ် (Chin National Organization-CNO) က ယမန်နေ့က ထုတ်ပြန်သည့် ဓာတ်ပုံများတွင် တွေ့ရသည်။

စစ်တပ်စခန်းဝင်းအတွင်းအဆောက်အအုံတချို့ ပျက်စီးနေသည်ကို ‌တွေ့ရစဉ်။ (ဓာတ်ပုံ-CNO) 

စစ်ကောင်စီစခန်းကို တိုက်ခိုက်

နိုဝင်ဘာ ၁၅ ရက် နံနက် ၅ နာရီဝန်းကျင်တွင် စစ်တပ်စခန်းကို စတင်တိုက်ခိုက်ရာ ၃ နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 

နောက်တစ်နေ့ နိုဝင်ဘာ ၁၆ နှင့် ၁၇ တို့တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး ထိုနှစ်ရက်လုံး တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၈ နံနက်အစောပိုင်းတွင် CNDF က စစ်တပ်စခန်းကို ထပ်မံတိုက်ခိုက်ခဲ့သလို စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။ 

နိုဝင်ဘာ ၁၉ တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး လေတပ်က စခန်းအနီးဝန်းကျင်ကို နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ပစ်ခတ်ခဲ့ကြောင်း CNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“စခန်းက သိမ်းလုဆဲဆဲပဲ။ ၁၉ ရက်နေ့မှာ ဂျက်နှစ်စီးနဲ့ Mi 35 စစ်တပ်သုံး ရဟတ်ယာဉ် ၅ စီးနဲ့ လာပစ်တဲ့အခါကျတော့ စစ်ကူလည်းချတဲ့အခါကျတော့ သိမ်းခါနီးဆဲဆဲမှာပဲ အဲဒီလို ဖြစ်သွားတဲ့အတွက် သိမ်းမရဘူးပေါ့။ မသိမ်းလိုက်ရဘူးပေါ့” ဟု ကိုကျုံးငိုင်းက ဆက်ပြောသည်။

ထိုနေ့ ညနေတွင် မြေပြင်မှ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို စခန်းအနီးရှိ ဘွာသဲလ်ရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ယမန်နေ့ (နိုဝင်ဘာ ၂၀) ကလည်း စခန်းအနီးချည်းကပ်သည့် CNDF  တပ်ဖွဲ့ဝင်များ လေကြောင်းမှ ပြန်လည် တိုက်ခိုက်ခံရသည်၊ စစ်ကောင်စီရဟတ်ယာဉ်များက ထိုစခန်းကို ရိက္ခာနှင့် လက်နက်များ သွားရောက် ချထားပေးခဲ့ကြောင်း CNDF က ထုတ်ပြန်သည်။ 

ယမန်နေ့ နံနက်ပိုင်းတွင် CNDF လက်ဖြောင့်တပ်သားများ၏ ချောင်းမြောင်းပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ကျည်ဆန် ၂၀၀ သိမ်းဆည်းရမိသည်ဟု CNDF ဘက်က ဆိုသည်။

ယနေ့ နိုဝင်ဘာ ၂၁  နံနက်အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း CNDF ထံမှ သိရသည်။

တိုက်ခိုက်မှုများအတွင်း ပူးပေါင်းတပ်ဘက်မှ ချင်းဒေသကာကွယ်ရေး (CNDF) အဖွဲ့ဝင် ၄ ဦး ထိခိုက် ဒဏ်ရာရသွားသည်၊ ကြိုတင်ပြင်ဆင်ထားသည့်အတွက် ထိခိုက်မှုနည်းပါးခြင်းဖြစ်သည်ဟု CNDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

တိုက်ပွဲများစတင်ဖြစ်ပွားချိန်ကတည်းက ဒေသခံတစ်ထောင်ကျော်မှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသွားသည့်အတွက် အရပ်သားထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း သိရသည်။

သက်တမ်းရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) ၏ နယ်စပ်စခန်းကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ရန် စစ်တပ်က စီစဉ်နေကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက သတင်းပေါက်ကြားခဲ့သည်။ 

အလားတူ ယခုနှစ် ဩဂုတ်လအတွင်း နေပြည်တော်အစည်းအဝေးတစ်ခုမှ ပေါက်ကြားလာသည့် တပ်တွင်းလျှို့ဝှက်ညွှန်ကြားစာတစ်စောင်တွင်လည်း ဒရုန်းတိုက်ခိုက်ခံရမှုကို သတိထားရမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောခဲ့ကြောင်း ဖော်ပြထားသည်။  

စက်တင်ဘာ တတိယပတ်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း ဒရုန်းကို ဟန့်တားနိုင်သည့် ဆက်သွယ်ရေးဖြတ်တောက်စက်များ၊ ဒရုန်းပစ်ချနိုင်သည့် လက်နက်များကို စစ်စခန်းများ၊ စစ်ကြောင်းများ၌ တပ်ဆင်နေပြီဟု ထုတ်ဖော်ပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button