သတင်း

ကျိုက်မရောတိုက်ပွဲတွင် အရပ်သား ၃ ဦး သေဆုံး၊ ဒဏ်ရာရသူ များပြား

ယနေ့ (နိုဝင်ဘာ ၂၁) နံနက်ပိုင်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ တိုက်ခိုက်မှုတို့ကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားကြောင်း သိရသည်။

အမျိုးသားတစ်ဦး၏ အလောင်း လမ်းဘေးတွင် ရှိနေဆဲဖြစ်ကြောင်း၊ ရွာခံများထဲမှ သေဆုံးသူတို့မှာ ၁၅ နှစ်အရွယ် အမျိုးသမီးငယ်နှင့် စိတ်ကျန်းမာရေးမကောင်းသည့် အသက် ၄၀ ခန့် အမျိုးသားတို့ ဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“အခု အလောင်း မကောက်ရသေးတဲ့ တစ်ယောက်ကတော့ လက်နက်ကြီးထိတာ၊ ကျန်တဲ့ နှစ်ယောက်ကတော့ ဂျက်ဖိုက်တာ လာပစ်သွားတာပေါ့” ဟု ၎င်းက ပြောသည်။

အရပ်သား ၁၀ ဦး ဒဏ်ရာရသဖြင့် ကျိုက်မရောဆေးရုံသို့ ရောက်သွားပြီး ၅ ဦး ဒဏ်ရာပြင်းထန်ကြောင်း ၎င်းက ဆက်ပြောသည်။

ဒဏ်ရာရ အရပ်သားများမှာ လက်နက်ကြီးပစ်ခတ်မှုနှင့် လေယာဉ်ဗုံးကြဲမှုတို့ကြောင့် ဖြစ်ပြီး အများစုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်များက ထိုရွာရှိ ရဲကင်းစခန်းကို တိုက်ခိုက်ရာ  စစ်သား ၅ ဦးနှင့် ရဲ ၃ ဦး သေဆုံးပြီး ရဲ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း ၎င်းက ပြောသည်။

“အခုလက်ရှိ အခြေအနေကတော့ BGF ရယ်၊ ရဲရယ်၊ စစ်တပ်ရယ် ပေါင်းပြီးတော့ စခန်းကို ပြန်ယူထားတယ်။ တစ်ဖက်ကလည်း ပြန်ဆုတ်သွားပြီ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရွာအတွင်း နေရာယူထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ပြောသည်။

တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ၆၀ မမ ဗုံးပစ်လောင်ချာ တစ်လက်၊ လက်နက်ငယ် ၉ လက်နှင့် ကျည်မျိုးစုံ ၁၀၀၀ ကျော် သိမ်းယူနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

တောင်ကလေးကျေးရွာရဲစခန်းကို တိုက်ခိုက်ပြီးနောက် KNLA တပ်ဖွဲ့ဝင်များ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ-ပေးပို့)

တိုက်ပွဲစတင်ဖြစ်ပွားချိန် မိသားစုလိုက် ထွက်ပြေးရသည့် တောင်ကလေးရွာ ဒေသခံတစ်ဦးက လက်နက်ကြီးနှင့် လေယာဉ်ပေါ်မှ ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း၊ နေအိမ်တစ်လုံး လက်နက်ကြီးထိသည်ကို တွေ့ခဲ့ရကြောင်း ပြောပြသည်။

“ကျွန်တော်တို့နဲ့ ရဲစခန်းက ဘုရားကုန်းတစ်ကုန်းပဲ ခြားတာ၊ လက်နက်ကြီး ကျတာ မနက် ၅ နာရီကျော်လောက်မှာ ကျလာတာ၊ အိမ်တစ်ခြမ်းလုံး ပြိုကျသွားတာ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ရာ တောင်ကလေးကျေးရွာသည် မုဒုံ- ကြာအင်းဆိပ်ကြီးဆက်သွယ်ထားသည့် ကားလမ်းပေါ်တွင် ရှိပြီး တိုက်ပွဲဖြစ်စဉ်အတွင်း ကားများ သွားလာ၍ မရဘဲ အဆက်အသွယ် ပြတ်တောက်ခဲ့သည်။

ဒေသတွင်း စစ်ကောင်စီ၏ ရဲစခန်း၊ တပ်စခန်း အသေးစားများသည် မကြာခဏ တိုက်ခိုက်ခံနေရသည်။

ဇူလိုင်လ ၂၄ တွင် မည်သည့်အဖွဲ့ကဖြစ်သည်ကို အတည်မပြုနိုင်သေးသည့် လက်နက်ကိုင်တချို့ တောင်ကလေးကျေးရွာရှိ ရဲကင်းစခန်းကို တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

အောက်တိုဘာ ၂၁ တွင်လည်း တောင်ကလေးကျေးရွာအရှေ့ဘက် ချောင်းနှစ်ခွရွာရဲစခန်းကို KNLA ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးသေပြီး ၄ ဦးကို ဖမ်းခေါ်သွားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button