ဆောင်းပါး

အာဆီယံခေါင်းဆောင်များ၏ မြန်မာ့အရေးခြေလှမ်းသစ်များ  

နိုဝင်ဘာလ ၁၁ ရက်နေ့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်တွင် ကျင်းပခဲ့သော ၄၀ နှင့် ၄၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများတွင် မြန်မာအရေးဖြေရှင်းရန် ၎င်းတို့ချမှတ်ခဲ့သော “တူညီဆန္ဒ ၅ ရပ်” ကို အကောင်အထည်ဖော်နိုင်စွမ်း မရှိခြင်းအပေါ် အာဆီယံခေါင်းဆောင်များ ပြန်လည်သုံးသပ်ခဲ့ကြပြီး၊ ခြေလှမ်းသစ်များဖြင့် ဆက်လက်အကောင်အထည်ဖော်သွားရန် ဆုံးဖြတ်ခဲ့ ကြသည်။ 

မြန်မာ့ပြဿနာကို အာဆီယံအဖွဲ့ကြီးက ဖြေရှင်းရန်ကြိုးပမ်းခဲ့သော်လည်း တနှစ်ခွဲကျော်လာသည် အထိ မည်သည့်ရလဒ်မှ ထွက်ပေါ်မလာခြင်းက အဖွဲ့ကြီး၏ ဒေသတွင်းအရေးကိစ္စများတွင် ဦးဆောင် နိုင်မှု၊ အာဆီယံခေါင်းဆောင်များ ကြွေးကြော်နေသော အာဆီယံကို ဗဟိုပြုမှု (ASEAN Centrality) စသည့် အာဆီယံ၏ အသုံးဝင်မှုကို တိုက်ရိုက် စိန်ခေါ်လျက်ရှိသည်။ 

ထိုမျှမက အာဆီယံ၏ မြန်မာ့အရေး ကိုင်တွယ်ဆောင်ရွက်ပုံသည် ဒေသတွင်း အခြားပြဿနာများဖြစ်သည့် တောင်တရုတ်ပင်လယ်အရေးနှင့် ထိုင်ဝမ်အရေးတို့တွင် အာဆီယံ၏ အရေးပါမှု အခန်းကဏ္ဍကို မေးခွန်းထုတ်ကြပေလိမ့်မည်။ 

အာဆီယံသည် ဒေသတွင်း အလေးထား ဆက်ဆံသင့်သော အဖွဲ့အစည်းတစ်ခု ဖြစ်နိုင်ပါသေး၏လော။ အာဆီယံခေါင်းဆောင်များ၏ မြန်မာ့အရေးကိုင်တွယ်ဖြေရှင်းပုံက တစ်စိတ်တစ်ပိုင်းအဖြေပေးပါလိမ့်မည်။

ထို့ကြောင့် အာဆီယံခေါင်းဆောင်များ မြန်မာ့အရေး  ကြားဝင်ဖြေရှင်းလိုသည့် ဆန္ဒသည် မြန်မာ ပြည်သူများ ရင်ဆိုင်နေရသောဒုက္ခကို ကူညီဖြေရှင်းပေးရုံသက်သက်မျှ မဟုတ်ဘဲ အာဆီယံအဖွဲ့ကြီး၏ ဂုဏ်သိဏ္ခာနှင့်အကျိုးစီးပွားကို တစ်ပြိုင်နက်တည်း ကာကွယ်နေရခြင်း ဖြစ်သည်ဟု ရှုမြင်နိုင်ပါသည်။  

တစ်နှစ်ခွဲကျော် အချိန်ဖြုန်းခဲ့သော အာဆီယံသည် ယခုထိပ်သီးအစည်းအဝေးမတိုင်မီ အောက်တိုဘာ လ ၂၇ ရက်နေ့က ဖနွမ်းပင်မြို့တော်မှာပင် မြန်မာ့အရေးအတွက် နိုင်ငံခြားရေးဝန်ကြီးများ အထူး အစည်းအဝေး ကျင်းပပြီး၊ ထိပ်သီးအစည်းအဝေးအတွက် အဆိုပြုချက်များကို ပြင်ဆင်ခဲ့သည်။

ထိပ်သီးအစည်းအဝေး ကြေညာချက်တွင် တွေ့မြင်လာရသော တူညီဆန္ဒ ၅ရပ်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ခြေလှမ်းသစ်များသည် အောက်တိုဘာ အထူးအစည်းအဝေးက ထွက် ပေါ်လာသော အဆိုပြုချက်များကို အခြေခံထားသည်ဟု နားလည်နိုင်ပါသည်။

ဤတစ်ကြိမ် အာဆီယံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်များက အလွန်ဆိုးသွမ်းရမ်းကားပြီး ကိုယ့် ပြည်သူကို သတ်ဖြတ်နေသော မြန်မာစစ်ခေါင်းဆောင်များကို ကိုင်တွယ်ထိန်းချုပ်နိုင်ပါမည်လော။ ထိုဆုံးဖြတ်ချက်များ ထွက်လာပြီး နာရီပိုင်းအတွင်း စစ်ကောင်စီက ထိုဆုံးဖြတ်ချက်များကို တူးတူးခါးခါး ဆန့်ကျင်ငြင်းဆန်ခဲ့သည်။

ကိုယ့်ပြဿနာ ကိုယ်ရှင်းနေရသော အာဆီယံခေါင်းဆောင်တသိုက် 

မြန်မာတွင် အာဏာသိမ်းပြီး ၃ လခန့်အကြာ၊ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်တွင် အာဆီယံ ၉ နိုင်ငံက ခေါင်းဆောင်များက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ခေါ်ယူတွေ့ဆုံခဲ့ပြီး၊ မြန်မာ့ပြဿနာ ဖြေရှင်းရန် တူညီဆန္ဒ ၅ ရပ်ကို ချမှတ်ကာ မင်းအောင်လှိုင်၏ သဘောထားကိုပါ တပါတည်း ရယူခဲ့သည်။ 

မြန်မာစစ်ခေါင်းဆောင်သည် ကျင့်ဝတ်သိက္ခာရှိသော စစ်ဗိုလ်ချုပ်ကြီးဟု အာဆီယံခေါင်းဆောင်များ ထိုအချိန်က ထင်မြင်ယူဆခဲ့လေသလား။ မင်းအောင်လှိုင်က သဘောတူခဲ့သဖြင့် တူညီဆန္ဒ ၅ ရပ် ဖြင့် မြန်မာ့အရေး ဖြေရှင်းနိုင်ပြီဟု အာဆီယံခေါင်းဆောင်များ ထင်မှတ်ခဲ့လေသလား။ သို့ဆိုလျှင် အဖွဲ့ဝင် နိုင်ငံတစ်ခု၏ နိုင်ငံရေးပြဿနာ အတိမ်အနက်ကို အလွန်လွဲမှားစွာ ရှုမြင်ခဲ့ပါလားဟု ကောက်ချက်ချ ရမည် ဖြစ်သည်။ 

အမှန်စင်စစ် အာဆီယံခေါင်းဆောင်များ ချမှတ်ခဲ့သော တူညီဆန္ဒ ၅ ရပ် က ရိုးရှင်းလှသည်။ ထို့မျှ ရိုးရှင်းလွန်း၍ အကောင်အထည်မပေါ်လာခြင်းလည်း ဖြစ်ပါသည်။ မြန်မာ့အရေးက ထိုမျှမရိုးရှင်းပါ။

တူညီဆန္ဒ ၅ ရပ်မှာ (၁) အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ (၂) သက်ဆိုင်သူအားလုံး ပါဝင်သော တွေ့ဆုံဆွေးနွေးပွဲမှတဆင့် အဖြေရှာရန်၊ (၃) အာဆီယံက အထူးကိုယ်စားလှယ်တဦး ခန့်အပ်ပြီး ကြား ဝင်ဆောင်ရွက်ပေးရန်၊ (၄) မြန်မာပြည်သူများ အရေးတကြီးလိုအပ်နေသော လူသားချင်းစာနာမူ အကူ အညီပေးရန်နှင့် (၅) အာဆီယံအထူးကိုယ်စားလှယ်က မြန်မာပြည်က သက်ဆိုင်သူအားလုံးနှင့် တွေ့ ဆုံရန် တို့ဖြစ်သည်။  

ထို ၅ ချက်သည် မြန်မာပြဿနာ ဖြေရှင်းရေးအတွက် လိုအပ်သော အချက်များသာတည်း။ သို့သော် ထို ၅ ချက် မည်သို့မည်ပုံ အကောင်အထည်ဖော်ရမည်ကို တိကျသေချာစွာ လမ်းညွန်မှုမပြုလုပ်ခဲ့ ခြင်းက အာဆီယံခေါင်းဆောင်များ၏ အဓိကပြဿနာ ဖြစ်သည်။ 

နေ့စဥ်နေ့တိုင်း နိုင်ငံအနှံ့အပြား သတ်ဖြတ်ရမ်းကားနေသော စစ်ဘီလူးများကို ရင်ဆိုင်နေရသော မြန်မာ ပြည်သူများအတွက် အချိန်က အလွန့်အလွန်အရေးကြီးနေသည်၊ ဤအခြေအနေတွင် အာဆီယံက မြန်မာ့ပြဿနာကို ရလဒ်မထွက်အောင် တနှစ်ခွဲကျော်ကြာ အချည်းအနှီး အချိန် ဖြုန်းခဲ့ကြသည်။ 

နောက်ဆုံး ၎င်းတို့ချက်မှတ်ခဲ့သော ၅ချက်ကို မည်သို့မည်ပုံ အကောင်အထည်ဖော်သင့်သနည်း ဆိုသည့် ပြဿနာက ခေါင်းဆောင်များဆီ ပြန်ရောက်သွားသည်။ ကောင်းကင်ကြီးကို တည့်တည့် မော့ကြည့်ပြီး ထွေးခဲ့သော တံတွေးက ကိုယ့်မျက်နှာပေါ် ပြန်ကျလာသည်နှင့် တူပေသည်။ 

ထိုအခါ အာဆီယံခေါင်းဆောင်များသည် ကိုယ့်ပြဿနာ ကိုယ်ပြန်သုံးသပ်ပြီး၊ ဆုံးဖြတ်ချက်အသစ် ၁၀ ချက် ထပ်မံချမှတ်ကာ မြန်မာ့အရေး ခြေလှမ်းသစ်များ လှမ်းရန် ကြိုးပမ်းလာသည်။ 

ယခုတစ်ကြိမ် ထိုဆုံးဖြတ်ချက်များ အမှန်တကယ် ထိရောက်နိုင်ပါ့မလား ဆိုသည်ကို  တစ်ချက်ချင်း သုံးသပ် ဖော်ပြ သွားပါမည်။ 

အာဆီယံခေါင်းဆောင်များ၏ မြန်မာ့အရေး ဆုံးဖြတ်ချက် ၁၀ ချက်

ပထမဆုံးဖြတ်ချက် – တူညီဆန္ဒ ၅ ရပ်ကို ဆက်လက်ကိုင်စွဲထားရန် ဆုံးဖြတ်ပြီး၊ ထိုအချက် အားလုံးကို “တစ်စုံလုံး” (Implement in its entirety) အကောင်အထည်ဖော်ရမည်ဟု ဖော်ပြထားသည်။ 

အဓိပ္ပာယ်မှာ အဆိုပါ ၅ ချက်ထဲမှ လိုချင်သည့်အချက်ကိုသာ ရွေးထုတ် အကောင်အထည်ဖော် ခြင်းမျိုး လုပ်ဆောင်ခွင့် မပြုပါ။ အာဆီယံခေါင်းဆောင်များ ထိုဆုံးဖြတ်ချက်ကို ပထမဆုံး အချက်အဖြစ် အလေးထားဖော်ပြရသည်မှာ အကြောင်းရှိပါသည်။

စစ်ကောင်စီသည် တူညီဆန္ဒ ၅ ရပ်ကို လက်ခံအကောင်အထည်ဖော်နေပါသည်ဟု ဝါဒဖြန့်လျက်ရှိပြီး၊ လက်တွေ့တွင် လူသားချင်းစာနာမှု အကူအညီပေးရေး အချက်တစ်ခုတည်းကို ၎င်းတို့၏ အစီအစဥ်နှင့် စီမံခန့်ခွဲမှုအောက်တွင် အကောင်အထည်ဖော်ရန် ပြောနေသည်။ ယနေ့အချိန်ထိ အကြမ်းဖက်မှုများ မရပ်တန့်ခြင်း၊ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို ပယ်ချခြင်းတို့အပြင် အာဆီယံအထူးကိုယ်စားလှယ် အဆက်ဆက်က တောင်းဆိုနေသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခွင့်ပေးရေးကိုပင် ငြင်းဆန်လျက်ရှိသည်။ 

စစ်ကောင်စီကို အသိအမှတ်ပြုဆက်ဆံရန် လိုလားသော ကမ္ဘောဒီးယားနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာသည့်အခါ တူညီဆန္ဒ ၅ ရပ်ကို ချမှတ်ခဲ့စဥ်က မည်သို့အကောင်အထည်ဖော်သင့်သည် ကို တိကျပြတ်သားစွာ ဖော်ပြမထားခဲ့သော အားနည်းချက်ကို အသုံးချ၍ ထို ၅ ချက်ကို တဆင့်ချင်း အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု လုပ်ဆောင်လာခဲ့သည်။ 

လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စကို ဦးစားပေးခြင်းသည် ညှိနှိုင်းရလွယ်မည်ဟု ယူဆချက် ဖြင့် ကမ္ဘောဒီးယား အထူးကိုယ်စားလှယ် ပရက်ဆိုခွန်း၏ စစ်ကောင်စီကို ချည်းကပ်မှုသည် မြန်မာ နိုင်ငံကို ၂ ကြိမ်သွားရောက်ခဲ့သော်လည်း အကျိုးရလဒ်မထွက်ခဲ့ပါ။ 

တူညီဆန္ဒ ၅ ရပ်၏ အရေးအကြီးဆုံး ပထမ နှစ်ချက်ဖြစ်သော အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာရေးအတွက် စစ်ကောင်စီကို ထိထိရောက်ရောက် ဆွေးနွေးတောင်းဆိုခဲ့ ကြောင်း မပြသနိုင်ခဲ့ပဲ၊ ၎င်း၏ ခရီးစဥ်အတွက် စစ်ကောင်စီက လက်ခံစီစဥ်ပေးခဲ့ခြင်းကိုပင် တိုးတက် မှုဟု ပြောဆိုနေခဲ့သည်။ သူ့ရှေ့က ဘရူနိုင်း အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံကို မသွားခဲ့ရခြင်းကို နှိုင်းယှဥ်ပြောနေသလား မသိပါ။ 

ထို့ကြောင့် ယခုထိပ်သီးအစည်းအဝေးကြေညာချက်ပါ တူညီဆန္ဒ ၅ရပ်ကို “တစ်စုံလုံး” အကောင် အထည်ဖော်ရန် အချက်သည် အလွန်အရေးကြီးပြီး၊ ၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာ မည့် အင်ဒိုနီးရှားနိုင်ငံ၏ လက်တွေ့လုပ်ဆောင်မှုကို စောင့်ကြည့်ရန်လိုသည်။

ဒုတိယဆုံးဖြတ်ချက် – တူညီဆန္ဒ ၅ ရပ်ကို အကောင်အထည်ဖော်ရာတွင် ခိုင်မာလက်တွေ့ကျပြီး တိုင်း တာနိုင်သော အညွှန်းကိန်းများပါဝင်လျက် တိကျစွာ သတ်မှတ်ထားသော အချိန်ဇယားဖြင့် အကောင် အထည်ဖော်မည့် အစီအစဥ် (An implementation plan) တစ်ခု ရေးဆွဲရမည်ဟု ဖော်ပြထားသည်။  

တူညီဆန္ဒ ၅ရပ် ချမှတ်ကြစဥ် ထိုအချက်ကို ထည့်သွင်းရန် ပျက်ကွက်ခဲ့မှုကြောင့် အာဆီယံသည် မြန်မာ့အရေး မဖြေရှင်းနိုင်ဘဲ တစ်နှစ်ခွဲကြာ အချိန်ဖြုန်းခဲ့သည်။ တိကျသော အကောင်အထည်ဖော်မှု အစီအစဥ် မရှိသဖြင့် အလှည့်ကျဥက္ကဋ္ဌနိုင်ငံ၏ သဘောဆန္ဒအတိုင်း တနိုင်ငံ တစ်မျိုး လုပ်ဆောင်ခဲ့ကြ သည်။ 

ဝန်ကြီးချုပ်ဟွန်ဆန် အာဆီယံဥက္ကဋ္ဌ ဖြစ်ဖြစ်ချင်း ရက်ပိုင်းအတွင်း မင်းအောင်လှိုင်ရှိရာ နေပြည်တော် ကို အပြေးသွားတွေ့ခဲ့သည့် ဖြစ်ရပ်က သက်သေပင် ဖြစ်သည်။ ၎င်း၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီး ပရက်ဆိုခွန်းကလည်း အာဆီယံ အထူးကိုယ်စားလှယ် တာဝန်ယူထားပါလျက် Channel New Asia နှင့် တွေ့ဆုံမေးမြန်းခန်းတွင်၊ ၎င်း၏တာဝန်နှင့်ဆန့်ကျင်ပြီး မြန်မာကို အာဆီယံက စံနှုန်း ၂ မျိုးထားဆက်ဆံနေကြောင်း အာဆီယံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို ပြန်လှန်ဝေဖန်ခဲ့သည်။

စစ်ကောင်စီကိုလိုလားသော ကမ္ဘောဒီးယားကြောင့် တူညီဆန္ဒ ၅ရပ်သည် သိက္ခာမဲ့စွာ ပုံပျက်ပန်းပျက် ဖြစ်ခဲ့ရသည်။ ကမ္ဘောဒီးယားသည် မင်းအောင်လှိုင်ကို အာဆီယံက လက်ခံလာရေး အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို အလွဲသုံးစာလုပ်ကာ ဘက်လိုက်ကြိုးပမ်းခဲ့သည်မှာ ထင်ရှားသည်။ မြန်မာပြည်သူများက အာဆီယံအပေါ် စိတ်ပျက်ရုံမျှမက မျှော်လင့်ချက်ပင် မထားတော့ပေ။

သို့သော် နေပြည်တော်ကအပြန် ဝန်ကြီးချုပ်ဟွန်ဆန် မျက်နှာပန်းလှရန် စစ်ကောင်စီသည် မည်သည့် အပြုသဘောလိုက်လျော်မှုမျှ မပြုလုပ်ခဲ့သည့်အပြင် ၎င်းတို့ကို အသိအမှတ်ပြုလက်ခံရေး ဟွန်ဆန်ကို အသုံးချပြီး အာဆီယံကိုပါ အကြပ်ကိုင်သည်နည်းလမ်းကို ကျင့်သုံးခဲ့သည်။

ထိုကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် မြန်မာပြည်သူ ထောင်နှင့်ချီ သေဆုံးခဲ့ရပြီး၊ လူဦးရေ တသန်းကျော် နေရပ်စွန့်ခွာထွက်ပြေးရခြင်းနှင့် ကျေးရွာအများအပြားက သောင်းနှင့်ချီသော နေအိမ်များ ပြာပုံဘဝ ရောက်ရှိသွားခဲ့သည်။ 

၎င်းကိုယ်တိုင် စာရေးမေတ္တာ ရပ်ခံခဲ့သည်ကို မင်းအောင်လှိုင် က အလေးမထားပဲ၊ ကိုဂျင်မီ နှင့် ကိုဖြိုး ဇေယျာသော် အပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးကို ကြိုးပေးကွက်မျက်ခဲ့သည့်အခါမှ ဟွန်ဆန် စိတ်ဆိုးဒေါသဖြစ်ခဲ့သည်ဟု အာဆီယံ သံတမန်လောကမှတဆင့် ကြားသိရသည်။ 

ထို့နောက် ကမ္ဘောဒီးယား၏ ကြိုးပမ်းမှုများ သိသိသာသာ နှေးကွေးသွားခဲ့ပြီး၊ မြန်မာအရေး နောက် လာမည့် အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားလက်ထဲ အပ်ရန်ကိုသာ စိတ်စောခဲ့လေသလား။ အောက်တို ဘာလတွင် စီစဥ်ထားသည့် ပရက်ဆိုခွန်း၏ တတိယအကြိမ် မြန်မာခရီးစဥ်ကိုပင် ဖျက်သိမ်းခဲ့သည်။ 

ယခု ဆုံးဖြတ်ချက်ကြောင့် တနှစ်တခါ ပြောင်းလဲနေသော အလှည့်ကျဥက္ကဋ္ဌနှင့် အထူးကိုယ်စားလှယ် အပေါ်မူတည်ပြီး အာဆီယံ၏ မြန်မာ့အရေး ချည်းကပ်ပုံ အမျိုးမျိုးပြောင်းလဲနေမှုကို ဟန့်တားနိုင်မည် ဖြစ်သည်။ 

သို့သော် ထိုအကောင်အထည်ဖော်မှုအစီအစဥ် (Implementation Plan) အမြန်ဆုံး ပေါ်ထွက်လာရန် လိုအပ်ပြီး၊ ထို့အတွက် နိုင်ငံခြားရေးဝန်ကြီးများ၏ တာဝန်ဖြစ်သည်။

တတိယဆုံးဖြတ်ချက် – မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံး တူညီဆန္ဒ ၅ရပ်ကို လိုက်နာအကောင် အထည်ဖော်ရန်၊ အာဆီယံက သက်ဆိုင်သူအားလုံးကို အမြန်ဆုံး ထိတွေ့ဆက်ဆံသွားရန်နှင့် အာ ဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်က ပျော့ပျောင်းပြီး အလွတ်သဘော ထိတွေ့ဆက်ဆံရန် ဆုံးဖြတ်ခဲ့သည်။ 

ယနေ့အချိန်ထိ အာဆီယံအထူးကိုယ်စားလှယ်များသည် စစ်ကောင်စီနှင့်သာ ဆက်ဆံရန် လုံးပန်းနေကြသည်၊ မြန်မာပြည်သူများ၏ ဆန္ဒအတိုင်းဟု ကြေညာချက်အသီးသီးတွင် ဖော်ပြသော်လည်း ၎င်းတို့သည် ပြည်သူလူထု အမှန်တကယ်ထောက်ခံထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိတွေ့ဆက်ဆံခြင်း မရှိပေ။ 

အထူးကိုယ်စားလှယ်များသည် အာဆီယံခေါင်းဆောင်တို့ ချမှတ်ထားသော တူညီဆန္ဒ ၅ရပ်၏ နောက်ဆုံးအချက်ကို မလိုက်နာခြင်းအား အထင်အရှား တွေ့မြင်ခဲ့ရသည်။ ထို့အချက်သည် အာဆီယံ၏ ထင်ရှားသော စိတ်ပျက်စရာအကောင်းဆုံး အပြောတစ်မျိုး အလုပ်တစ်မျိုး အမူအကျင့် ဖြစ်သည်။

NUG နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို အထူးကိုယ်စားလှယ်များက တွေ့ဆုံရန် ရှောင်ရှားနေခြင်းသည် စစ်ကောင်စီက ထိုအဖွဲ့များက အကြမ်းဖက်အဖွဲ့များအဖြစ် ကြေ ညာထားခြင်းကို လက်ခံထားသကဲ့သို့ ဖြစ်နေသည်။ 

စစ်ကောင်စီကလည်း NUG နှင့် CRPH ကို အာဆီယံက မတွေ့နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ဖိအားပေး ဟန့်တားနေသည်။ ယခုထိပ်သီးအစည်းအဝေး ထုတ်ပြန်ချက်ထွက်ပြီး နာရီပိုင်းအတွင်း စစ်ကောင်စီ ၏ ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ရာတွင် ဤအချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက် ထားသည်။ 

၂၀၂၃ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမည့် အင်ဒိုနီးရှားနိုင်ငံသည် ဤထိပ်သီးအစည်း အဝေး ဆုံးဖြတ်ချက်အရ NUG ကို မဖြစ်မနေ တွေ့ဆုံရမည်ဖြစ်သည်။ အင်ဒိုနီးရှားက NUG ကို အသိ အမှတ်ပြုသည့် သဘောထား ရှိသော်လည်း၊ ယနေ့အချိန်ထိ NUG နှင့် တိုးတိုးတိတ်တိတ်သာ တွေ့ ဆုံရဲသည်။ လာမည့်နှစ်တွင် NUG ကို ရဲရဲတင်းတင်း တွေ့ဆုံမည်လား စောင့်ကြည့်ရန်သာ ရှိသည်။  

စတုတ္ထဆုံးဖြတ်ချက် – အာဆီယံထိပ်သီးအစည်းအဝေး နှင့် နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးများ တွင် မြန်မာနိုင်ငံမှ နိုင်ငံရေးကိုယ်စားပြု တက်ရောက်ခွင့် ပိတ်ပင်ထားသည့် ဆုံးဖြတ်ချက်ကို အာဆီယံခေါင်းဆောင်များက ဆက်လက်ကျင့်သုံးသွားမည်ဟု ဖော်ပြထားသည်။ 

ထပ်မံဖြည့်စွက်လိုက်သည့် အချက်က “လိုအပ်ပါက” အာဆီယံ၏ အခြားအစည်းအဝေးများတွင်ပါ မြန်မာကိုယ်စားပြုမှုကို သုံးသပ်ဆောင်ရွက်သွားရန် နိုင်ငံခြားရေးဝန်ကြီးများ၏ အာဆီယံပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေးကောင်စီ (ASEAN Coordinating Council) ကို တာဝန်ပေးအပ်လိုက်သည်ဟူ၍ ဖြစ်သည်။  

ထိုဆုံးဖြတ်ချက်ကြောင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် စစ်ကောင်စီကို ထပ်မံအရေးယူနိုင် ခွင့် ရှိသွားပြီဖြစ်သည်။ တနည်းအားဖြင့် စစ်ကောင်စီသည် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ မြန်မာပြည်သူများအပေါ် ဆက်လက် အကြမ်းဖက်သတ်ဖြတ် ကျူးလွန်နေပါက ထပ်မံအရေးယူခံရ ဖွယ် ရှိသည်။ 

သို့သော် စစ်ကောင်စီကို လိုလားသော ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်နှင့် လာအို နိုင်ငံများကြောင့် စစ်ကောင်စီကို ထပ်မံအရေးယူရန် အာဆီယံအတွင်း တူညီဆန္ဒ (Consensus) ရရှိနိုင်မှု အပေါ် များစွာသံသယဖြစ်ဖွယ် ရှိနေပါသည်။ 

ပဥ္စမဆုံးဖြတ်ချက် – အာဆီယံထိပ်သီးအစည်းအဝေးသည် အာဆီယံပဋိညာဥ်နှင့်အညီ အမြင့်ဆုံး ဆုံးဖြတ်ချက်ချမှတ်သည့် အဖွဲ့အစည်းဖြစ်ပြီး၊ တူညီဆန္ဒ ၅ရပ်ကို အကောင်အထည်ဖော်ရာတွင်လည်း ကောင်း၊ အဖွဲ့ဝင်များအကြား တူညီဆန္ဒ မရရှိသည့်အခါတွင်လည်းကောင်း နောက်ဆုံး အဆုံးအဖြတ် ပေးခြင်းကို လုပ်ဆောင်မည်ဟု ဖော်ပြထားသည်။

ထိုအချက်ကို ထည့်သွင်းထားရသည်မှာ အကြောင်းရှိသည်။ မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ခြင်းမှာ  ပဋိညာဥ်နှင့် မကိုက်ညီဟု  စစ်ကောင်စီနှင့် စစ်ကောင်စီကိုလိုလားသော အဖွဲ့ဝင် နိုင်ငံတချို့က ပြောဆိုထားသည်။ 

အာဆီယံပဋိညာဥ် ပုဒ်မ ၇ (၂) (က) တွင် ထိပ်သီးအစည်းအဝေးသည် အမြင့်ဆုံး မူဝါဒ ချမှတ်သည့်အဖွဲ့ဖြစ်ခြင်း၊ ပုဒ်မ ၇ (၂) (ဃ) တွင် အာဆီယံကို ထိခိုက်လာသော အရေးပေါ် အခြေအနေ များတွင် သင့်လျော်သလို အရေးယူ ဆောင်ရွက်နိုင်ခြင်း နှင့် ပုဒ်မ (၇) (င) တွင် ပဋိညာဥ်အခန်း (၇) နှင့် (၈) အရ ဆုံးဖြတ်ရန် ထိပ်သီးအစည်းအဝေးသို့ လွှဲအပ်ခြင်းဟု ဖော်ပြထားသည်။  

အာဆီယံခေါင်းဆောင်များသည် မြန်မာ့အရေးကို ပဋိညာဥ်အခန်း (၇)၊ ပုဒ်မ ၂၀ အရ ကိုင်တွယ်ဆောင် ရွက်နေခြင်းဖြစ်ပြီး၊ အထူးသဖြင့် ပုဒ်မ ၂၀၊ ပုဒ်မခွဲ ၄ တွင် ပဋိညာဥ်ကို မလိုက်နာခြင်း သို့မဟုတ် ဆိုးရွားစွာ ချိုးဖောက်လျှင် ထိုပြဿနာကို အဆုံးအဖြတ်ပေးရန် အာဆီယံထိပ်သီးအစည်းအဝေးသို့ လွှဲအပ်ရမည်ဟုလည်း ဖော်ပြထားသည်။  

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲမှ အာဏာရလာခြင်းမဟုတ်ဘဲ၊ အာဏာ သိမ်းခဲ့သော မင်းအောင်လှိုင်ကို နိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲအဖြစ် သတ်မှတ်ရန် အာဆီယံပဋိညာဥ်က ခွင့်ပြုမထားပါ။ ယင်းသည် အာဆီယံခေါင်းဆောင်များ လက်တွေ့ရင်ဆိုင်ခဲ့ရသော ပြဿနာ ဖြစ်သည်။ 

အာဆီယံပဋိညာဥ်အရ အဖွဲ့ဝင်နိုင်ငံများသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံသော အစိုးရများဖြစ်ရန် လိုအပ်သည်။ မင်းအောင်လှိုင်၏ အာဏာရယူမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သော အာဏာသိမ်းခြင်းဖြစ်၍ အာဆီယံပဋိညာဥ်နှင့် ဆန့်ကျင်လျက်ရှိသည်။ 

သို့သော် မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုခြင်းသည် အာဆီယံ တူညီဆန္ဒ ၅ ရပ်ကို အကောင်အထည်မဖော်ခြင်းကြောင့် ဟု အများက နားလည်ထားကြသည်။ စစ်ကောင်စီကလည်း အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို အာဆီယံ ခေါင်းဆောင်များက ဝင်ရောက်စွက်ဖက်ကာ ပဋိညာဥ် ကို ချိုးဖောက်သည်ဟု ဝါဒဖြန့်နေသည်။  

ထို့ကြောင့် မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်မပြုရန် ဆုံးဖြတ်ခဲ့ သော ၂၀၂၁  အောက်တိုဘာလ ၁၅ ရက်နေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်ကို လေ့လာရန်လိုအပ်သည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ ထုတ်ပြန်ချက်အရ အမျိုးသားညီညွတ်ရေးအစိုးရက ၃၈ နှင့် ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်ပြုရန် အပြိုင်အကြောင်းကြားလာသဖြင့် အာဆီယံအတွင်း မြန်မာ၏ နိုင်ငံရေးအရ ကိုယ်စားပြုမှုကိစ္စအပေါ် အဖွဲ့ဝင်များအကြား ဘုံသဘောတူညီချက် မရရှိခြင်းကြောင့်၊ မြန်မာကို ၎င်း ၏ ပြည်တွင်းရေး ပြေလည်အောင်ဖြေရှင်းပြီး၊ ပုံမှန်အခြေအနေ ပြန်ရောက်သည်အထိ အချိန် ပေးရန်နှင့် ထိုကာလအတွင်း နိုင်ငံရေးနှင့်မပတ်သက်သော ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားရန် ဆုံး ဖြတ်ခဲ့ကြသည် ဟု ဖော်ပြထားသည်။ 

တစ်နည်းအားဖြင့် မင်းအောင်လှိုင်သည် မြန်မာနိုင်ငံကိုယ်စားပြု တရားဝင် နိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရအကြီးအကဲ ဟုတ်မဟုတ် အာဆီယံအတွင်း ဆုံးဖြတ်ချက် မကျခြင်းကြောင့်၊ အာဆီယံပဋိညာဥ် ပုဒ်မ ၇ အရ ၎င်းသည် ထိပ်သီးအစည်းအဝေးကို  တက်ရောက်ခွင့်မရှိခြင်း ဖြစ်သည်။    

ဆဌမဆုံးဖြတ်ချက် – မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများအတွက် လက်နက်ကိုင် ထားသော အဖွဲ့အားလုံးတွင် တာဝန်ရှိပြီး အကြမ်းဖက်မှုများအတွက် ရှုံ့ချသည်ဟု ဖော်ပြထားသော် လည်း၊ မြန်မာစစ်တပ်သည် တစ်ခုတည်းသော အကြီးမားဆုံး လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ကြောင်း ကိုပါ ဖော်ပြထားသည်။

အဓိပ္ပာယ်မှာ အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်နေမှုတွင် စစ်တပ်သည် တာဝန်အရှိဆုံးဖြစ်သည် ဟု ဆိုလိုသည်။ NUG သည်လည်း လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲနေသည်ဖြစ်ရာ အကြမ်းဖက်မှုများ ကျူးလွန်ပါက တန်းတူတာဝန်ရှိသည်ဟု ဆိုလိုသည်။

အမှန်စင်စစ် မြေပြင်တွင် လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲနေကြသူများမှာ မြန်မာပြည်သူများ ဖြစ် ပြီး၊ စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုများကို ဟန့်တားကာကွယ်ရန် အခြားနည်းလမ်းမရှိတော့ သဖြင့် ထိုကဲ့သို့ လက်နက်ကိုင်၍ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခုခံနေရခြင်းဖြစ်သည်။ 

ထိုအချက်ကို အာဆီယံ ခေါင်းဆောင်များ ရှင်းရှင်းလင်းလင်း သိထားရန် လိုအပ်သည်။ သို့မဟုတ်ပါက လူသတ်သမားကို တရားသူကြီးခန့်မိလျက်သား ဖြစ်ပေလိမ့်မည်။ 

သတ္တမဆုံးဖြတ်ချက် – အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်နှင့် AHA Center တို့က လူသားချင်း စာနာမှုအကူအညီ ပေးရေးလုပ်ငန်းများတွင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး (All parties) က ပါဝင် ကူညီရန် တောင်းဆိုထားပြီး၊ အတွင်းရေးမှူးချုပ်နှင့် AHA Center ကို လုပ်ပိုင်ခွင့်အာဏာတချို့ အပ်နှင်းရန် ဆုံးဖြတ်ထားသည်။ 

လွန်ခဲ့သော တစ်နှစ်ခွဲလုံးလုံး အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Center က စစ်ကောင်စီနှင့်သာ ထိတွေ့ဆက်ဆံပြီး၊ NUG အပါအဝင် နယ်စပ်ဒေသက တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်း မရှိခဲ့ပါ။

ဤအချိန်တွင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ရလဒ်များကို ပွင့်လင်းမြင်သာစွာ ချပြရန် အထွေထွေအတွင်းရေးမှူးချုပ်နှင့် AHA Center တွင် တာဝန်မရှိဘူးလား၊ မြန်မာပြည်သူများ သိ ပိုင်ခွင့် မရှိဘူးလားဟူသော မေးခွန်းများ ပေါ်လာသည်။

ယခုဆုံးဖြတ်ချက်တွင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုထားရာ အတွင်းရေးမှူးချုပ်ရုံးနှင့် AHA Center တို့က NUG နှင့် တိုင်းရင်းသားအဖွဲ့အစည်းများကို မဖြစ်မနေ ထိတွေ့ဆက်ဆံရမည်ဖြစ်သည်။ စောင့်ကြည့်ရန်သာ လိုသည်။

အဋ္ဌမဆုံးဖြတ်ချက် – ကုလသမဂ္ဂနှင့် အာဆီယံ ပြင်ပ မိတ်ဖက်နိုင်ငံများက အာဆီယံ၏ကြိုးပမ်းမှုများကို ကူညီရန် ယခုအာဆီယံထိပ်သီးအစည်းအဝေး ကြေညာချက်က ပထမဆုံးအကြိမ် တောင်းဆိုထားသည်ကို တွေ့ရှိရသည်။ 

ထိုအချက်သည် အလေးထားစရာကောင်းပြီး၊ ဒေသဆိုင်ရာအဖွဲ့အစည်းက ဒေသတွင်းလုံခြုံရေးကို ထိ ခိုက်နေကြောင်း အသိအမှတ်ပြု ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။ ထိုအတွက် ကမ္ဘာ့အဖွဲ့အစည်းကြီးဖြစ်သော ကုလသမဂ္ဂကို အကူအညီတောင်းလာလျှင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် လျစ်လျူရှုထား၍မရပါ။ 

ထို့ကြောင့် အာဆီယံထိပ်သီးအစည်းအဝေး၏ ကြေညာချက်ကို လုံခြုံရေးကောင်စီတွင် ထပ်ဆင့်ဆွေး နွေးပြီး၊ အာဆီယံကို ကူညီမည့် မြန်မာ့အရေးဆုံးဖြတ်ချက်ကို အချိန်မဆွဲဘဲ အမြန်ဆုံး လုပ်ဆောင်သင့်သည်။ မြန်မာ့အရေး အာဆီယံနှင့်လွဲထားပြီး မျက်နှာလွှဲထားခြင်းသည် ကုလသမဂ္ဂစနစ်ကြီး တစ်ခုလုံး၏ တာဝန်မဲ့မှုနှင့် မူဝါဒရေးရာခြစားမှုကြီးပင် ဖြစ်သည်။

နဝမဆုံးဖြတ်ချက် – အာဆီယံသည် တူညီဆန္ဒ ၅ရပ် အကောင်အထည်ဖော်ရေးကို အထောက်အပံ့ ဖြစ်စေမည့် အခြားနည်းလမ်းများကိုပါ ဖော်ထုတ်စဥ်းစားရမည်ဟု ဆုံးဖြတ်ထားသည်။ 

ထိုဆုံးဖြတ်ချက်က အာဆီယံခေါင်းဆောင်းများ မြန်မာ့အရေး ဖြေရှင်းရန် ကျယ်ကျယ်ပြန့်ပြန့် ချည်း ကပ်လာမှုကို ညွန်ပြနေပြီး၊ ဖြစ်နိုင်သမျှနည်းလမ်းအားလုံးကို စဉ်းစားလုပ်ဆောင်နိုင်ရန် လမ်းဖွင့်ထား သော ဆုံးဖြတ်ချက်ဖြစ်သည်။ လက်တွေ့ကျင့်သုံးရန်သာ လိုအပ်သည်။

ဒသမဆုံးဖြတ်ချက် – အထက်ပါဆုံးဖြတ်ချက်များ အကောင်အထည်ဖော်မှုနှင့် တိုးတက်မှုတို့ကို စောင့်ကြည့်လေ့လာရန် အာဆီယံခေါင်းဆောင်များက ၎င်းတို့၏ နိုင်ငံခြားရေးဝန်ကြီးများကို တာဝန် ပေးအပ်ပြီး၊ လာမည့် ထိပ်သီးအစည်းအဝေးများတွင် ပြန်လည်သုံးသပ်သွားမည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် ယခုဆုံးဖြတ်ချက် ၁၀ ချက်က လက်တွေ့ထိရောက်ပြီး အလုပ်ဖြစ်မဖြစ် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ၄၂ နှင့် ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင်မှ ပြန်လည် သုံးသပ် ကြမည်ဟု နားလည်နိုင်သည်။ 

လက်ရှိ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားသည် ယခုထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန် အချိန် မကျန်တော့ပါ။ ထို့ကြောင့် ၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာမည့် အင်ဒိုနီးရှားက အထက်ပါ ဆုံးဖြတ်ချက် ၁၀ ချက်ကို အကောင်အထည်ဖော်ရန် တာဝန်ရှိလာမည် ဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button