သတင်း

သေ့ဘောဘိုးစခန်း ပြန်ရရေး စစ်ကောင်စီ ကြိုးပမ်းနေ၍ ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေး

လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြဝတီမြို့တောင်ဘက်ရှိ သေ့ဘောဘိုးစခန်းအား ပြန်လည်သိမ်းယူနိုင်ရန် စစ်ကောင်စီတပ် က လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ထိုးစစ်ဆင်နေရာ ထိုနေရာအနီးနားမှ ဒေသခံ ၂၀၀၀ ကျော်သည် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းနား ပြောင်းရွှေ့ခိုလှုံနေရသည်။

ယခုလ ၁၇ ရက်မှစတင်၍ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်လာသည့်အတွက် ကျေးရွာ ၃ ရွာ၊ အိမ်ခြေ ၄၀၀ ကျော်မှ ဒေသခံ ၂၀၀၀ ကျော် ယင်းနေ့ကတည်းက မြစ်ကမ်း အနီး ပြောင်းရွှေ့ နေရခြင်းဖြစ်ကြောင်း သေ့ဘောဘိုးကျေးရွာဥက္ကဋ္ဌက Myanmar Now  ကို ယမန်နေ့က ပြောသည်။ 

“ထိုင်းဘက်ခြမ်း မကူးဘူး။ ကူးလည်းပြန်ရမှာပဲလေ။ လုံးဝအဆင်မပြေရင် ကူးလာလို့ရတယ်။ သူတို့စည်းကမ်းအတိုင်း နေပြီး အခြေအနေငြိမ်ရင် ပြန်သွားရမယ်လို့ပြောပေမယ့် တစ်နေ့က လက်နက်ကြီးပစ်လို့ ကူးဖို့လုပ်တော့ သူတို့က (ထိုင်း လုံခြုံရေးတပ်ဖွဲ့) က လှေလမ်းကြောင်းတွေတောင် ပိတ်လိုက်တာ” ဟု ရွာဥက္ကဋ္ဌက ဆိုသည်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများ သောင်ရင်းမြစ်နား ထွက်ပြေးလာရသည့်အချိန် မြစ်တစ်ဖက်ကမ်း ထိုင်း နိုင်ငံဘက်ခြမ်းတွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့များက လုံခြုံရေးယူစောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေလက ကရင်အမျိုးသားအစည်းအရုံး (KNU)  လက်အောက်ခံ ကော်ဘရာစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီအထိုင်စခန်းတစ်ခုဖြစ်သော သေ့ဘောဘိုး စခန်းအား သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

မေ ၁၉ ညနေက သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲအပြီး စခန်းမှူး ဒုတပ်ရင်းမှူး ဗိုလ်မှူးအောင်ငြိမ်းချမ်း၊ ဗိုလ် ဟန်လင်း ထွန်း နှင့် အခြားအဆင့် ၃ ဦး၏ ရုပ်အလောင်းများတွေ့ရှိခဲ့ပြီး လက်နက်တချို့ သိမ်းဆည်းနိုင်ခဲ့သည်။ 

ထိုစဉ်က တပ်ကြပ်ကြီး ၂ ဦး၊ တပ်ကြပ် ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦး၊ တပ်သား ၃ ဦး တို့ကို အရှင်ဖမ်းမိထားခဲ့သလို သည်ဟု ဆိုသည်။ စခန်းကုန်း ကျပြီးနောက် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်က အနီးရှိ သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းဘက် ခြမ်း ထွက်ပြေးခဲ့သည်။

မြဝတီ- ဝေါ်လေ ကားလမ်းဘေး သေ့ဘောဘိုးရွာအနီးရှိ သေ့ဘောဘိုးစခန်းကုန်းသည် ၁၉၉၀ ပြည့်နှစ် ကတည်းက စစ်တပ်က KNU ထံမှ သိမ်းပိုက်ပြီး စခန်းချထားသည့်နေရာ ဖြစ်သည်။ 

KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက စစ်ကောင်စီသည် တပ်မ ၃ ခုဖြင့် စခန်းပြန်ရရေး အပြင်းအထန် ထိုးစစ် ဆင်နေကြောင်း ပြောသည်။ 

“သေ့ဘောဘိုးစခန်းကျပြီးတဲ့နောက် အဲ့ဒီစခန်းပြန်ရရေးအတွက် လုံးပန်းနေတာတွေ့ရတယ်။ အကျအဆုံး၊ အဆုံးအရှုံး ကလည်း အများကြီးရှိနေတာဆိုတော့။ ဒီမိုးတွင်းတစ်ခုလုံးပဲကြည့်လေ။ တပ်မ သုံးခုလုံးပဲ။ တပ်မ ၄၄၊ တပ်မ ၂၂၊ တပ်မ ၁၁ ရယ် နောက် အရံတပ်တွေရော၊ BGF ပါမကျန် မိုးတွင်းထဲမှာတင် ထိုးစစ်ဆင်နေတာ အခုထိပဲ။ အခြေမလှရင် လေကြောင်းစစ်ကူတာက ရိုးနေပြီ” ဟု ၎င်းက မှတ်ချက်ပြုသည်။

စစ်ကောင်စီအနေဖြင့် နှစ် ၃၀ ကြာ တပ်စွဲခဲ့သည့် သေ့ဘောဘိုးစခန်းအား ပြန်လည်ရရှိရန် လုပ်ဆောင်နေသည်ဟု တပ်မဟာ (၆) နယ်မြေမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အရာရှိတစ်ဦးကလည်း ဆိုသည်။ယခုလက်ရှိ လေကြောင်းတိုက်ခိုက်မှုအပြင်၊ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့အင်အားမှာ တပ်ရင်း ၃ ရင်းစာ ခန့်ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။ 

“မြဝတီ-ဝေါလေ လမ်းပိုင်းက ဒီစခန်းကို ပြန်ရချင်လို့ ထိုးစစ်ဆင်နေတာတွေရှိတယ်။ ဒီရက်ပိုင်းက သူတို့အထိနာတဲ့ အပိုင်းဆို သူတို့လေကြောင်းသုံးတယ်။ လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းပစ်ကူကတော့ သူတို့လုပ်နေကျ။ ဒီအခြေ အနေတွေကြောင့် ဒေသခံတွေက ရှောင်ရတိမ်းရတဲ့အနေအထားဖြစ်နေတယ်” 

အဆိုပါ တပ်ရင်း ၃ ရင်းစာခန့်တွင် အမြှောက်တပ်ဖွဲ့ အမတ (၄၀၂) တပ်ရင်းတစ်ရင်းနှင့် အတွဲလိုက်ပစ်ကူသည့် တပ်ဖွဲ့ဒုံးတပ်ရင်း ဒတရ (၆၀၈) တစ်ခုပါဝင်နေသည်ဟု ထို KNLA  အရာရှိက ဆိုသည်။ 

နိုဝင်ဘာ ၁၅ ရက်ကလည်း စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံ၊ နည်းဗျူဟာ ၄၄၃ ၏ တပ်များသည် သေ့ ဘောဘိုးကျေးရွာအနီးသို့ စစ်ကြောင်းထိုးရန်ကြိုးစားခဲ့ရာ ကော်ဘရာစစ်ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့များနှင့် အပြင်းအထန် တိုက်ပွဲ ဖြစ်ခဲ့သည်။

ထိုင်းနိုင်ငံအတွင်း တရားဝင်လက်ခံဖွင့်လှစ်ထားသည့် ကရင်စစ်ဘေးရှောင်ဒုက္ခသည်စခန်း ၉ ခုရှိကြောင်းနှင့် စစ်ရှောင် အရေအတွက် တစ်သိန်းခွဲ အများဆုံး ရှိခဲ့ကြောင်း KNU မှရရှိသော အချက်အလက်များအရသိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချခဲ့သော KNU  ၏ နယ်မြေများတွင် တိုက်ပွဲများ ဖြစ်ပေါ်လာပြီးနောက် နေရပ်စွန့်ခွာ စစ်ပြေးရှောင်နေရသူ သုံးသိန်းဝန်းကျင်ရှိသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button