၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အကျဉ်းထောင်အတွင်း ဖြေဆိုအောင်မြင်ခဲ့သူများအား ဂုဏ်ပြုပွဲကို ရန်ကုန် အင်းစိန်ထောင်အတွင်း ယနေ့ (ဇွန်လ၁၉ရက်) နေ့လည်ပိုင်းတွင် ကျင်းပခဲ့သည်။
မြန်မာနိုင်ငံ၏ အကြီးဆုံးအကျဉ်းထောင်ဖြစ်သည့် အင်းစိန်ထောင်အတွင်းမှ အကျဉ်းသား ၃၂ဦးနှင့် အချုပ်သားတစ်ဦး စာမေးပွဲဝင်ဖြေရာတွင် ဂုဏ်ထူး သုံးဘာသာ တစ်ဦး၊ နှစ်ဘာသာ နှစ်ဦး၊ တစ်ဘာသာ လေးဦး အပါအဝင် ကျောင်းသား ၁၉ ဦး စာမေးပွဲ အောင်မြင်ခဲ့သည်။

၂ဝ၁၇ - ၂ဝ၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၄၇ ဦး စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သည် ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဆိုသည်။
၎င်းတို့အနက်မှ ၂၈ ဦးသည် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။


အကျဉ်းသားများ ပညာဆက်လက်သင်ကြားနိုင်ရေး အတွက် ၂ဝ၁၅ မှ စတင်ပြီး အကျဉ်းထောင်အတွင်း သီးသန့် စာသင်ဆောင်များ ထားရှိပေးပြီး အဝေးသင်တက္ကသိုလ်ပညာ သင်ကြားခွင့် ပြုထားကြောင်း အင်းစိန်ထောင်တာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးက Myanmar Now သို့ ဇွန်လ၁၆ရက်က ပြောသည်။


ယင်းကဲ့သို့အကျဉ်းသားများအား လူ့အခွင့်အရေးနှင့်အညီ ပညာသင်ကြားခွင့်ပေးနေသည့်အတွက် လူ့အခွင့်အရေးကော်မရှင်က အကျဉ်းဦးစီးဌာနကိုလည်း ချီးကျူးခဲ့သည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထောင်အတွင်းမှ ဖြေဆို အောင်မြင်ခဲ့သူများထဲမှ ပြစ်မှုသေး ကျူးလွန်ခဲ့သူတို့ ပြင်ပတွင် ပညာဆက်သင်နိုင်ရန် လွတ်ငြိမ်းခွင့် ပေးသင့်ကြောင်း လူ့အခွင့်အရေးကော်မရှင်က အကြံပြုထားသည်။
ပြီးခဲ့သည့်နှစ်က မန္တလေး၊ အိုးဘိုနှင့် ရန်ကုန် အင်းစိန်ထောင်များမှ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးဖြင့် အောင်ခဲ့သည့် အကျဉ်းသား ခုနှစ်ဦးကို နိုင်ငံတော်သမ္မတက လွတ်ငြိမ်းခွင့် ပေးခဲ့ သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












