သတင်း

VOA မြန်မာပိုင်းအကြီးအကဲ ဌာနတွင်း စစ်ဆေးခံနေရ 

အမေရိကန်ရှိ နိုင်ငံပိုင်သတင်းဌာန Voice of America (VOA) ၏ မြန်မာပိုင်းဌာန VOA Burmese ကို ကြီးကြပ်သူ ဦးသန်းလွင်ထွန်းသည် မြို့တော် ဝါရှင်တန်ဒီစီရှိ လုပ်ငန်းခွင်တွင် လုပ်ဖော်ကိုင်ဖက် အမျိုးသမီးများအပေါ်  လိင်ပိုင်းဆိုင်ရာအရ မသင့်တော်သောအပြုအမှုများ ကာလကြာရှည်ပြုမူခဲ့ သည်ဆိုသော တိုင်ကြားချက်ဖြင့် စုံစမ်းစစ်ဆေးခံနေရသည်ဟု သိရှိရသည်။

VOA Burmese သတင်းခန်းတွင် တာဝန်ထမ်းဆောင်နေသော မြန်မာအမျိုးသမီးတစ်ဦးက လွန်ခဲ့ သည့်သုံးလခန့်တွင် ဌာနတွင်း စတင်တိုင်ကြားခဲ့ကြောင်း၊ ထိုအမျိုးသမီးကို ကနဦး စုံစမ်းစစ်ဆေး မေးမြန်းမှုများပြုလုပ်ပြီးနောက် အသေးစိတ်စစ်ဆေးမှုများပြုလုပ်ရန် ဦးသန်းလွင်ထွန်းကို ယနေ့မှ စ၍ လုပ်ငန်းတာဝန်များနှင့် မပတ်သက်စေဘဲ ခွင့်ယူရန် အမိန့်ထုတ်ထားကြောင်း သိရှိရသည်။ 

ယခုကဲ့သို့ မယူမနေရ ခွင့်ကန့်သတ်ထားအချိန်အတွင်း ဦးသန်းလွန်ထွန်းအနေဖြင့် VOA သတင်း ဌာန၏ လုပ်ငန်းခွင်သို့ လာရောက်ခြင်းမပြုရန်နှင့် လုပ်ငန်းခွင်ရှိ ဝန်ထမ်းများနှင့်ပါ ဆက်သွယ်ခြင်း မပြုရန် ကန့်သတ်ခံထားရသည်။

မြန်မာပိုင်းအပါအဝင် VOA သတင်းဌာနတစ်ခုလုံးသည် အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာလုံး ဆိုင်ရာ မီဒီယာအေဂျင်စီဖြစ်သည့် US Agency for Global Media (USAGM) အဖွဲ့၏ အုပ်ချုပ်မှု အောက်တွင် ရှိပြီး၊ ဦးသန်းလွင်ထွန်းအပေါ် စုံစမ်းစစ်ဆေးမှုများကို USAGM တာဝန်ရှိသူများက ပြုလုပ်နေကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။ 

ဝါရှင်တန်ဒီစီရှိ VOA မြန်မာသတင်းဌာနတွင် ဝန်ထမ်းပေါင်း ၄၀ နီးပါးခန့်ရှိပြီး တစ်ဒါဇင်ကျော်မှာ အမျိုးသမီးများဖြစ်ကြောင်း သိရှိရသည်။ 

ဂျပန်အမျိုးသမီးတစ်ဦးနှင့် လက်ရှိအချိန်ထိ အိမ်ထောင်ပြုထားပြီး အရွယ်ရောက်ပြီး သားတစ်ဦးရှိ သည့် ဦးသန်းလွင်ထွန်းသည် လွန်ခဲ့သည့်နှစ်များက မြန်မာနိုင်ငံသို့လာရောက်ချိန်တွင် ယခင်စစ်အုပ် ချုပ်ရေးလက်ထက် ရန်ကုန်တိုင်းတိုင်းမှုးဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးခင်မောင်သန်း၏သမီး Hot News အပတ်စဥ်ဂျာနယ်ပိုင်ရှင် မမနှင့်ပတ်သက်သဖြင့် လူမှုကွန်ရက်တွင် ဝေဖန်ခံခဲ့ရသူဖြစ်သည်။

ထို့ပြင် ရန်ကုန်ရှိ မြန်မာအမျိုးသမီးတစ်ဦးကလည်း ဦးသန်းလွင်ထွန်းသည် ၎င်းကို အပျော်ကြံခဲ့ သည်ဟု Facebook လူမှုကွန်ယက်တွင် မကြာသေးမီနှစ်များက ဝေဖန်ရေးသားမှုများရှိခဲ့သည်။ 

သို့ရာတွင် ဦးသန်းလွင်ထွန်းအပေါ်လက်ရှိ စုံစမ်းစစ်ဆေးမှုသည် မြန်မာပြည်ရှိကိစ္စရပ်များနှင့် မဆိုင်ဘဲ VOA မြန်မာဌာနတွင်း အဖြစ်အပျက်များနှင့်သာ သက်ဆိုင်ကြောင်း သိရှိရသည်။ 

စုံစမ်းစစ်ဆေးမှုများနှင့် စပ်လျဥ်း၍အသေးစိတ်အချက်အလက်များ မသိရှိရသော်လည်း ၎င်းအား တိုင်ကြားချက်တွင် ဦးသန်းလွင်ထွန်းသည် လိင်ပိုင်းဆိုင်ရာအရ မသင့်တော်သည့် ပုံများကို ၎င်း၏ ဖုံးတွင်ထည့်ထားပြီး ထိုပုံများကို ဌာနတွင်းအမျိုးသမီးများအား လိုက်ပြလေ့ရှိသည်ဟူသော အချက်လည်းပါရှိသည်ဟု သိရှိရသည်။

ယခုကိစ္စနှင့်စပ်လျဥ်း၍ Myanmar Now က US Agency for Global Media (USAGM) အဖွဲ့ အမှုဆောင် အရာရှိချုပ် Amanda Bennet ထံ စာပို့မေးမြန်းခဲ့ရာ Myanmar Now ၏ မေးမြန်းချက်ကို VOA ရုံးချုပ် ပြည်သူ့ဆက်ဆံရေးဌာနသို့ လွှဲပေးခဲ့သည်။

VOA ၏ ပြည်သူ့ဆက်ဆံရေးဌာန ဒါရိုက်တာ Bridget Ann Serchak က “ကိုယ်ရေးကိုယ်တာ အကြောင်းအရာများနှင့် စပ်လျဉ်း၍ မှတ်ချက်ပေးရန် မရှိပါ” ဟု ယမန်နေ့ (နိုဝင်ဘာ ၁၈) တွင် တုံ့ပြန်သည်။

VOA မြန်မာဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း လက်ရှိကိစ္စရပ်များနှင့်ပတ်သက်၍ မေးမြန်းရာ ဦးသန်းလွင်ထွန်း “ခွင့်သွားနေတယ်” ဟုသာ ပြောဆိုသည်။ 

စုံစမ်းစစ်ဆေးနေမှုနှင့် ပတ်သက်၍ ဦးသန်းလွင်ထွန်းကို Myanmar Now က ဆက်သွယ် မေးမြန်းရာတွင် USAGM နှင့် VOA ကဲ့သို့ အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်အဖွဲ့ အစည်းတစ်ခု အတွက် တိုင်ကြားမှုတစ်စုံတစ်ရာရှိလာပါက ယခုကဲ့သို့ ဌာနတွင်း စုံစမ်းစစ်ဆေးမှုမျိုးမှာ ထူးခြားဖြစ် စဉ်မဟုတ်ဟု တုံ့ပြန်သည်။

“လက်ရှိကိစ္စရပ်အတွက် မှတ်ချက်ထပ်မံ မပေးလိုပါဘူး။ ဒါပေမဲ့ အရင်နဲ့ အခု စွပ်စွဲမှုတွေအားလုံးဟာ အခြေအမြစ် မရှိပါဘူးလို့ ပြောချင်ပါတယ်” ဟု ဦးသန်းလွင်ထွန်းက Myanmar Now ကို တုံ့ပြန်သည်။ 

ဦးသန်းလွင်ထွန်းအား မယူမနေရခွင့်ပေးထားသည့် ကာလအတွင်း ၎င်းနေရာတွင် ၎င်း၏ လက်ထောက်ဖြစ်သူ ဒေါ်ခင်စိုးဝင်းက စတင်တာဝန်ထမ်းဆောင်နေကြောင်း သိရှိရသည်။ 

နှစ်ပေါင်း ၃၀ ကျော် သတင်းထောက်အတွေ့အကြုံရှိသည့် ဦးသန်းလွင်ထွန်းသည် VOA ၌ ၂၀၀၄ ခုနှစ် တွင် စတင်လုပ်ကိုင်ခဲ့ကာ ယခင်က BBC သတင်းဌာန၌လည်း အသံလွှင့်သတင်းထောက်အဖြစ် ၁၀ နှစ်ကျော် လုပ်ကိုင်ခဲ့ဖူးကြောင်း VOA ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

Show More

Related Articles

Back to top button