သတင်း

ငါန်းဇွန်တွင် NLD အမာခံ ၅ ဦး အဖမ်းခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှ ပျူစောထီး ၇ ဦးကို ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုက ဖမ်းဆီးသွားပြီးနောက် အနီးအနားကျေးရွာများမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထောက်ခံသူ ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာ ၁၈ တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာနှင့် ကွေ့ကြီးရွာမှ NLD ထောက်ခံသည့် အမာခံ ၅ ဦးကို ယင်းနေ့ နံနက် ၂ နာရီဝန်းကျင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့သည်။ 

ဆုံရွာမှ အသက် ၄၈ နှစ်အရွယ် ဦးကံမြင့်၊ အသက် ၄၃ နှစ်အရွယ် ဦးကျော့၊ ဂွေ့ကြီးရွာမှ အသက် ၃၇ နှစ်အရွယ် ဦးဖိုးသစ်၊ အသက် ၄၇ နှစ်အရွယ် ဦးငွေမြင့်၊ အသက် ၅၈ နှစ်အရွယ် ဦးမြင့်ဌေးတို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

“သူတို့က NLD အမာခံထောက်ခံသူတွေ။ NLD (ရွေးကောက်ပွဲကာလတုန်းက) အောင်နိုင်ရေးတွေလာရင် ထမင်းကျွေးတာတို့ လုပ်တဲ့သူတွေတဲ့။ အဲဒီလို NLD အမာခံတွေကို ဖမ်းတာပါ” ဟု ငါန်းဇွန်မြို့နယ်မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းနေ့မတိုင်မီ နိုဝင်ဘာ ၁၇ ၊ နံနက် ၈ နာရီဝန်းကျင်တွင် ငါ့နန်းရွာ ရေလည်ကျွန်းအနီး ကင်းပုန်းဝပ်နေသည့် ဒေသခံကာကွယ်ရေးအဖွဲ့က ပေါက်တောချောင်ရွာမှ ပျူစောထီး ၇ ဦးကို ဖမ်းဆီးခဲ့သည်။ 

ထို ၇ ဦးသည် စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုများကို စစ်ကောင်စီထံ သတင်းပေးလေ့ရှိသည့်သူများဖြစ်ကြောင်း ပြောသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ 

ထို့နောက် စစ်တပ်က နယ်မြေထိစပ်နေသော အနီးအနားကျေးရွာများတွင် NLD အမာခံများကို ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် နိုဝင်ဘာ ၁၈ က စစ်ကိုင်းတိုင်းအတွင်း တွေ့ရသော ကာကွယ်ရေးအဖွဲ့ဝင်တချို့။ (ဓာတ်ပုံ- Myanmar Now) 

ပျူစောထီး ၇ ဦး ဖမ်းဆီးခံရပြီးနောက် ယမန်နေ့က မြင်းခြံမြို့နယ် မြစ်သာရွာကို စစ်တပ်က အင်အားချထားပြီး ဒေသခံများကို စစ်ဆေးမှုများပြုလုပ်နေခဲ့သည့်အပြင် ငါ့နန်းရွာမှ ကုန်မာဆိုင်တစ်ဆိုင်ကိုလည်း မွှေနှောက်၍ ပစ္စည်းများယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ 

“ရေတင်တဲ့စက်တို့၊ ကွန်ဒေါင်း (လယ်ထွန်စက်) တို့ပါ အကုန်ယူသွားတာ။ ကုန်မာဆိုင်ကနေ မနေ့ကပစ္စည်းတွေကို ဆက်ယူတဲ့အပြင် သေနတ်ခါးပင်တွေပါ လှဲယူသွားတာ” ဟု အထက်ပါ ဒေသခံက ပြောသည်။ 

ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ဒေသခံကာကွယ်ရေးအဖွဲ့များ အားကောင်းရာ မြောင်မြို့နယ်ကို ပြီးခဲ့သည့် ရက်ပိုင်းမှစတင်၍ စစ်ကြောင်းထိုးနေသည့်အတွက် မြစ်အရှေ့ဘက်ခြမ်းရှိ မြင်းခြံမြို့နယ်အတွင်း စစ်အင်အား တိုးမြှင့်ချထားကြောင်း ဒေသခံများထံမှ သိရသည်။ 

မြင်းခြံမြို့နယ် ဆီမီးခုံရေနက်ဆိပ်ကမ်းတွင် စစ်ကောင်စီတပ်ဖွဲ့များအခြေပြုတပ်စွဲထားပြီး မြစ်ကြောင်းတစ်လျှောက် အမြန်ရေယာဉ်ဖြင့် ကင်းလှည့်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။ 

“Speed Boat နဲ့ မြစ်ကြောင်းပတ်တာတွေ စစ်ခွေးတွေက လုပ်တယ်။ မြစ်တကြော လှုပ်မရ၊ ဝင်မရအောင် စစ်ခွေးတွေက မြစ်တစ်ကြော ကမ်းကပ်လို့ရမယ့် ရွာတိုင်းနီးပါး တပ်စွဲထားတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မြင်းခြံမြို့နယ် ဒေသခံတစ်ဦးကလည်း ပြောသည်။ 

ငါန်းဇွန်မြို့နယ်မှ ရေလည်သောင်၊ ပေါက်တောချောင်၊ မြင်းခြံမြို့နယ်မှ ဆုံရွာ၊ ကြည်ရွာ၊ ကိုင်း(တောင်)ရွာ၊ အနိမ့်၊ နယ်ခြား၊ မြောက်ကျွန်း၊ ညောင်တိုရွာ၊ လယ်သစ်ရွာတို့တွင် လက်နက်ကိုင် ပျူစောထီးများအားကောင်းရာ ကျေးရွာများဖြစ်ပြီး ကွေ့ကြီးရွာမှာ ပျူစောထီးသင်တန်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button