ဆောင်းပါး

ထောင်ဝမှာ ကြေမွသွားသည့် အမေကြည်၏ နောက်ဆုံးထောင်ဝင်စာ

လွန်ခဲ့သော တစ်လခန့် အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်အစောပိုင်းကဖြစ်သည်။ ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်းထောင် ထောင်ဝင်စာဌာနတွင် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်အချို့ ရောက်ရှိနေသည်။ ဗုဒ္ဓဟူးနေ့ဖြစ်ရာ နိုင်ငံရေးအကျဉ်းသားများ သီးသန့်ရုံးထုတ်မည့်နေ့လည်းဖြစ်သည်။

အကျဉ်းကျနေသူ မိသားစုဝင်များအတွက် ကောင်းနိုးရာရာ အစားအသောက်လေးများ ပို့ပေးနိုင်ရေး တန်းစီ စောင့်ဆိုင်းနေသူ အများစုမှာ အမျိုးသမီးများဖြစ်ကြသည်။​ ဆံပင်ခပ်တိုတို စလင်းဘတ်အိတ်လွယ်ထားသည့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသည်လည်း ခြေတကြွကြွဖြစ်နေသည်။ 

ဖွယ်ဖွယ်ရာရာစားစရာလေးများ ထည့်ထားသည့်ခြင်းကို ကိုင်လျက် ထောင်ဝင်စာပို့ရန် စောင့်ဆိုင်းနေသည့် အမျိုးသမီးကြီး၏အမည်မှာ အမေကြည်ဖြစ်သည်။ အမည်ရင်း ဒေါ်ကြည်ကြည်မြင့် (ခ) ဒေါ်ကြီးမြင့်ဖြစ်သော်လည်း အမေကြည်ဟုသာခေါ်ကြသည်။ သူ့ခြင်းထဲတွင် သားဖြစ်သူ ကြိုက်တတ်သည့် အုန်းနို့ခေါက်ဆွဲထုပ်လေးလည်း ပါသည်။

အမေကြည်၏သားမှာ အင်းစိန်ထောင်၌ အကျဉ်းကျခံနေရသည့် ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းစ်ဖြစ်ပြီး နာမည်အရင်းမှာ အောင်သန့်စင်ဦးဖြစ်သော်လည်း ကိုဂျိမ်းစ်ဟုသာ ခေါ်ကြသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်သည့် ကိုဂျိမ်းစ်ကို ပြီးခဲ့သည့် ဇွန်လအတွင်း အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးကာ အင်းစိန်ထောင်ပို့ခဲ့သည်။ အသက် ၃၇ အရွယ် လူငယ်မှာ ထောင်သုံးကြိမ်ကျဖူးပြီးဖြစ်သည်။ 

ထောင်အကြိမ်ကြိမ်ကျခဲ့ရသည့် သားဖြစ်သူအတွက် ရပ်ကွက်ထဲတွင် ထမင်းဆိုင်ဖွင့်ရင်း ထောင်ဝင်စာ မပျက်မကွက်ပို့ခဲ့သူ အမေကြည်မှာ ယခုတစ်ကြိမ်တွင်လည်း ထောင်ဝင်စာပို့ရန် အင်းစိန်ထောင်ရောက်ရှိနေခြင်းဖြစ်သည်။ သို့ရာတွင် ထိုနေ့က သားဖြစ်သူ ကိုဂျိမ်းစ်အတွက် နောက်ဆုံးအကြိမ် ထောင်ဝင်စာပို့ရခြင်းဖြစ်သည်ကိုမူ အမေကြည် သိရှိနိုင်တော့မည် မဟုတ်ပေ။

အငြင်းပွားဖွယ်ရာ ပေါက်ကွဲမှုတွင် သားကောင်ဖြစ်ရသူ

ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရသည့် အင်းစိန်ထောင် ထောင်ဝင်စာလက်ခံဌာန အဆောက်အအုံအတွင်းပိုင်း။​

အမေကြည် အပါအဝင် အမျိုးသမီးတစ်စု ထောင်ဝင်စာပို့ရန် စောင့်ဆိုင်းနေစဉ် နံနက် ၉ နာရီ ခွဲအချိန်ခန့်တွင် ရုတ်တရက် အုန်းခနဲဆိုသော ပေါက်ကွဲသံထွက်လာသည်။ တစ်ဆက်တည်းမှာပင် မလှမ်းမကမ်းရှိ လုံခြုံရေးဘန်ကာမှ ပစ်ခတ်လိုက်သော သေနတ်သံများလည်း အဆက်မပြတ် ထွက်လာသည်။​

ဗုံးနှစ်လုံးဆင့်ပေါက်ကွဲပြီးနောက် လုံခြုံရေးယူထားသည့် လက်နက်ကိုင်များက တရစပ်ပစ်ခတ်ခဲ့ရာ ထောင်ဝင်စာလက်ခံရာအဆောက်အအုံအတွင်း ရှိနေသူများ အတုံးအရုံးဖြစ်သွားသည်။ 

ဖြစ်စဉ်ကြောင့် အကျဉ်းထောင်ဝန်ထမ်း သုံးဦးအပါအဝင် ထောင်ဝင်စာလာပို့သူ ငါးဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသည်။ ပြန့်ကျဲနေသော မှန်ကွဲစများနှင့်အတူ သွေးသံရဲရဲဖြင့် ရုပ်အလောင်းပုံများလည်း ချက်ချင်းပေါ်ထွက်လာသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှုများအနက် အလွန် အရုပ်ဆိုး အကျည်းတန်သော ဖြစ်ရပ်တစ်ခုပင်။  

မြို့ပြပြောက်ကျားအဖွဲ့များက စစ်ကောင်စီဘက်တော်သားများကို ပစ်မှတ်ထားတိုက်ခိုက်ရာတွင် မတော်တဆ အရပ်သားသေဆုံးမှုများလည်း ရှိသည်။ အောက်တိုဘာ ၁၉ ရက်နေ့က အင်းစိန်ထောင်ပေါက်ကွဲမှုမှာမူ အဆိုးရွားဆုံးဖြစ်သည်။ 

သို့သော် မည်သည့်အဖွဲ့အစည်း၏လက်ချက်ဖြစ်သည်ဟု တပ်အပ်မပြောနိုင်သော အငြင်းပွားဖွယ်ရာ တိုက်ခိုက်မှုလည်းဖြစ်သည်။​ ပေါက်ကွဲမှုအပြီး တော်လှန်ရေးအဖွဲ့တစ်ခုက ၎င်းတို့လက်ချက်ဖြစ်ကြောင်း၊ အကျဉ်းထောင်တာဝန်ရှိသူများကို ရည်ရွယ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ကြေညာခဲ့သော်လည်း အပြည့်အဝလက်ခံ ယုံကြည်မရပေ။ 

အကြောင်းမူကား လုံခြုံရေးအထူးတင်းကျပ်ထားသည့် အင်းစိန်ထောင်ကဲ့သို့သော နေရာ၌ ဗုံးဖောက်ခွဲရန် မလွယ်ကူလှပေ။ ထို့အတူ ထောင်အကြီးအကဲများကို ထိခိုက်နိုင်ခြေမရှိသော ထိုတိုက်ခိုက်မှုကို တော်လှန်ရေးအဖွဲ့များက အဆင်အခြင်မဲ့လုပ်မည်လော၊ နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်မှုများအပြင် ဘက်ပေါင်းစုံဖိအားများကို ရင်ဆိုင်နေရသည့် စစ်ဗိုလ်ချုပ်များ၏ အကြံအစည်ကင်းလွတ်မည်လော ဆိုသည်မှာလည်း စဉ်းစားဖွယ်ရာပင်။

အငြင်းပွားဖွယ် အင်းစိန်ထောင်ပေါက်ကွဲမှုနှင့် ပတ်သက်၍ ကျူးလွန်သူများအနက် အချို့ကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း စစ်ကောင်စီက မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် အပြစ်မဲ့ အရပ်သားပြည်သူ ၈ ဦးသေဆုံးခဲ့ရပြီဖြစ်သည်။ ထောင်ဝင်စာလာပို့ရင်း သေဆုံးရသူများတွင် ကိုဂျိမ်းစ်၏အမေ အမေကြည်လည်း ပါသည်။ တခုတ်တရသယ်လာသည့် အုန်းနို့ခေါက်ဆွဲထုပ်လေး သားထံ ရောက်မသွားပေ။ 

သားဖြစ်သူလိုက်ပို့ခွင့်မရသော အမေကြည့်နောက်ဆုံးခရီး 

အင်းစိန်ထောင်တွင်း အချုပ်ခန်း၌ ရှိနေသည့် ကိုဂျိမ်းစ်တစ်ယောက် ထောင်ဝင်စာဌာနတွင် ပေါက်ကွဲဖြစ်သည့်အကြောင်း သိရပြီးနောက် ထောင်မှူးဖြစ်သူကို အကူအညီတောင်းခံခဲ့သည်။ သေဆုံးသွားသူများတွင် အမေကြည်ပါသွားသည်ဆိုသော သတင်းကို အတည်ပြုပေးရန် တောင်းဆိုခဲ့သည်။​

ထောင်တာဝန်ရှိသူ၏ အတည်ပြုချက်အရ အမေကြည် သေဆုံးသွားသည်မှာ သတင်းအမှား မဟုတ်ခဲ့ပေ။ နောက်ဆက်တွဲလိုလားချက်ကို တောင်းဆိုခဲ့သော်လည်း အချည်းနှီးသာ။ 

“ဟုတ်တယ်ဆိုပြီး အတည်ပြုတယ်။ အဲ့တော့ ဂျိမ်းစ်က အမေကြည့်အသုဘပို့ဖို့ တောင်းဆိုတယ်။ ဈာပနပွဲကို သူတို့ဘက်က လုံခြုံရေးမပေးနိုင်ဘူးလို့ ပြောတယ်” ဟု ကိုဂျိမ်းစ်၏ အရင်းနှီးဆုံး သူငယ်ချင်းတစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမင်းသွေးသစ်က ပြောသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစုသုသာန်တွင် ပြုလုပ်ခဲ့သော အမေကြည်၏ နာရေးအခမ်းအနား။​

ကိုမင်းသွေးသစ်နှင့် ကိုဂျိမ်းစ်တို့နှစ်ဦးလုံးမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) အဖွဲ့ဝင်ဟောင်းများဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားမှုများတွင်လည်း အတူလက်တွဲခဲ့သူများဖြစ်သည်။

အင်းစိန်ထောင်ပေါက်ကွဲတွင် အသက်ဆုံးရှုံးခဲ့ရသူ အမေကြည်နှင့် ပတ်သက်၍ ထောင်အာဏာပိုင်များက မိသားစုဆွေမျိုးများထံ တစ်စုံတစ်ရာ အသိပေးအကြောင်းကြားခြင်း မရှိပေ။ အမေကြည့်ဖုန်းကို ဆက်သွယ်မရသဖြင့် လိုက်လံစုံစမ်းချိန်တွင် ရေခဲတိုက်၌ အမည်မသိ အမျိုးသမီးရုပ်အလောင်နှစ်လောင်းရှိနေသည်ဆို၍ သွားရောက်ကြည့်ရှုမှသာ အမေကြည်ဖြစ်နေမှန်း သိခဲ့ရခြင်းပင်။

အမေကြည်အပါအဝင် အင်းစိန်ထောင်ပေါက်ကွဲမှုတွင် သေဆုံးခဲ့သူများ၏ နောက်ဆုံးခရီးတွင် ကိုဂျိမ်းစ်နည်းတူ မိသားစုဝင် နိုင်ငံရေးအကျဉ်းသားများ လိုက်ပါပို့ဆောင်ခွင့် မရခဲ့ပေ။ ဈာပနလိုက်ပို့ခွင့်ရရန် တောင်းဆိုသော်လည်း လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်ကောင်စီက ငြင်းပယ်ခဲ့သည်။

အမေကြည်၏ နောက်ဆုံးခရီးတွင် အင်းစိန်ထောင်၌ အကျဉ်းကျခံနေရသူ ကိုဂျိမ်းစ်သာမက မည်သည့်မိသားစုဝင်မျှ လိုက်ပါပို့ဆောင်ခွင့် မရခဲ့ပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် သားကြီးဖြစ်သူက အဖမ်းခံရကာ အင်းစိန်ထောင်ရောက်သည်၊ နောက်သားငယ်က အရပ်တစ်ပါးကို ထွက်ပြေးတိမ်းရှောင်ရသည်။ တစ်ဦးတည်းသော ချွေးမဖြစ်သည့် ကိုဂျိမ်းစ်ဇနီးသည်လည်း ကလေးများနှင့်အတူ လွတ်မြောက်နယ်မြေကို ထွက်ပြေးတိမ်းရှောင်နေရသည်။ အမျိုးသားဖြစ်သူမှာ လွန်ခဲ့သော ၁၇ နှစ်ကျော် ၂၀၀၅ ခုနှစ်ကပင် ဆုံးပါးသွားခဲ့ပြီဖြစ်သည်။​

အကြိမ်ကြိမ်ထောင်ချခံရသူ သားကြီး 

အမေကြည်မှာ ကွယ်လွန်ချိန်တွင် အသက် ၅၅ နှစ်သာ ရှိသေးသည်။ အိမ်ထောင်ဖက် အမျိုးသားမရှိတော့သည့်အပြင် ကျန်မိသားစုဝင်များနှင့် တကွဲတပြားစီဖြစ်နေသော်လည်း အမေကြည်က တစ်ဦးတည်း လှုပ်ရှားရုန်းကန်ရင်း အကျဉ်းကျနေသူ သားကြီးအတွက် မမောနိုင်မပန်းနိုင် ထောင်ဝင်စာပို့နေသူဖြစ်သည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ သားအတွက် အမေကြည်ထောင်ဝင်စာပို့နေရသည်မှာ လွန်ခဲ့သော ၁၅ နီးပါးကတည်းကပင်။

“၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကစလို့ အမေကြည်က အဲ့တစ်လျှောက်လုံးမှာ ဂျိမ်းစ် အကြိမ်ကြိမ် ထောင်ပဲ ကျကျ၊ တရားရုံးပဲ ရောက်ရောက်၊ စစ်ကြောရေးပဲ ရောက်ရောက်၊ အချုပ်ပဲ ရောက်ရောက် ဘယ်လောက်ဝေးဝေး နေရာအစုံကို လိုက်တယ်။ သူ့သားအတွက် ထောင်ဝင်စာကို အမြဲ သူပဲ တွေ့ခဲ့တာပါ” ဟု အမေကြည်၏ မိသားစုဝင်တစ်ဦးက ဆိုသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဂျိမ်းစ်ကို ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ကောင်စီက ဖမ်းဆီးကာ အင်းစိန်ထောင်ပို့ခဲ့သည်။

အမေကြည်သည် နိုင်ငံရေးကို နားမလည်သော်လည်း သားဖြစ်သူ ကိုဂျိမ်းစ်၏ ရပ်တည်ချက်နှင့် ခံယူချက်ကို လက်ခံကာ အမြဲတစေထောက်ပံ့ခဲ့သူဖြစ်သည်။ 

“သားဖြစ်သူအပေါ်မှာ မိခင်တစ်ယောက်အနေနဲ့ အပြည့်အဝပါရမီဖြည့်ဖို့ ကြိုးစားတယ်။ သားရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေအပေါ်  ကန့်ကွက်တာ၊ တားမြစ်တာမျိုးမရှိဘဲ သူတတ်နိုင်သလောက် အမြဲပံ့ပိုးပေးတယ်” ဟု အမေကြည်၏ မိသားစုဝင်က ဆိုသည်။

၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သော ရွှေဝါရောင်သံဃာ့အရေးအခင်းတွင် ဗကသကျောင်းသားတစ်ဦးဖြစ်သူ ကိုဂျိမ်းစ်လည်း ပါဝင်ခဲ့သည်။ ရွှေဝါရောင်အရေးအခင်းတွင် ပါဝင်သူများကို အာဏာပိုင်များက လိုက်လံဖမ်းဆီးစဉ် ပုန်းရှောင်နိုင်ခဲ့သော်လည်း နောက်နှစ်တွင် ဖမ်းဆီးခံရသည်။

နိုင်ငံရေးလှုပ်ရှားမှုဖြင့် ပထမဆုံးအကြိမ် အဖမ်းခံရစဉ်က ကိုဂျိမ်းစ်မှာ အသက် ၂၂ နှစ်ရွယ်သာ ရှိသေးသည်။ ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၁၄၃၊ ၁၄၅၊ အသင်းအဖွဲ့ဥပဒေပါ ပုဒ်မ ၆၊ ၇ တို့ဖြင့် တရားစွဲခံရကာ ထောင်ဒဏ်လေးနှစ် ချမှတ်ခံရသည်။ ၂၀၁၁ ခုနှစ်အကုန်ပိုင်းတွင် တောင်ငူအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ပြီး ဗကသများအဖွဲ့ချုပ်တွင် ပါဝင်လှုပ်ရှားခဲ့သည်။

သို့သော် နောက်လေးနှစ်အကြာ ၂၀၁၅ ခုနှစ်တွင် ကိုဂျိမ်းစ်တစ်ယောက် ထပ်အဖမ်းခံရပြန်သည်။​ အာဏာပိုင်များက အတင်းအကျပ် ပြဋ္ဌာန်းလိုက်သော အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်သောအားဖြင့် မန္တလေးမြို့မှ ရန်ကုန်အထိ ချီတက်ဆန္ဒပြနေသည့် ကျောင်းသားလူငယ်များ လက်ပံတန်းမြို့အရောက် အကြမ်းဖက်ဖြိုခွင်းခံရစဉ် ကိုဂျိမ်းစ်လည်း အဖမ်းခံရသည်။ သူက ထိုဆန္ဒပြလှုပ်ရှားမှုများတွင် ဗဟိုကော်မတီဝင်ဖြစ်သည်။​

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်ခြင်းဆိုင်ရာ ဥပဒေပါ ပုဒ်မ ၅၀၅ (ခ) ဖြင့် ခြောက်လကြာ တရားရင်ဆိုင်ခဲ့ရပြီးနောက် အရပ်သားအစိုးရဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်အရောက်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။ 

သို့သော် ၂၀၁၅ ခုနှစ်က နောက်ဆက်တွဲအမှုတစ်ခုဖြစ်သော လဝကအက်ဥပဒေပါ မှတ်ပုံတင်အတု ကိုင်ဆောင်မှုဖြင့် ၂၀၂၀ တွင် ထပ်မံအရေးယူခံရပြန်သည်။ ထောင်ဒဏ်ခြောက်လ ချမှတ်ခံရရပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် လွတ်မြောက်ခဲ့သည်။

စစ်တပ်က အာဏာမသိမ်းမီရက်ပိုင်းအလိုတွင် တတိယအကြိမ် ထောင်မှ လွတ်လာသော်လည်း ကိုဂျိမ်းစ်တစ်ယောက် စစ်အာဏာရှင်များ၏စက်ကွင်းမှ အမှန်တကယ် မလွတ်မြောက်ခဲ့ပေ။ ယခုနှစ် ဇွန်လတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည်။ လေးကြိမ်မြောက် အကျဉ်းထောင်ရောက်ပြီး ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မ ၅၀ (ည) တို့ဖြင့် အမှုရင်ဆိုင်နေရသည်။

“ဒီတစ်ခေါက်ဖမ်းဆီးခံရတော့ ပိုပြီး ထိထိခိုက်ခိုက်ဖြစ်တယ်။ သားဖြစ်သူရဲ့ စစ်ကြောရေးအတွေ့အကြုံတွေ၊ အချုပ်ခံရတဲ့အခြေအနေတွေ သူပြန်သိရတော့ သူ့သားအပေါ် ပိုပြီး စိတ်မကောင်းဖြစ်ရတယ်” ဟု အမေကြည် ကြုံတွေ့ခံစားရပုံအကြောင်း မိသားစုဝင်က ဆိုသည်။

လောကဓံကို မဖြုံစတမ်းရင်ဆိုင်ခဲ့သူ 

သားဖြစ်သူ ကိုဂျိမ်းစ်တစ်ယောက် မတရားဖမ်းဆီးချုပ်နှောင်ခံရတိုင်း ဝမ်းနည်းစရာဖြစ်ရပ် တစ်ခုမဟုတ်တစ်ခုဖြင့် အမေကြည်ကြုံရလေ့ရှိသည်။

ဒုတိယအကြိမ် ကိုဂျိမ်းစ်ဖမ်းဆီးခံရစဉ်က အမျိုးသားဖြစ်သူ ဆုံးပါးသွားခဲ့သည်။ ၂၀၂၀ က တတိယအကြိမ် အဖမ်းခံရချိန်တွင် ချွေးမဖြစ်သည့် ကိုဂျိမ်းစ်၏ဇနီးမှာ ဒုတိယကိုယ်ဝန်ဖြင့် ကျန်ရစ်ခဲ့သည်။ သူ့ဇနီးမှာ လူသိများသူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် မဖြိုးဖြိုးအောင်ပင်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလကတည်းက နိုင်ငံရေးလှုပ်ရှားမှုများတွင် အတူလက်တွဲရင်း ဖူစာဆုံခဲ့ကြသူများဖြစ်သည်။ ထိုစဉ်က ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကို စိုင်းပြင်းခဲ့သူ ကျောင်းသားလူငယ်များတွင် ကိုဂျိမ်းစ်၊ မဖြိုးဖြိုးအောင်၊ ကိုစည်သူမောင်၊ ကိုမင်းသွေးသစ်တို့ ပါဝင်ခဲ့ကြသည်။

“၂၀၀၇ ရွှေဝါရောင်မှာ ဂျိမ်းစ်၊ ဖြိုးဖြိုးအောင်နဲ့ ဒီငြိမ်းလင်းတို့က အပေါ်လိုင်းကနေ သွားတယ်။ ကျွန်တော်တို့က အောက်လိုင်းက သွားတယ်။ အပေါ်လိုင်းက ထွက်တဲ့သူတွေ အဖမ်းခံရရင် ကျန်တဲ့ အောက်လိုင်းကသူတွေက ဗကသအလံကို ဆက်သယ်ဖို့ပေါ့” ဟု တစ်ချိန်က နိုင်ငံရေးလှုပ်ရှားမှုအကြောင်း ကိုမင်းသွေးသစ်က ပြန်ပြောင်းပြောပြသည်။

“ရွှေဝါရောင်တော်လှန်ရေးမှာ ဗကသအလံလွှင့်တော့ ကျွန်တော်က သူ့ဘေးမှာ ရှိတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် မသိချင်ယောင်ဆောင်ပြီးတော့ နေခဲ့ကြတယ်”

ရွှေဝါရောင်အရေးအခင်းတွင် ပါဝင်ခဲ့သဖြင့် တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်ရင်း လွတ်မြောက်နေခဲ့သော်လည်း ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး ပုန်းခိုနေရာမှ ထွက်ကာ ဧရာဝတီတိုင်းကို ကူညီကယ်ဆယ်ရေး သွားလုပ်ကိုင်စဉ် ကိုဂျိမ်းစ်နှင့် မဖြိုးဖြိုးအောင်တို့ အဖမ်းခံရသည်။​

“အလောင်းတွေကောက်ပြီး ကူညီကယ်ဆယ်ရေးတွေလုပ်ရင်းနဲ့ ဂျိမ်းစ်နဲ့ ဖြိုးဖြိုးတို့ ဘိုကလေးမြို့အဝင်ဂိတ်မှာ အဖမ်းခံရတယ်။ ဗကသတွေ အလောင်းလာမြှုပ်ပေးနေတယ်ဆိုပြီး သတင်းကြားလို့ ဆိုပြီးဖမ်းတာ” ဟု ကိုမင်းသွေးသစ်က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် အဖမ်းခံရသူ သားကြီး ကိုဂျိမ်းစ်၊ ထွက်ပြေးတိမ်းရှောင်နေရသည့် သားငယ်နှင့် ချွေးမမိသားစုတို့အတွက် အမြဲပင်စိတ်ပူနေရသော်လည်း အမေကြည်တစ်ယောက် မညည်းမညူဘဲ တတ်နိုင်သမျှဖြည့်ဆည်းပေးခဲ့သည်။​

“အန်တီက အေးတယ်။ စကားလည်း သိပ်မပြောဘူး၊ ပြုံးပြုံးပြုံးပြုံးနဲ့။ ကျွန်တော်တို့က သူငယ်ချင်းတွေ မိဘတွေကို အမေဆိုအမေ အဖေဆိုအဖေ လိုက်ခေါ်ကြတယ်။ ဂျမ်းစ်ခေါ်သလို အမေကြည်လို့ လိုက်ခေါ်ကြတယ်။ အန်တီကြည်ဆိုင်က ပဲတီချဉ်ဖတ်ဆို ကျွန်တော်တို့ အိမ်ထိသယ်ခဲ့ကြတာ” ဟု ကိုမင်းသွေးသစ်က ပြောသည်။

သားဖြစ်သူ၏ သူငယ်ချင်းမိတ်ဆွေများ တသသရှိနေသည့် အမေကြည့်ဆိုင်မှာ ထမင်းဆိုင်ဖြစ်သည်။ ယောက်ျားသားမရှိတော့သည့်နောက်ပိုင်း ထမင်းဆိုင်လေးဖွင့်ကာ ရုန်းကန်နေသူဖြစ်သည်။ ၂၀၀၆ ခုနှစ်လောက်ကတည်းက ရပ်တည်ခဲ့သော အမေကြည့်ထမင်းဆိုင်လေးမှာ အာဏာသိမ်းပြီးနောက် ဆက်မဖွင့်နိုင်တော့ပေ။

အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခံရသည့် သားကြီးအတွက်သာမက အမျိုးစုံသော လောကဓံ၏ထိုးနှက်ချက်များကို အမေကြည်က မဖြုံစတမ်းရင်ဆိုင်ခဲ့သူဖြစ်ကြောင်း ကိုဂျိမ်းစ်၏  မိတ်ဆွေရင်းချာတစ်ဦးဖြစ်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမိုးဃ်သွေးက ဆိုသည်။​

“သားဖြစ်သူ နိုင်ငံရေးလုပ်တဲ့ကိစ္စမှာ အမေကတော့ တကယ့်ကို နောက်တန်းအမာခံထောက်ပံ့ရေးလို ဖြစ်တာပေါ့။ အဲဒီအတွက် ဗျာပါဒတွေများရတာပေါ့။ တရားရုံးတကာတရားရုံးတွေ လိုက်ပေးတယ်။ ရဲစခန်းဆိုလည်း ရဲစခန်းလိုက်ရတာ”

မဖြိုးဖြိုးအောင် ဒုတိယရင်သွေး မွေးဖွားချိန်တွင် သားဖြစ်သူ အနားတွင်ရှိမနေသော်လည်း အမေကြည်သည် ချွေးမဖြစ်သူနှင့် မြေးလေးများအတွက် မားမားမတ်မတ်ရှိနေပေးခဲ့သည်။

ပြီးခဲ့သည့်ဇွန်လအတွင်း ကိုဂျိမ်းစ်တစ်ယောက် နောက်ဆုံးအကြိမ်အဖမ်းခံရစဉ်က နှစ်နှစ်အရွယ် မြေးငယ်ဖြစ်သူကိုပါ စစ်တပ်က ခေါ်ဆောင်သွားခြင်းဖြစ်သည်။ မြေးငယ်လေးပြန်ရရေး အမေကြည်ကြိုးစားခဲ့ရပြီး နှစ်ရက်အကြာတွင် ပြန်ရခဲ့သည်။​

“အဲဒီအချိန်တော့ အမေစိတ်မကောင်းဖြစ်တာပေါ့နော်။ မြေးလေးပြန်ရပေမဲ့ သူ့သားဖြစ်သူ ပြန်မပါလာတဲ့အတွက် သူဝမ်းနည်းခဲ့တယ်” လို့ ကိုဂျိမ်းစ်၏မိသားစုဝင်က ပြောသည်။

ကိုဂျိမ်းစ် အဖမ်းဆီးခံလိုက်ရပြီးနောက် လုံခြုံရေးအတွက် လွတ်မြောက်နယ်မြေကို ထွက်လာရန် သားဖြစ်သူ၏ မိတ်ဆွေသူငယ်ချင်းများက တိုက်တွန်းသော်လည်း အမေကြည်လက်မခံခဲ့ပေ။​ သားကြီးဖြစ်သူနှင့် အနီးဆုံးဖြစ်သော ရန်ကုန်မြို့တစ်နေရာတွင်သာ ဆက်နေခဲ့သည်။

“လွတ်မြောက်နယ်မြေကို ထွက်လာဖို့ ပြောတာ။ ပထမတော့ အမေ စဉ်းစားဦးမယ်ဆိုပြီး။ နောက်ဆုံးကျ သူမလာတော့ဘူး။ သူ့သားအတွက် ဒီမှာပဲ ဆက်ရှိနေမယ်ဆိုပြီး ပြန်ပြောတာ။ အဲဒီလိုပြောပြီး တစ်ပတ်လောက်အကြာမှာ ဒီကိစ္စကြီးကြုံရတာပါပဲ” ဟု လွတ်မြောက်နယ်မြေရောက် ကိုဂျိမ်းစ်၏ သူငယ်ချင်း ကိုမင်းသွေးသစ်က ပြောသည်။ 

သားဖြစ်သူကြိုက်တတ်သည့် အုန်းနို့ခေါက်ဆွဲထုပ်လေးနှင့် ကောင်းနိုးရာရာ စားစရာများ သွားပို့ရင်း အောက်တို ဘာ ၁၉ ရက်နေ့က ထောင်ဝင်စာမှာ နောက်ဆုံးဖြစ်မည်ကို ကိုဂျိမ်းစ်ရော အမေကြည်ပါ ကြိုမသိနိုင်ခဲ့ကြပေ။ 

ဗုံးပေါက်ကွဲစဉ် လုံခြုံရေးဘန်ကာမှ ပစ်ခတ်လိုက်သော သေနတ်ကျည်ဆန်များက အမေကြည်၏ ဘယ်ဘက်နံရိုးမှတစ်ဆင့် နှလုံးနေရာကို ထိုးဖောက်ဝင်ရောက်ခဲ့သည်။ ဘယ်ဘက်မျက်လုံးအထက် နားထင်တစ်ဝိုက်ကိုလည်း ထိမှန်ခဲ့သည်။

အမေကြည်တစ်ယောက် သားရှိရာ အင်းစိန်ထောင်သွားပြီး နောက်တစ်ခေါက် ထောင်ဝင်စာ မပို့နိုင်တော့ပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button